Monday, January 19, 2015

ကချင်ပြည်နယ်အရေးတွင် ၀င်ရောက်ပတ်သက်နေသော တရုတ်

မြစ်ကြီးနားမြို့အနီးရှိ ဗလမင်းထင် ဧရာဝတီမြစ်ကူးတံတားပေါ်တွင် လုံခြုံရေးတာဝန်ထမ်းဆောင်နေသော တပ်မတော်သားတစ်ဦး (ဓာတ်ပုံ - ရိုက်တာ)



 ဇာမြို့ ဂျာယန်းဒုက္ခ သည်စခန်းတွင် ကလေးများ ပြည့်ကျပ်နေသည်။ အချို့ကလေးတွေက ဒုက္ခသည်စခန်း၏ ဖုန်ထူသော လမ်းမကြီးပေါ်မှာ ကားတာယာအဟောင်းတွေ လှိမ့်၍ ကစားနေကြသည်။ အချို့ကတော့ သစ်ပင်များပေါ်တွင် တွဲလောင်းဆော့ကစားနေပြီး အချို့က ပြတင်းဝတွေမှာ ထိုင်နေကြသည်။

လူကြီးတွေကမူ အိမ်တံခါးတွေရှေ့တွေဝေငေးမောရင်းဝမ်းနည်းပူဆွေးနေကြသလို သန်သန်မာမာယောက်ျားများကတော့  ခိုလှုံရန် အဆောက်အအုံငယ်ဆောက်လုပ်နေကြသည်။ ချက်ပြုတ်နေသည့် မီးဖိုတွေဆီမှလာသော မီးခိုးများက အူဝေနေသလို လူတွေကြာရှည်စွာ စခန်းချနေထိုင်မှုကြောင့် တောစပ်မှာလည်း အနံ့အသက်က မကောင်းလှပါ။

ယခု လူ ၈,၀၀၀ ခန့်ရှိသည့် အဆိုပါဒုက္ခသည်စခန်းမှာ တရုတ်နိုင်ငံအနောက်တောင်ပိုင်းယူနန် ပြည်နယ်နှင့် ထိစပ်နေသည့် က ချင်လွတ်မြောက်ရေးတပ်မတော် ဌာနချုပ် ဖြစ်သည့် လိုင်ဇာမြို့တွင် တည်ရှိပါသည်။ ကေအိုင်အေ သည် မြန်မာပြည်တွင် ဒုတိယအ ကြီးဆုံး တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ဖြစ်ပြီး မြန်မာစစ်တပ်နှင့်တိုက်ပွဲဖြစ်ပွားနေသည်မှာ အနှစ်ငါးဆယ်ကျော်ပါပြီ။ ကိုယ်ပိုင်ပြည်ထောင်စု အုပ်ချုပ်ခွင့်ရရေးနှင့် ကချင်ပြည်နယ်၏ ကြွယ်ဝလှသော သယံဇာတအရင်းအမြစ်များကို ထိန်းချုပ်ခွင့်ရရေးတိုက်ခိုက်နေကြခြင်း ဖြစ်သည်။ လိုင်ဇာမြို့ရှိ ဒုက္ခသည်စခန်းလေးခုအနက် ဂျာယန်းစခန်းဒုက္ခသည်များမှာ ၂၀၁၁ က ကချင်တပ်နှင့် မြန်မာတပ်များအကြား အပစ် အခတ်ရပ်စဲရေးပျက်ပြားပြီးနောက် တိုက်ပွဲများကြောင့် ထွက်ပြေးလာ ကြသူများ ဖြစ်သည်။ ကချင်ပြည် နယ်အတွင်းအပြင်မှ ဒုက္ခသည် ပေါင်းတစ်သိန်းကျော်ရှိနေသည်။

လိုင်ဇာမြို့နှင့် မြစ်တစ်စင်း သာခြားထားသည့် တရုတ်နိုင်ငံ သည် ကချင်ပဋိပက္ခ၌ အဓိကပါ ၀င်နေပါသည်။ ထို့ကြောင့် ကချင် ပြည်နယ်တွင် မည်သို့ပင်ဖြစ်စေ တရုတ်နယ်စပ်၏ တည်ငြိမ်မှုကို သက်ရောက်မှုရှိ၏။ ကချင်ခရစ် ယာန်ဟုပြော၍ရသည့် ဂျိန်းဖော လူမျိုးများအတွက် နယ်စပ်ပိုင်း ခြားထားမှုက ဘာမှမထူးခြား။ လိုင်ဇာသို့ ကားမောင်းလိုက်ပို့ သည့် ကားသမားဂျိန်းဖောအမျိုး သားသည် လိုင်ဇာတစ်ဖက်ခြမ်း တရုတ်နိုင်ငံဘက်မှာနေပြီး ၎င်း၏ သားနှစ်ယောက်က လိုင်ဇာဘက် က ကျောင်းမှာတက်သည်။

