Friday, February 20, 2015

မန္တလေး၌ ကြံ့ခိုင်ရေးပါတီဝင်များဦးဆောင်၍ တိုင်းပြည်တည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက်ဆိုကာ ဆန္ဒထုတ်ဖော်ပွဲ ပြုလုပ်

စစ်ကိုင်း၊ ဖေဖော်ဝါရီ ၁၈

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့တွင် ကြံ့ခိုင်ရေးပါတီဝင်များ ဦးဆောင် ပါဝင်၍ လူထုအင်အား (၁၂၀၀) ကျော်က တိုင်းပြည်တည် ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် အမျိုးသားပြန်လည် စည်းလုံးသင့်မြတ် ရေး အတွက်ဟု ဆိုကာ ဖေဖော်ဝါရီလ ၁၇ ရက်က ဆန္ဒထုတ်ဖော်ခဲ့သည်။

ဖေဖော်ဝါရီ (၁၇)ရက်၊ နံနက် (၇)နာရီဝန်းကျင်ခန့် အချိန်တွင် ကြံ့ခိုင်ရေး ပါတီဝင်များ ဦးဆောင် ပါဝင်သောအဖွဲ့ သည် စုရပ်ဖြစ်သော ၆၂လမ်း၊ ၃၈x၃၉လမ်းနှင့် ၆၂လမ်း၊ ၄၂x၄၃လမ်းကြားတို့မှ စစ်ကြောင်း နှစ်ကြောင်းဖြင့် ချီတက် ဆန္ဒဖော်ထုတ်ခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ချီတက် ဆန္ဒဖော်ထုတ်ရာတွင် ““ဒီမိုကရေစီ ရှင်သန် ခိုင်မာရေး၊ နိုင်ငံတော်တည်ငြိမ်အေး ချမ်းရေး၊ နိုင်ငံ တော်ဖွံ့ဖြိုးတိုးတက်ရေး၊ ၂၀၁၅ခုနှစ် ငြိမ်းချမ်းမှု ဖော်ဆောင်ရေးအောင်ရမည်”” စသည့် ကြွေးကြော် သံများ ကြွေးကြော်ကာ မန္တလေးမြို့၊ မဟာအောင်မြေမြို့ နယ်ရှိမနော်ရမ္မံ လူထုဟစ်တိုင်ကွင်း သို့ချီတက်ခဲ့ခြင်း လည်း ဖြစ်သည်။…

““ကျွန်တော်တို့အနေနဲ့ ဒီက နေ့ဖြစ်ပေါ်နေတဲ့ အခြေအနေမှာ ပြည်တွင်း မှာရော၊ နယ်စပ်မှာရော ဖြစ်ပျက်နေ တာတွေနဲ့ ပတ်သက်ပြီး လူထုတစ်ရပ်လုံးကလည်း နိုင်ငံတော်ရဲ့ တည်ငြိမ်အေးချမ်းရေးကို လိုလားနေတယ်။ ပြည်သူတွေရဲ့ ဆန္ဒနဲ့ကျွန်တော်တို့ပါတီရဲ့ ဆန္ဒကလည်း တစ်ထပ်တည်း ရှိတာကြောင့်မို့လို့ ဆန္ဒဖော်ထုတ်ခြင်း ဖြစ်ပါ တယ်။ နောက်ပြီး ကျွန်တော်တို့ မန္တလေး(၇)မြို့နယ်က ပြည်သူတွေ ကလည်း မင်းမဲ့စရိုက် ဆန်မှုတွေကို လည်း မကြိုက်နှစ်သက်ဘူး ပေါ့ဗျာ””ဟု မန္တလေးတိုင်း ကြံ့ခိုင်ရေးပါ တီ ကော်မတီဝင်တစ်ဦးဖြစ်သူ ဦးတင်ထွန်း ကမြန်မာသံတော်ဆင့် သို့ပြောသည်။

ယင်းကဲ့သို့ ဆန္ဒဖော်ထုတ်ခြင်းမှာ အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ပေးရန် အတွက် ကျောင်းသား သပိတ်များ ဖြစ်ပေါ်နေခြင်း၊ ရန်ကုန် မြို့စက်မှုဇုန်အချို့ရှိ အလုပ်သမားများ လုပ်ခလစာတိုးမြှင့်ရေးနှင့် ပတ်သက်၍ ဆန္ဒ ထုတ်ဖော်နေခြင်းများနှင့် တိုက်ဆိုင်လျက်ရှိပြီး တိုင်းပြည် တည်ငြိမ် အေးချမ်းရေးနှင့် ပတ်သက်၍ မန္တလေးမြို့ တွင် ပထမဆုံးအကြိမ် ဆန္ဒထုတ်ဖော်မှုလည်း ဖြစ်သည်။

ယင်း ဆန္ဒထုတ်ဖော်မှုတွင် ထူးခြားချက်အနေဖြင့် အခြားသော ဆန္ဒထုတ်ဖော်မှုများနှင့် မတူဘဲ ဆန္ဒဖော်ထုတ် သူများက စည်းကမ်းသေ၀ပ်စွာ နေရာယူကြခြင်း၊ ကိုင်ဆောင်ထားသည့် ဆိုင်းဘုတ်များမှာလည်း အရွယ် အစားနှင့် ပုံစံတူများဖြစ်နေခြင်း၊ ယင်းဆန္ဒ ထုတ်ဖော်မှုကို ရှေ့မှဦးဆောင်သူက မည်သို့ မည်ပုံ စီတန်းရမည်၊ မည်သို့ လုပ်ဆောင်ရမည်များကို ညွှန်ကြားနေခြင်းများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ထို့နောက် ဆန္ဒထုတ်ဖော်ခဲ့ သူများအနက်မှတစ်ဦးက ဒီမိုကရေ စီရှင်သန်ရေးအတွက် နိုင်ငံတော် တည်ငြိမ်အေး ချမ်းမှုကို လိုလားသည် ဟူသောခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပြီး ဆန္ဒထုတ်ဖော်မှုကိုနံနက် (၈)နာရီ (၁၀)မိနစ် အချိန်၌ ဆန္ဒထုတ်ဖော်ပွဲကို ရပ်ဆိုင်းခဲ့သည်။

မန္တလေးတိုင်းဒေသကြီးသည် ကြံ့ခိုင်ရေးပါတီ ဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်း နှစ်ရှည်လများ တာဝန်ယူခဲ့ သော တာဝန်ခံနယ်မြေဖြစ်သည်။

အောင်ကိုဝင်း

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

 
 

No comments:

Post a Comment