Sunday, January 18, 2015

လက်ပံတောင်းသပိတ်စခန်း နှစ်ပတ်ကျော်ကြာသည်အထိ ဖြေရှင်းပေးခြင်းမရှိသေး

ရန်ကုန် (မဇ္ဈိမ) ။ ။ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြိုနယ် လက်ပံတောင်းတောင် စီမံကိန်းဒေသတွင် ဖွင့်လှစ်ထားသည့် သပိတ်စခန်းမှာ ဇန်နဝါရီ ၁၇ရက်အထိ နှစ်ပတ်ကျော် ကြာပြီဖြစ်သော်လည်း သက်ဆိုင်ရာက တစ်စုံတစ်ရာ လာရောက်ညှိနှိုင်း ဖြေရှင်းပေးခြင်း မရှိသေးဟု သပိတ်စခန်းမှ ဒေသခံများက မဇ္ဈိမကို ပြောသည်။

၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၂၉ ရက် ညနေ ၄ နာရီအချိန်တွင် ဒေသခံများတိုင်ပင်၍ တောင်သူများ၏ မတရားသိမ်းဆည်းခံ လယ်ယာမြေ ပြန်လည်ရရှိရေး၊
လယ်သမားများ လျော်ကြေးမယူထားသည့် မြေပေါ်တွင် ကုမ္ပဏီက ခြံစည်းရိုးခတ်နေခြင်းကို ရပ်တန့်ရပ်နှင့် လက်ပံတောင်း ပဋိပက္ခအတွင်း သေဆုံးခဲ့သူ ဒေါ်ခင်ဝင်းအမှု အမြန်ဆုံး အမှုမှန် ပေါ်ပေါက်ရေး ဖြေရှင်းပေးရန် တောင်းဆိုကာ သပိတ်စခန်း ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။  လက်ရှိအချိန်တွင် သပိတ်စခန်းဖွင့်လှစ်ထားသည့် ဒေသခံတောင်သူဦးရေမှာ ၅၀ ခန့် ရှိသည်။

သပိတ်စခန်းဖွင့်လှစ်ရာတွင် ပါဝင်သည့် ဒေသခံတောင်သူ မရီဝင်းက “မထူးသေးပါဘူး။ ဘာမှကို ထူးခြားမှုမရှိသေးတာ။ အခုထိ သက်ဆိုင်ရာကရော ကုမ္ပဏီ ဘက်ကရော တစ်စုံတရာ ဆောင်ရွက်ပေးတာ ညှိနှိုင်းပေးတာမရှိသေးပါဘူး” ဟုပြောသည်။

လယ်ယာမြေ ဧက တစ်ထောင်ခန့်မှာ ကုမ္ပဏီ၏ ခြံစည်းရိုးဝင်းအတွင်း ပါသွားပြီ ဧက ၆၀၀ ကျော်မှာ သီးနှံ မရိတ်သိမ်းရသော လယ်ယာမြေများဖြစ်သည်ဟု တောင်သူများကဆိုသည်။

သပိတ်စခန်းဖွင့်လှစ်ရာတွင် ပါဝင်သည့် ကိုအောင်သူက “ ကျွန်တော်တို့ကတော့ လယ်ယာမြေတွေ ပြန်လည်ရရှိတဲ့အထိ ဆက်လက်တောင်းဆိုသွားမှာပါ။ ပြီးတော့ သေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့ရတဲ့ ဒေါ်ခင်ဝင်းကိစ္စ အမှုမှန် ပေါ်ပေါက်ရေးရောပေါ့။” ဟုပြောသည်။

ဒေါ်ခင်ဝင်း သေဆုံးမှုကို ဒေသခံများက ဆားလင်းကြီး ရဲစခန်းတွင် ဒီဇင်ဘာလ အတွင်းကပင် အမှုဖွင့်ထားခဲ့သော်လည်း ယခုအချိန်ထိ ဒေါ်ခင်ဝင်းအား သေဆုံးအောင် ပစ်သတ်ခဲ့သည့် ရဲကို မဖော်ထုတ်နိုင်သေးပေ။

ဒီဇင်ဘာ ၂၉ ရက်က ဆည်တည်ရွာ မြောက်ဘက် လယ်များကို ခြံစည်းရိုးကာရံထားသည့် နေရာတွင် ဆန္ဒပြနေသည့် လူအုပ်ကို လူစုခွဲရန် နေ့လည် ၂ နာရီခွဲအချိန်ခန့်တွင် သေနတ်နှစ်ချက်ပစ်ဖောက်၍ လူစုခွဲခဲ့သေးသည်။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဧရိယာတွင် ပါဈင်သည့် လယ်ယာမြေပေါ်တွင် ဝမ်ပေါင်ကုမ္ပဏီ ဝန်ထမ်းများ ခြံစည်းရိုး ဝင်ခတ်မှုကို ဒေသခံတောင်သူများက ကန့်ကွက်ပြီး နောက် ဒီဇင်ဘာ ၂၂ ရက်တွင် လုံခြုံရေးယူထားသော တပ်ဖွဲ့ က ပစ်ခတ်နှိမ်နင်းသဖြင့် အမျိုးသမီးတစ်ဦးသေဆုံးကာဆယ်ဦးကျော်ဒဏ်ရာရခဲ့သည့်အပြင် ဒီဇင်ဘာ ၂၃
ရက်ကလည်း ဒေသခံနှစ်ဦး သေနက်ဒဏ်ရာရရှိသည်။

ယင်းသို့ ဖြေရှင်းမှုသည် ရဲတပ်ဖွဲ့အနေဖြင့် အဆင့်ကျော်ဖြေရှင်းခြင်းဖြစ်ပြီး လူ့အခွင့်အရေး ချိုးဖောက်ရာ ရောက်သည်ဟု မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်က သတင်းထုတ်ပြန်ထားသည်။


Credit - Mizzima News

 
 

No comments:

Post a Comment