၂၀၁၁ တွင် အပစ်အခတ်ရပ်စဲရေးပျက်သွားပြီးကတည်းက လိုင်ဇာဒေသခံများသည် တရုတ် ယူနန်ပြည်နယ်က တင်သွင်းလာ သည့် အ၀တ်အစား၊ အစားအ သောက်တွေအပေါ် လုံးဝမှီခိုနေရ သည်။ မြန်မာကျပ်ငွေနှင့်အတူ တရုတ်ယွမ်ငွေကိုလည်း သုံးစွဲနေ ကြပြီး တရုတ်လက်ကိုင်ဖုန်းကွန် ရက်ကိုလည်း ဆက်သွယ်ရေးအ တွက် သုံးစွဲကြသည်။ မြန်မာစစ် တပ်ကတော့ မြန်မာဘက်က ဖုန်း ကို သုံးစွဲသည်။

ကချင်ပဋိပက္ခပါ တရုတ်၏ အနေအထားက တစ်သမတ်တည်း ပုံမှန်အသေအချာမရှိ။ ၂၀၁၁ ခုနှစ်အပြီး တိုက်ပွဲများကြောင့် တရုတ်နယ်စပ်ကို အမြောက်ကျည်ဆန်တွေ ပထမဆုံးကျရောက်လာချိန်အထိ တရုတ်က အဆိုပါပြဿနာမှာ သူတို့ပါဝင်ပတ်သက်မှုမရှိသည့် ပုံစံဖြင့်သာ နေခဲ့သည်။

၂၀၁၂ ဒီဇင်ဘာလ စစ်ပွဲတွေ အရှိန်အဟုန်ပြင်းလာသည်အထိ တရုတ်အစိုးရက ကချင်ပြဿနာနှင့် ခပ်ကင်းကင်းနေခဲ့၏။ ကေအိုင်အိုနှင့် ပူးပေါင်းပြီး တရားမ၀င်ကျောက်စိမ်းနှင့် သစ်ကို ရောင်းချကုန်သွယ်နေကြသော ယူနန်ပြည်နယ်အစိုးရနှင့် ကုန်သည်များကတစ်ဆင့်သာ တရုတ်နိုင်ငံက ကချင်ပြည်နယ်နှင့် ပတ် သက်ဆက်နွှယ်မှုရှိခဲ့သည်။ ဟား ဗတ်ဒီမိုကရေစီနှင့် ဆန်းသစ်ဖန် တီးမှုစင်တာက သုတေသနပြု ချက်အရ ၂၀၁၁ တစ်ခုတည်းမှာပင် တရုတ်သို့ ကချင်ပြည်နယ် မှ ကျောက်စိမ်းတင်ပို့မှုက အမေ ရိကန်ဒေါ်လာ သန်း ၈၀၀ အထိရှိ ခဲ့သည်။ ယူနန်ပြည်နယ်မှ တရုတ် အစိုးရအရာရှိများ၏ ပတ်သက် တွန်းထိုးမှုကြောင့် ကချင်ပြည် နယ်၏ ငြိမ်းချမ်းရေးကြိုးပမ်းမှု များက ပိုဆိုးရွားလာနေသည်။

‘‘ပုဂ္ဂလိကလုပ်ငန်းတွေက မြန်မာအစိုးရအနေနဲ့ ကချင်ပြည် နယ်ကို လုံးဝထိန်းချုပ်ထားတာကို မလိုချင်ဘူး။ သူတို့က ဒေသဆိုင် ရာနိုင်ငံရေးအုပ်စုတွေ လက်နက် ကိုင်တပ်တွေနဲ့ ပိုပြီးအဆင်ပြေတဲ့ သဘောတူညီချက်တွေကိုပဲ လို ချင်တယ်’’ဟု စတင်စွန်စင်တာက သုတေသီယွန်ဆင်က ပြောပါ သည်။ ဆိုလိုသည်မှာ ငြိမ်းချမ်းရေးတည်မြဲနေလျှင် ၎င်းတို့စီးပွားရေး အတွက် အခြေအနေသိပ်မ ကောင်းချေ။

