Friday, January 23, 2015

ကေအိုင်အေနှင့် တပ်မတော်တို့ တိုက်ပွဲများ ဇန်နဝါရီ ၂၃ ရက်တွင် တည်ငြိမ်နေ

ချင်းမိုင် (မဇ္ဈိမ)။ ။ ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း အစိုးရ စစ်တပ်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တို့အကြား တိုက်ပွဲ ဖြစ်ပွားခြင်း မရှိဘဲ တည်ငြိမ်နေသည်ဟု KIA တပ်ရင်း ၆ တပ်ရင်းမှူး ဗိုလ်မှူး တန်ဆိုင်းက ပြောသည်။

ဖားကန့်မြို့နယ်အတွင်းရှိ KIA တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ နယ်မြေအတွင်း ဇန်နဝါရီလ ၁၅ ရက်မှ ၂၂ ရက်ထိ ရှစ်ရက်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ဇန်နဝါရီလ ၂၃ ရက်တွင် အစိုးရ တပ်မတော်ဘက်မှ ထိုးစစ်ဆင် တိုက်ခိုက်ခြင်းများ မရှိသဖြင့်  တိုက်ပွဲ ဖြစ်ပွားခြင်းလည်း မရှိဟု သူက မဇ္ဈိမကို ပြောသည်။

"ဒီနေ့က ဘာမှမကြားသေးဘူး ခုချိန်ထိ (ညနေ ၄ နာရီ) ဒီနေ့က ငြိမ်နေတယ်လို့ ပြောလို့ရတယ်။ အစိုးရ စစ်တပ်က ထိုးစစ်ဆင်တာ မရှိလို့ တိုက်ပွဲမဖြစ်တာပဲ။ အစိုးရ စစ်တပ်က တပ်ရင်း ၂ ရင်းလောက် ထပ်ဖြည့်ထားတယ်”ဟု သူက ပြောသည်။

မူလက တပ်ရင်း ၁၀ ရင်းခန့်ရှိနေပြီး ဇန်နဝါရီလ ၂၂ ရက်က ဟိုပင်ဘက်မှ တပ်ရင်း ၂ ရင်း ထပ်မံ ဖြည့်တင်းထားသဖြင့် လက်ရှိ ဖားကန့်မြို့နယ်အတွင်း အစိုးရ၏ တပ်ရင်း ၁၂ ရင်းထိ ရှိလာသည်ဟု သူက ပြောသည်။

ဇန်နဝါရီလ ၁၄ ရက် အစိုးရ၏ လုံခြုံရေး ရဲတပ်ဖွဲ့ သုံးဦးကို KIA က ဖမ်းဆီးခဲ့ရာမှ နောက်တစ်နေ့ ဇန်နဝါရီလ ၁၅ ရက်ညတွင်းချင်းမှာဘဲ အစိုးရဘက်က KIA တပ်ရင်း ၆ အခြေစိုက်ထားသော သန်းဂေါင် အောင်ဘာလေကျေးရွာထိ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ရဲတပ်ဖွဲ့ သုံးဦးကို KIA က ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ (PCG) မှတဆင့် ဇန်နဝါရီလ ၁၉ ရက်က ဖားကန့်မြို့နယ် ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးလိုက်ပြီး ဖြစ်သည်။


Credit - Mizzima News

No comments:

Post a Comment