စည်သူအောင်မြင့် (ဆောင်းပါး)
ကိုးကန့်နယ်မြေ လောက်ကိုင်မှာ တိုက်ပွဲကြီးတွေပြန်ဖြစ်ပြီး ဒေသခံတွေနေရပ် စွန့်ခွာ ထွက်ပြေးနေကြရပါပြီ။ မြန်မာ့ တပ်မတော်ရဲ့ သတင်းထုတ်ပြန်ချက်အရ တပ်မတော်သား အရာရှိ၊ စစ်သည်နဲ့ ရဲတပ်ဖွဲ့ဝင် အယောက် ၅ဝ ကျော် ကျဆုံး၊ အယောက် ၇ဝ ကျော် ဒဏ်ရာရ၊ ရဟတ်ယာဉ်နဲ့ တိုက်လေယာဉ်တွေ ပစ်ကူပေးရသည်အထိ ဖြစ်ပွားခဲ့တာမို့ ကြီးမားတဲ့ တိုက်ပွဲတွေလို့ သတ်မှတ်နိုင်ပါတယ်။ ပြီးခဲ့တဲ့လပိုင်း လောက်က တရုတ်ကွန်မြူနစ် ပါတီအာဘော် ဂလိုဘယ်လ်တိုင်းမ် သတင်းစာမှာ ကိုးကန့်ခေါင်းဆောင် ဟောင်းဖုန်ကြားရှင်ရဲ့ အင်တာဗျူးကို ဖော်ပြပေးတာ၊ ဖုန်ကြားရှင်က
သူ့နေရပ်ကိုးကန့် ပြန်မယ် (ပြန်တိုက် ခိုက်ရယူမယ်) ဆိုပြီး ပြောခဲ့တာ၊ ကချင်ပြည်နယ်မှာ တရုတ်နိုင်ငံသား သစ်ခိုးထုတ်သူ ၁ဝဝ ကျော်ကို ဖမ်းဆီး၊ သစ်တင်ကားနဲ့ ယာဉ် ယန္တရား ၅ဝဝ နီးပါး သိမ်းခဲ့တဲ့ ဖြစ်စဉ်ဖြစ်ပွားခဲ့တာ၊ နောက်ဆုံး အခု ကိုးကန့်နယ်မြေထဲမှာ တိုက်ပွဲကြီးတွေ ဖြစ်ပွားခဲ့တာမို့ ဒီဖြစ်စဉ်နောက်ကွယ်မှာ တရုတ်အစိုးရ ရှိနေသ လားဆိုပြီး ပြည်သူတွေ သံသယပွားကြတာပါ။ ဒီအတွက် မြန်မာပြည် ပြည်တွင်းစစ်သမိုင်းမှာ တရုတ်အစိုးရ၊ တရုတ်ကွန်မြူနစ်ပါတီ ဘယ်လိုပတ်သက်ခဲ့လဲ ကြည့်ရအောင်ပါ။
၁၉၆၇ ခု၊ ဇွန်လမှာ တရုတ်-ဗမာအဓိ ကရုဏ်းတွေ ဖြစ်ပွားပါတယ်။ မြန်မာပြည်ထဲနေထိုင်တဲ့ တရုတ်လူမျိုးတွေ တိုက်ခိုက်၊ သတ်ဖြတ်ခံရပါတယ်။ အဲဒီအထဲ တရုတ်စီးပွားရေး သံရုံးတောင် ပါဝင်ပါတယ်။ ဒီဖြစ်ရပ်ကို တရုတ်အစိုးရနဲ့ တရုတ်ကွန်မြူနစ်ပါတီ အလွန်စိတ်ဆိုးပါတယ်။ ၁၉၆၈ ခု၊ ဇန်နဝါရီလ ၁ ရက်မှာ တရုတ်တွေဟာ ရှမ်းပြည်နယ်ထဲကို ဝင်ရောက်ကျူးကျော်ပါတယ်။ တရုတ်အမြဲတမ်းတပ်တွေက ဝင်ရောက် တိုက်ခိုက်တာမျိုး မဟုတ်ဘဲ၊ ဗမာပြည် ကွန်မြူနစ်ပါတီ ဗကပအလံထောင်၊ တရုတ်ပြည်ထဲ ရောက်နေတဲ့ ဗကပ ကေဒါတွေ၊ ပြည်တွင်းစစ်ကြောင့် ထွက်ပြေးတိမ်းရှောင်သွားတဲ့ ကချင်စစ်ဗိုလ် နော်ဆိုင်းတပ်က ရဲဘော်ဟောင်းတွေနဲ့ ဖုန်ကြားရှင်ဦးဆောင်တဲ့ ကိုးကန့်သူပုန်တချို့ကို ရှေ့တန်းတင်ပြီး တရုတ်လူမျိုးစု တပ်ဖွဲ့နဲ့ တရုတ်အပျော်တမ်း တပ်ဖွဲ့တွေက ဝင်တိုက်တာပါ။
နိုင်ငံတကာမှာတော့ တရုတ်အစိုးရက ကျူးကျော်တာ မဟုတ်ပါဘူး၊ တရုတ်ကွန်မြူ နစ်ပါတီက ဗမာကွန်မြူ နစ်ပါတီကို ကူညီ တာပါလို့ ပြောပါတယ်။ အဲဒီအချိန်တုန်းက တရုတ်နိုင်ငံဟာ လူသူလက်နက်အင်အား စက်ယန္တရားနဲ့ စားရေရိက္ခာအားလုံး အသုံးပြုပြီး မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်၊ ကျူးကျော်ခဲ့တာပါ။ အကျိုးဆက်အဖြစ် တရုတ်နယ်စပ်မှာ ဝ၊ ကိုးကန့်၊ မိုင်းလားနဲ့ ကချင် ၁ဝ၁ စစ်ဒေသခေါ်တဲ့ အင် အားကြီးမားတဲ့ ဗကပ တပ်ဖွဲ့နဲ့ လွတ်မြောက်နယ်မြေကြီး ပေါ်လာတာပါ။
နောင် အနှစ် ၂ဝ ကျော်အကြာ ၁၉၈၉ ခုမှာတော့ အဲဒီဒေသက တိုင်းရင်းသား ခေါင်းဆောင်တွေ ဗကပ ခေါင်းဆောင်မှုကို တော်လှန်ပုန်ကန် အာဏာသိမ်းယူပြီး ကိုယ်ပိုင်တပ်ဖွဲ့တွေ ထူထောင်လိုက်ကြပါတယ်။ စစချင်းမှာ တရုတ်အစိုးရက တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေကို မထောက်ခံပါဘူး။ ဗကပ ခေါင်း ဆောင် တွေကိုပဲ ထောက်ခံခဲ့ပါတယ်။ တရုတ်ပြည်ထဲ ခိုလှုံရောက်ရှိလာတဲ့ ဗကပ ခေါင်းဆောင်တွေနဲ့ လက်ကျန်ကေဒါတွေကို ကောင်းကောင်းမွန်မွန် နေရာချထားပေးပါတယ်။ ကိုးကန့်တစ်ဘက်ခြမ်း တရုတ် နယ်မြေက ဂိုဒေါင်တွေထဲရှိတဲ့ အမြောက်လက်နက်တွေအားလုံး ဗကပ ဗဟိုကို အပ်နှံပေးပါတယ်။ ဗကပ ဗဟိုကလည်း နောက်ဆုံးတပ်ဖွဲ့ တစ်ခု ဖွဲ့စည်းပြီး ကိုးကန့်နယ်မြေကနေ မြန်မာပြည်အတွင်းပိုင်းကို ထိုးဖောက်မယ့် အစီအစဉ် ဆွဲပါတယ်။ ဒါကိုဖုန်ကြားရှင်က ကြိုတင်သတင်းရသွားတဲ့အတွက် အာဏာ သိမ်းစစ်အစိုးရနဲ့ ငြိမ်းချမ်းရေး လုပ်လိုက်တဲ့အပြင် အစိုးရတပ်တွေကိုပါ ကိုးကန့်ထဲ ခေါ်ထည့်ထားလိုက် တဲ့အတွက် ဗကပနဲ့ တရုတ်အကြံပေးတွေရဲ့ အကြံအစည်ပျက်သွားပါတယ်။