၂၀၁၂ ဒီဇင်ဘာနှင့် ၂၀၁၃ ဇန်န၀ါရီတွင် နှစ်ဖက်တိုက်ပွဲ အရှိန်ပြင်းလာသည့်အတွက် တရုတ်အစိုးရက ကချင်ပြည်နယ်အ ရေး၌ ၎င်းတို့ကိုယ်တိုင် တိုက်ရိုက် ပါဝင်လာခဲ့ရသည်။ နယ်စပ်ကို ဗုံး ကျည်ဆန်တွေကျလာပြီး ထောင် ချီနေသော ဒုက္ခသည်များကလည်း တရုတ်နိုင်ငံအတွင်း ပြေးဝင်လာ၏။ ကချင်ပြည်နယ်နှင့် ယူနန်အကြား စီးပွားရေးတွေကလည်း ရပ်တန့်သွားပြီး တရုတ်အစိုးရ၏ ကချင်ပြည်နယ်အတွင်း စွမ်းအင်ထုတ်ယူမည့် စီမံကိန်းများမှာလည်း ခြိမ်းခြောက်ခံနေရသည်။ နေပြည်တော်စစ်အစိုးရကို ဆန့်ကျင်မှုများကလည်း ပြင်းထန်လာသည်။ ထို့ကြောင့် တရုတ်အစိုးရအနေဖြင့် ရွေးချယ်စရာမရှိတော့ဘဲ ကချင်အရေးတွင် ၀င်ရောက်ပတ်သက်ခဲ့ရသည်။

ထို့ကြောင့် တရုတ်အစိုးရ၏ တုံ့ပြန်ပုံကလည်း ပြောင်းလဲသွား ခဲ့သည်။ တရုတ်စစ်တပ်တွေကို နယ်စပ်ဒေသတွေဆီ အားဖြည့်စေ လွှတ်ခဲ့သည်။ တရုတ်ဒုတိယနိုင်ငံ ခြားရေးဝန်ကြီး ဖုရင်ကလည်း မြန်မာသမ္မတ ဦးသိန်းစိန်ကို ရန်ကုန် မှာ သွားရောက်တွေ့ဆုံပြီး တိုက် ပွဲများနှင့် ပတ်သက်၍ စိုးရိမ် ကြောင်း ပြောခဲ့၏။ ထိုရက်မှာပင် တရုတ်စစ်တပ် အကြီးအကဲဗိုလ် ချုပ် ကွီဂျန်ကိုက မြန်မာသို့ လာရောက်ကာ လုံခြုံရေးဆိုင်ရာ မဟာဗျူဟာများ တိုင်ပင်ဆွေးနွေးခဲ့၏။

ထို့ပြင် တရုတ်အစိုးရက လည်း တရုတ်နိုင်ငံဆိုင်ရာ ဖီလစ်ပိုင်နှင့် ကုလသမဂ္ဂသံအမတ်ဟောင်း ၀န်ရီဖန်ကိုမြန်မာနှင့် ပူးပေါင်းဆောင်ရွက်ရန် တရုတ်အစိုးရ၏ အာရှရေးရာ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်လိုက်သည်။ ခန့်အပ်ပြီး သုံးရက်အကြာမှာပင် ၎င်းက အနောက်နိုင်ငံသို့ ခရီးထွက်ခဲ့ရသည်။

ယခင်က တရုတ်အစိုးရ သည် ကေအိုင်အိုကချင်လက်နက်ကိုင်အဖွဲ့နှင့် ပတ်သက်လာလျှင် ပေါ်ပေါ်တင်တင် မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သော်လည်း ၂၀၁၃ တွင်မူ နှစ်ဖက်ပြောဆိုဆွေးနွေးရန် ၎င်းကပင် အလျင်အမြန်စီစဉ်ပေးခဲ့သည်။ ရွှေလီမြို့ရှိ ဂျင်ချန်ဟိုတယ်၌ ငြိမ်းချမ်းရေးဆွေးနွေးရန် တရုတ်အစိုးရက ဆောင်ရွက်ပေးခဲ့၏။ ချက်ချင်းပင် ထိုကိစ္စမှာ စိတ်အားထက်သန်လာသည်။ တရုတ် ၏ အကျိုးစီးပွားများ ခြိမ်းခြောက် ခံနေရသည်အတွက်ကြောင့် ဖြစ်ပါသည်။

