ရန်ကုန် (မဇ္ဈိမ)။ ။ အနိမ့်ဆုံး လုပ်ခလစာ တိုးမြှင့်ပေးရေးအတွက်
တောင်းဆိုနေသည့် ရွှေပြည်သာမြို့နယ် စက်ရုံသုံးရုံမှ အလုပ်သမားများက ၎င်းတို့
တောင်းဆိုနေသည့် အချက်များကို အလုပ်သမားဝန်ကြီးဌာနထံ ဖေဖော်ဝါရီ ၁၉ ရက်က
အစီရင်ခံစာတစ်စောင် တင်ခဲ့သော်လည်း တတိယနေ့ ဆွေးနွေးမှုကိုမူ အစိုးရအား
အယုံအကြည် မရှိဟုဆိုကာ မသွားခဲ့ဟု အလုပ်သမားအရေး ဆောင်ရွက်သူ
ကိုဇော်ကြည်ဝင်းက မဇ္ဈိမကို ပြောသည်။

ရွှေပြည်သာမြို့နယ်တွင်းရှိ
စက်ရုံ ၃ ရုံက အနိမ်းဆုံး လုပ်ခလစာအတွက် အင်းစိန်မြို့နယ်ရှိ
မြောက်ပိုင်းခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ရုံးတွင် အလုပ်သမား
ကိုယ်စားလှယ် အယောက် ၃၀ နှင့် အလုပ်ရှင် အလုပ်သမား ညှိနှိုင်းရေးအဖွဲ
ရန်ကုန်တိုင်း ဝန်ကြီး ဦးမြင့်ဆွေတို့ ညှိနှိုင်းဆွေးနွေးစဉ်။ (ဓာတ်ပုံ -
သက်ကို၊ မဇ္ဈိမ)
ဖေဖေါ်ဝါရီ ၁၇ ရက်မှစ၍ အင်းစိန်မြို့နယ်ရှိ မြောက်ပိုင်းခရိုင် စုပေါင်းရုံးတွင် လုပ်ခလစာနှင့် ပတ်သက်၍ အစိုးရ၊ အလုပ်ရှင်နှင့် အလုပ်သမားညှိနှိုင်းမှု ပြုလုပ်ခဲ့ပြီး ဒုတိယမြောက်နေ့အထိ ပြေလည်မှု မရခဲ့သည့်အတွက် တတိယနေ့တွင် အလုပ်သမားများက ဆွေးနွေးပွဲ ဆက်မတက်ခဲ့ခြင်းဖြစ်သည်။ အစီရင်ခံစာကို အလုပ်သမား ကိုယ်စားလှယ်များက အလုပ်သမားဝန်ကြီးဌာန အပါအဝင် ရန်ကုန်တိုင်း အစိုးရအဖွဲ့ထံ ပေးပို့ခဲ့သည်ဟု အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနမှ ဒု -ညွှန်မှူး ဦးကျော်ကျော်ထွန်းက မဇ္ဈိမသို့ပြောသည်။
"ကျွန်တော်တို့က ညှိပေးဦးမှာပါ။ အလုပ်သမားတွေက သူတို့သဘောထားကို ပေးလာတယ်။ ပြေလည်မှု မရသေဘူးဖြစ်နေတယ်။ ကျွန်တော်တို့ကလည်း အလုပ်ရှင်ဘက်ကို တိုးနိုင်သလောက်တိုးပေးဖို့ အလုပ်သမားတွေကလည်း သူတို့လိုချင်တဲ့ငွေထက် နည်းနည်းလောက်လျှော့ဖို့ အဲဒါမှ ဆုံမှတ်တစ်ခုပေါ်ရောက်မှ ပြေလည်မှာပေါ့။ ဝန်ကြီးဌာန အနေနဲ့ ဒီလောက်ပေးပါလို့ ပြောလို့မရသေဘူး။ အနိမ့်ဆုံး အခကြေးငွေသတ်မှတ်ပြီးမှ ရမှာပေါ့" ဟု ၎င်းကပြောသည်။
အလုပ်ရှင်နှင် အလုပ်သမားများ ညှိနှိုင်းမှုတွင် အလုပ်သမားများက အခြေခံလစာ သုံးသောင်းထပ်မံ တိုးတောင်းမှုကို အလုပ်ရှင်ဘက်မှ တစ်နေ့ လုပ်အားခ လေးရာနှုန်း တစ်လလျှင် တစ်သောင်းနှစ်ထောင် တိုးပေးမှုကို လက်မခံသောကြောင့် ပြေလည်မှု မရခဲ့ခြင်းဖြစ်သည်။
"အစိုးရဘက်က အလုပ်သမားများ တင်ပြလိုသည်များကို တင်ပြပါလို့ ဆိုတာနဲ့ ပတ်သက်ပြီး ဘာကြောင့် တောင်းဆိုရတယ်ဆိုတာကို အစိုးရကိုတင်ပြမယ်။ တနေ့လုပ်အားခ အများဆုံး ရရှိသူမှာ တစ်နေ့ကို ၁၃၅၀ ရရှိတယ်။ နေ့စဉ်ထွက်ငွေမမျှတလို့ တောင်းဆိုတာပါ"ဟု ကိုဇော်ကြည်ဝင်း က ပြောသည်။
အလုပ်သမားများတောင်းဆိုမှု နှင့် ပတ်သက်၍ အလုပ်သမားများ၊ အလုပ်ရှင် နှင့် အစိုးရဝန်ကြီးဌာနတို့ ညှိနှိုင်းဖျန်ဖြေခဲ့ရာ Costec စက်ရုံအတွက် လေးကြိမ်၊ Eland Myanmar စက်ရုံအတွက် လေးကြိမ်၊ Ford gloryစက်ရုံသည် စက်ရုံတွင် အလုပ်ရှင်နှင့် အကြိမ်ကြိမ် ညှိနှိုင်းမှု ပြုလုပ်ခဲ့သော်လည်း ယခုထိ ပြေမလည်မှု မရသေးပေ။
ယင်းကြောင့် တတိယမြောက် ဆွေးနွေးမည့်နေ့၌ အလုပ်သမားများက ၎င်းတို့၏ အခက်အခဲများကို၊ တောင်းဆိုမှုများကို ရန်ကုန်တိုင်း အစိုးရထံ အစီရင်ခံစာရေး၍ တင်ပြခဲ့ခြင်းဖြစ်သည်။ ထိုအစီရင်ခံစာတွင် အလုပ်သမားတစ်ဦး၏ တစ်နေ့ဝင်ငွေသည် ၁၃၅၀ ကျပ်သာ ရ၍ လုံလောက်မှုမရှိဘဲ မိသားစု ရပ်တည်နိုင်ရေးအတွက် လွန်စွာခက်ခဲနေသည်ဟု ပါရှိသည်။
ညှိနှိုင်းကာလ သုံးရက်အတွင်း အလုပ်သမားများ အနေဖြင့် သပိတ်ဆင်နွဲမှု ရပ်တန့်ပေးရန် ကတိကဝတ်ပြုထားသည်။ သို့သော် ညှိနှိုင်းမှု အဆင်မပြေခဲ့လျှင် စက်ရုံးသုံးခုပေါင်း၍ သပိတ်ကို အရှိန်မြှင့်ရန် အလုပ်သမားများက ဆုံးဖြတ်ထားသည်ဟု ဆိုသည်။
Credit - Mizzima News
No comments:
Post a Comment