Friday, February 20, 2015

ကယားပြည်နယ် နယ်ခြားစောင့်တပ် ပစ်ခတ်မှုကြောင့် ဒေသခံတစ်ဦး သေဆုံး

ရန်ကုန် (မဇ္ဈိမ)။ ။ ကယားပြည်နယ် လွိုင်ကော်မြို့နယ် ကရင်နီပြည် လူမျိုးပေါင်းစုံ လွတ်မြောက်ရေးတပ်ဦး ကလလတ (KNPLF)ခေါ် ကယားပြည်နယ် နယ်ခြားစောင့်တပ်၏ ပစ်ခတ်မှုကြောင့် ဒေသခံတစ်ဦး သေဆုံးခဲ့သည်ဟု ကယန်းမျိုး ဆက်သစ် လူငယ်အဖွဲ့က ထုတ်ပြန်ကြေညာလိုက်သည်။

ဖေဖော်ဝါရီ ၁၇ ရက်က လွိုင်ကော်မြို့အထွက် KNPLF ၏ ဆက်ဆံရေးရုံးတွင် ထင်းခြောက်များ တင်လာသော ထော်လာဂျီက ဂိတ်ဖြတ်ခမပေးသဖြင့် သေနတ်ဖြင့် လိုက်ပစ်ခတ်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

''သေဆုံးသူနဲ့ အတူပါသွားတဲ့ လူငယ်တွေ မျက်မြင်သက်သေ ရှိတဲ့အတွက် ဒီလိုပြောနိုင်တာ ဖြစ်ပါတယ်။ အခုသေဆုံးသူ အသုဘအိမ်မှာပါ ကလလတ က ဘယ်သူမှလာပြီး ဖြေရှင်းမပေးသေးပါဘူး'' ဟု ကယန်းမျိုး ဆက်သစ်လူငယ်အဖွဲ့မှ ကိုခွန်းအာသန်းက ပြောသည်။

ကယားပြည်နယ်ရှိ အစိုးရ လက်အောက်ခံ နယ်ခြားစောင့်တပ်များသည် ပြည်သူလူထုအတွက် လုံခြုံရေး ကင်းမဲ့မှု များဖြစ်ပွားစေသည်ဟု ထုတ်ပြန်ချက်တွင် ထည့်သွင်းထားသည်။

ကရင်နီပြည် လူမျိုးပေါင်းစုံလွတ် မြောက်ရေးတပ်ဦး၏ ပြောရေးဆိုခွင့်ရှိသူ ဦးဟက်စတန်က ''အတိအကျ ပြောလို့မရသေးဘူး။ ကျွန်တော်တို့တပ်ကလုပ်တာ မှန်တယ်ဆိုရင် အပြည့်အဝတာဝန်ယူမှာပါ''ဟုဆိုသည် ။

ပစ်ခတ်မှုများကိုအရေးယူပေးရန် ကယားပြည်နယ်ရှိ လူမှုရေးအဖွဲ့အစည်းများ၊ လူငယ်အဖွဲ့အစည်းများ ပူးပေါင်းကာ ပြည်နယ်အစိုးရနှင့်ဒေသတွင်းရှိ လက်နက်ကိုင်တပ်ဖွဲ့များကို တောင်းဆိုသွားမည်ဟုလည်း ကို ခွန်းအာသန်းက ပြောသည်။

၂ဝ၁၄ ခုနှစ် ဒီဇင်ဘာလအတွင်းက လက်နက်ကိုင်တပ်ဖွဲ့က လွိုင်ကော်မြို့နယ် ကယန်းသာယာရွာရှိ လူငယ်ရိပ်သာကို ဖြို ဖျက်ပြီးရွာသားများကိုလည်း သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်ဟု ဖော်ပြထားသည်။


Credit - Mizzima News

No comments:

Post a Comment