၂၀၁၃ ဖေဖော်ဝါရီလတွင် ကျင်းပခဲ့သော ကေအိုင်အိုနှင့် နေပြည်တော်အစိုးရကြား ဆွေးနွေးပွဲသည် တရုတ်အစိုးရ၏ ကာလရှည်ကြာစွာ ကိုင်စွဲထားသည့် ၀င်ရောက်မစွက်ဖက်ရေးမှုကို သွေဖည်ပြီး ကချင်အရေး၌ ပထမဆုံး လူသိရှင်ကြားပတ်သက်ခြင်း ဖြစ်သည်။

‘‘ကချင်က တရုတ်အတွက် တော့ ကိုင်တွယ်ရတာ ရှုပ်ထွေးတဲ့ နေရာတစ်ခု ပါ။ တစ်ဖက်မှာလည်း တရုတ်အနေနဲ့ ကချင်နဲ့ အထူးဆက်သွယ်ရေးရှိတာက ကောင်းတယ်။ မြန်မာအစိုးရနဲ့ ပြောဆိုတဲ့အခါ နိုင်ကွက်ရှိတယ်။ ဒါပေမဲ့ သူတို့က ကချင်ကို အရမ်းထောက်ခံပြန်ရင်လည်း ကချင်လူထုတွေကို ဒုက္ခပေးသလိုဖြစ်မယ်။ ဒါကြောင့် ဒါကို ဘက်မျှအောင် လုပ်ရတာ အရမ်းခက်ပါတယ်’’ဟု နိုင်ငံတကာပဋိပက္ခ လေ့လာရေးအဖွဲ့ (MERICS)က သုတေသီ ကွင်လီဝန်က ပြောကြားသည်။ လီဝန်ပြောကြားသည့် ဒုက္ခဆိုသည်များမှာ မြန်မာပြည်အရှေ့မြောက်ဖျားပိုင်း၌ စီစဉ်နေသည့် တရုတ်အစိုးရပိုင် အကြီးစားစွမ်းအင်စီမံကိန်းများ ဖြစ်ပါသည်။ တရုတ်အစိုးရ၏ ရေအားလျှပ်စစ်စီမံကိန်းနှင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းများက ရှမ်းပြည်နယ်မှ ကချင်ပြည်နယ်အထိ စစ်ဖြစ်နေသောနေရာများကို ဖြတ်ပြီး ဖောက်လုပ်ထားသည်။ စီမံကိန်းအများစုက ဖျက်သိမ်းပစ်ခံရရန် လွယ်ကူသည်။ ထို့ကြောင့် တရုတ်အစိုးရက ကေအိုင်အေကို ရန်မစမိအောင် သတိကြီးစွာထားပြီး ဆောင်ရွက်ရမည် ဖြစ်သည်။

အမေရိကန်ဒေါ်လာ သန်း ၃,၆၀၀ တန်ဖိုးရှိ မြစ်ဆုံစီမံကိန်း သည် တရုတ်အစိုးရ၏ ကချင် ပြည်နယ်အတွင်း မဟာဗျူဟာကျလှသော စီမံကိန်း ဖြစ်သည်။ ၂၀၁၁ တွင် ဒေသခံကချင်ရွာသားများနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားများ၏ ပြင်းထန်စွာ ကန့်ကွက်မှုကြောင့်   သမ္မတ ဦးသိန်းစိန်သည်  အဆိုပါစီမံကိန်းကိုရပ်ဆိုင်းခဲ့၏။ ထိုဖြစ်ရပ်မှာ မြန်မာစစ်အစိုးရလက်ထက်က မရှိခဲ့ဖူးသည့်၊ ကြားပင် မကြားဖူးသည့် ဖြစ်ရပ်မျိုး ဖြစ်သည်။

တရုတ်အစိုးရခေါင်းဆောင် များအတွက် ယင်းဖြစ်ရပ်သည် ၎င်းတို့၏ သဘောထားမူဝါဒပုံစံကို ပြောင်းလဲရမည့် ကာလဖြစ်ခဲ့ သည်။ မြစ်ဆုံဆည်အရေး၌ တ ရုတ်တို့ ကျဆုံးမှုသည် နောင်ကို ဒေသခံများကို ထည့်မတွက်ဘဲ တရုတ်တို့က အစိုးရနှင့် လုပ်ချင် သလိုလုပ်လို့မရတော့ဆိုသည်ကို ပြသလိုက်ခြင်း ဖြစ်သည်။

