Friday, February 20, 2015

စစ်အုပ်ချုပ်ရေးပေးထားသည့် ကိုးကန့်ဒေသတွင် စစ်ခုံရုံးဖွဲ့ စစ်ဆေးမည့်ပြစ်မှု များ ကာချုပ်ထုတ်ပြန်၊ မူလဥပဒေပါ ပြစ်ဒဏ်များအပြင် သေဒဏ်အထိပါ ချမှတ်နိုင်ခွင့် ပေးထား

 ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈

အစိုးရတပ်နှင့် ကိုးကန့်တိမ်း ရှောင်အဖွဲ့များအကြား တိုက်ပွဲများဖြစ်နေမှုကြောင့် စစ်အုပ်ချုပ်ရေး ပေးလိုက် သည့် ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတွင် စစ်ခုံရုံးဖြင့် စစ်ဆေးမည့် ပြစ်မှု အမျိုးအစားပေါင်း ၁၆ ခုကို ဖေဖော် ၀ါရီလ ၁၈ ရက်နေ့က တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် လက်မှတ် ထိုးကာ ထုတ်ပြန်လိုက်သည်။

ယင်းပြစ်မှု ၁၆မျိုးတွင် နိုင်ငံတော်သစ္စာဖောက်ဖျက် ပုန်ကန်မှု၊ အစိုးရကို အကြည်ညိုပျက်အောင် ပြုလုပ်မှု၊ မတရားအသင်း အက်ဥပဒေအရ ပြစ်မှုများ၊ လက်နက်အက်ဥပဒေအရ ပြစ်မှုများ၊ လူသတ်မှု၊ လူသေမှု၊ မုဒိန်းမှု၊ လု ယက်မှု၊ ဓားပြမှု၊ အဂတိလိုက်စား မှုများ ပါဝင်သည်။

၁၉၉၃ ခုနှစ် မူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ ပြစ်မှုများ၊ ပြည်သူ ပိုင်ပစ္စည်း ကာကွယ်ရေးအက်ဥပဒေ အရ ပြစ်မှုများ၊ ၁၉၆၃ ခုနှစ် အများနှင့်သက်ဆိုင်သော ပစ္စည်းများ ကာကွယ် စောင့်ရှောက်ရေး ဥပဒေအရ ပြစ်မှုများ၊ ၁၉၅၀ ပြည့်နှစ် အရေးပေါ် စီမံမှုအက်ဥပဒေအရ ပြစ်မှုများ လည်း ပါဝင်သည်။…

ထို့ပြင် မီဒီယာများနှင့် ပတ်သက်သည့် သတင်းမီဒီယာဥပဒေ အရပြစ်မှုများ၊ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေအရ ပြစ်မှုများကိုလည်း စစ်ခုံရုံးဖြင့် စစ်ဆေးသွားမည် ဖြစ်သည်။

စစ်အုပ်ချုပ်ရေးလက်အောက်ရှိ တရားစီရင်ရေးကဏ္ဍ၌ ပြစ်ဒဏ်ချမှတ်ရာတွင် တည်ဆဲဥပဒေများတွင် မည်သို့ ပင်ပါရှိစေကာမူ သေဒဏ်၊ နှစ်အကန့် အသတ်မရှိအလုပ်နှင့် ထောင်ဒဏ်၊ သုံးနှစ်အောက် မလျော့သော အလုပ် နှင့် ထောင်ဒဏ် သို့မဟုတ် ၃ နှစ် အောက် မလျော့သော အလုပ်နှင့် ထောင် ဒဏ်အပြင်ငွေဒဏ်များပါ ချမှတ် နိုင်သည်ဟုလည်း ယင်းထုတ်ပြန် ချက်၌ပါရှိသည်။

ယခုကဲ့သို့ စစ်အုပ်ချုပ်ရေး ပေးထားသည့် နယ်မြေအတွင်း စစ်ခုံရုံးဖွဲ့ စစ်ဆေးမည့်ပြစ်မှုများကို ထုတ်ပြန်ခဲ့ခြင်း မှာ ဦးသိန်းစိန် အစိုးရ လက်ထက်အတွင်း ပထမဆုံး အကြိမ်လည်း ဖြစ်သည်။

ပြစ်ဒဏ်များကို အတည်ပြု ခြင်းနှင့် ပတ်သက်၍ စစ်ခုံရုံးမှချမှတ်သော ဆုံးဖြတ်ချက်နှင့် စီရင်ချက်များသည် အပြီးအပြတ် ဖြစ်စေရမည်ဖြစ် ကာ သေဒဏ်စီရင်မည်ဆိုပါက ကာကွယ်ရေးဦးစီးချုပ်၏ အတည်ပြု ချက်နှင့် နှစ်အကန့် အသတ်မရှိ ထောင်ဒဏ်စီရင်မည်ဆိုပါက စစ်အုပ်ချုပ်ရေးအာဏာ လွှဲအပ်ခံထား ရသူ ဒေသ ကွပ်ကဲ ရေးမှူး၊ ဒေသ ကွပ်ကဲမှု စစ်ဌာနချုပ် (လောက်ကိုင်)၏ အတည်ပြုချက် ရယူရမည် ဖြစ်သည်။ အယူခံခြင်းနှင့် ပတ်သက်၍ စစ်ခုံရုံးမှ ချမှတ်သည့် ဆုံးဖြတ်ချက်၊ ပြစ်ဒဏ် များနှင့်စပ်လျဉ်း၍ အယူ ခံပိုင်ခွင့်မရှိ စေရ ဟု ပြဋ္ဌာန်းထားသည်။

ပြစ်ဒဏ်ဆိုင်ရာ ပြင်ဆင်မှု လျှောက်ထားခြင်းအနေဖြင့် သေဒဏ်စီရင်ပါက ပြစ်ဒဏ်ချမှတ်ခြင်း ခံရသည့် ၁၅ ရက်အတွင်း ကာကွယ်ရေးဦးစီးချုပ်နှင့် အခြားပြစ် ဒဏ် ချမှတ်ခြင်းခံရပါက ဒေသ ကွပ်ကဲရေးမှူးထံ ပြင်ဆင် မှု လျှောက် ထားနိုင်ပြီး ၎င်းတို့က ပြစ်မှုစီရင်ခြင်းကို ပယ်ဖျက်ခြင်း၊ ပြစ်ဒဏ် လျော့ပေါ့ခြင်း၊ ပြစ်ဒဏ်ကို ပို၍ နိမ့် သော ပြစ်ဒဏ်အမျိုးအစားသို့ လျော့ပေါ့ပြောင်းလဲခြင်း၊ ပြစ်မှု ထင်ရှားစီရင်ခြင်းကို အတည်ပြု ခြင်းများ ဆောင် ရွက်နိုင်မည် ဖြစ်သည်။

MH-0025

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

No comments:

Post a Comment