ဒီအခါ တရုတ်ကွန်မြူနစ်ပါတီဟာ ဗကပလက်ကျန်တွေနဲ့ အမြောက် လက်နက်ခဲယမ်းတွေကို သူ့နယ်မြေ အသုံးပြုပြီး ကချင်ပြည်နယ် ၁ဝ၁ စစ်ဒေသရောက်အောင် ပို့ဆောင်ပေးခဲ့ကြပါတယ်။ ၁၉၈၉ ခုနှစ်မှာ လည်း တရုတ်နိုင်ငံဟာ မြန်မာ့ပြည်တွင်းရေးကို စွက်ဖက်နေသေးတယ်ဆိုတဲ့ သဘောပါပဲ။ နောက်ပိုင်းမှာ တော့ တရုတ်အစိုးရရဲ့ပေါ်လစီ ပြောင်းသွားပါတယ်။ နိုင်ငံရေးထက် စီးပွားရေးကို ပိုအာရုံစိုက်ပြီး မြန်မာ့ အရေး စွက်ဖက်မှုမှာ ပုံစံမတူတော့ပါဘူး။ ၁၉၈၈ မှာ ပြည်သူတွေကို ရက်ရက်စက်စက်ဖိနှိပ်ပြီး အာဏာသိမ်းတက်လာတဲ့ စစ်အစိုးရကို ကောင်းကောင်း အသိအမှတ်ပြုပါတယ်။ ပြည်သူကလည်း မကြိုက်မနှစ် သက်၊ ကမ္ဘာကလည်း လက်မခံတဲ့ အာဏာရှင်တွေကို နိုင်ငံတကာမှာ အထီးကျန်မဖြစ်အောင် အကာအကွယ်ပေးပါတယ်။ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက တစ်စုံတစ်ခု ဆုံးဖြတ်ချက်ချလိုက်တိုင်း မြန်မာစစ်အာ ဏာရှင်တွေဘက်က ရပ်တည်ပြီး ဗီတိုအာဏာသုံး ပယ်ချပေးပါတယ်။ ဒီလိုနည်းနဲ့ တရုတ်အစိုးရဟာ မြန်မာနိုင်ငံထဲကနေ စီးပွားရေးဆိုင်ရာ အခွင့်အလမ်းအများကြီးရခဲ့ပြီး အမြတ်ထုတ် သွေးစုတ်နိုင်ခဲ့ပါတယ်။
အခြားတစ်ဖက်မှာလည်း တရုတ်အစိုးရဟာ မြန်မာစစ်အစိုးရနဲ့ အပစ်ရပ်ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ပေါင်းပြီးသစ်၊ ကျောက်စိမ်းနဲ့ သတ္တု သယံဇာတ တူးဖော်ရေးတွေ အကြီးအကျယ် လုပ်ပါတယ်။ နောက် အဲဒီ တပ်ဖွဲ့တွေကို လက်နက်ခဲယမ်းမီးကျောက် ရောင်းချပေးပါတယ်။ ပြောရရင် အခုနောက်ဆုံး အနှစ် ၂ဝ ကျော်ကာလအတွင်း တရုတ်အစိုးရဟာ အစိုးရပိုင်နက် နယ်မြေထဲကရော၊ လက်နက်ကိုင် တိုင်းရင်းသားတွေ ထိန်းချုပ်ထားတဲ့ နယ်မြေထဲကပါ သစ်၊ ကျောက်စိမ်း၊ သတ္တုနဲ့ သယံဇာတတွေကို မျိုးကန်းကုန်သည်အထိ၊ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီး၊ ရာသီဥတု ဆိုးဆိုးရွားရွား ပြောင်းလဲသည် အထိ ထုတ်ယူပါတယ်။ အခြားတစ်ဖက်မှာတော့ အစိုးရကိုရော၊ သူပုန်တွေကိုပါ နှစ်ဖက်စလုံးကို လက် နက်တွေ ရောင်းချပါတယ်။ စစ်အစိုးရကိုတရုတ် အစိုးရက တိုက်ရိုက်ရောင်းတာဖြစ်ပြီး တိုင်းရင်းသား သူပုန်တွေကိုတော့ ယူနန်ပြည်နယ်ထဲက ဒေသခံလက်နက်မှောင်ခိုတွေက ရောင်းချကြတာဖြစ်ပါတယ်။ မြန်မာတွေ စည်းလုံးညီညွတ်မှု မရှိ၊ တစ်ဖက်က တရုတ်အစိုးနဲ့ ကုမ္ပဏီတွေရဲ့ ကိုယ်ကျိုးရှာ စွက်ဖက်မှု ကြောင့် မြန်မာ့ပြည်တွင်းစစ် ရှည်နေတယ်လို့ မှတ်ယူနိုင်ပါတယ်။
အခုဖြစ်စဉ်မှာလည်း ကိုးကန့်တပ်ဖွဲ့က အသုံးပြုတဲ့လက်နက်တွေဟာ တရုတ်လက် နက်မှောင်ခိုတွေဆီက ရတဲ့ လက်နက်တွေဖြစ်ဖို့ ရာခိုင်နှုန်းများပါတယ်။ ဖုန်ကြားရှင်ကို တရုတ် ဗဟိုအစိုးရက အားပေးကူညီ လိမ့်မယ်လို့တော့ မယူဆနိုင်ပါဘူး။ ၁၉၈၉ ဖြစ်စဉ်ကလို ယူနန်ပြည်နယ် အောက်ခြေအာဏာပိုင်တွေ တိုက်ရိုက် ပါဝင်ပတ်မှုရှိမရှိကိုတော့ မပြောနိုင်သေးပါဘူး။ လက်နက်နဲ့ တပ်ဖွဲ့ဝင်တွေ ရွှေ့ပြောင်းနိုင်ရေး တရုတ်နယ်မြေ အသုံးပြုခွင့်ပေးသလားဆိုတဲ့ ကိစ္စမျိုးမှာပါ။ တပ်မတော်ဘက်ကတော့ တိုက်ပွဲမှာ အသေရ မိတဲ့ ကိုးကန့်တပ်သား တစ်ယောက်ဆီကနေ တရုတ်နိုင်ငံသားမှတ်ပုံတင် တွေ့ခဲ့ရဖူးတယ်ဆိုပြီး ပြောဆို တာမျိုးတော့ ရှိခဲ့ဖူးပါတယ်။
ခြုံငုံပြီး သုံးသပ်ရရင် အရင်က ဖြစ်ခဲ့တဲ့ ဖြစ်စဉ်၊ တရုတ်အစိုးရ၊ ကွန်မြူနစ်ပါတီနဲ့ ဒေသခံ အာဏာပိုင်တွေရဲ့ မြန်မာနိုင်ငံနဲ့ နိုင်ငံသားတွေအပေါ် ဆက်ဆံပုံဟာ အိမ်နီးချင်းကောင်းပီသတဲ့ ဆက်ဆံရေးမျိုး မတွေ့၊ မမြင်ရပါကြောင်း။
Credit - Mizzima News
No comments:
Post a Comment