ထို့ပြင် အနောက်နိုင်ငံတွေ နှင့် အပြိုင်ဝင်နေရပြီဖြစ်သဖြင့် တရုတ်သည် မြန်မာနိုင်ငံတွင် ယခင်လို တစ်ဦးတည်းလွတ်လွတ်လပ်လပ် မလုပ်ကိုင်နိုင်တော့ပေ။ မြန်မာကို နိုင်ငံတကာက ပစ်ပယ်ထားစဉ်အတွင်း တရုတ်က တစ်ဦး တည်းထောက်ခံသူဖြစ်ပြီး ယခင်ကဲ့သို့ လုပ်ချင်တာလုပ်ခွင့်ရခဲ့ သည်ဆိုသည့် အတွေးအခေါ်များ လည်း အလုပ်မဖြစ်တော့ပါ။ နေ ပြည်တော်အစိုးရ၏ ဒီမိုကရေစီ ဖော်ဆောင်ရေးများက အနောက် နိုင်ငံများဘက်ကို ယိုင်လာပြီး တရုတ်အစိုးရအနေဖြင့် နေရာသိပ် မရတော့ပေ။ အမေရိကန်က မြန်မာနှင့် နီးစပ်လာသည့်အခါ တရုတ်အစိုးရကလည်း ၎င်း၏ ချဉ်းကပ်ပုံကို ပြန်လည်သုံးသပ် ပြင်ဆင်လာရတော့သည်။

တရုတ်အစိုးရ၏ အကြောက်ဆုံးပြဿနာမှာ ကချင်ပဋိပက္ခ သည် နိုင်ငံတကာပြဿနာတစ်ခု ဖြစ်လာပြီး အမေရိကန်က ယင်းပြဿနာမှာ ပါဝင်လာမည်ကိုပင်။ အမေရိကန်တပ်များ ကချင်ပြည်နယ်တွင် လာရောက်ချထားပါက တရုတ်နယ်စပ်နှင့် ထိစပ်နေသည့်အတွက် တရုတ်အနေဖြင့် မည်သို့မျှ လက်မခံနိုင်သည့်အခြေအနေဖြစ်လာနိုင်သည်။ တရုတ်က ၎င်း၏နိုင်ငံအရှေ့ဘက်ကမ်းရိုးတန်း၌  အမေရိကန်ရေတပ်ရှိနေသည်ကို ပင် စိတ်အနှောင့်အယှက်ဖြစ်နေရသည်။

သို့သော်လည်း မြန်မာနှင့် တရုတ်အကြား ဆက်ဆံရေးက ပြန်တိုးတက်လာသည်။ နှစ်အ နည်းငယ်အကြာ ကသိကအောက်မရေရာမှုများအပြီး နှစ်ဖက်စလုံးက ၎င်းတို့၏ လိုလားချက်များနှင့် သဘောထားများကို ပြန်လည် ပြင်ဆင်လာကြသည်။ ပြီးခဲ့သည့် နိုဝင်ဘာလက တရုတ်ဝန်ကြီးချုပ် လီကီကျန်း မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး တရုတ်ဦးဆောင်သည့် အာရှ ရင်းနှီးမြှုပ်နှံမှုဘဏ်ကိုလည်း နေ ပြည်တော်အစိုးရက အားပေး ထောက်ခံခဲ့သည်။ ထို့ကြောင့် တ ရုတ်အစိုးရကလည်း ကချင်ပြည် နယ်အရေးတွင် လူသိရှင်ကြားပတ်သက်မှုကို နည်းနိုင်သမျှနည်းအောင် ချုံ့လာခဲ့သည်။ တရုတ်မြန်မာဆက်ဆံရေးက ကဏ္ဍသစ်တစ်ခုသို့ ရောက်နေသည်ကို   တရုတ်အစိုးရက အဟန့်တားဖြစ်အောင်မလုပ်ချင်ပါ။

သို့သော် မကြာမီ ကချင်ပြည်နယ် ပဋိပက္ခများ မဖြေရှင်းနိုင်ပါက အနှေးနှင့် အမြန်ဆိုသလို အဓိကဇာတ်ကောင်ဖြစ်သော တရုတ်အစိုးရအနေဖြင့် ပတ်သက်ချင်သည်ဖြစ်စေ၊ မပတ်သတ်ချင်သည်ဖြစ်စေ ကချင်ပြည်နယ်အရေးတွင် ၀င်ရောက်ညှိနှိုင်းရဖို့ ရှိလာနိုင်ပါသည်။

(The Diplomat စာဆောင် မှ ဆောင်းပါးရှင် Brent Crane ၏ Kachin and China's Troubled Border ဆောင်းပါးကို ထားထား မြင့် ဘာသာပြန်ဆိုသည်)

Credit - 7DAY DAILY

No comments:

Post a Comment