ရန်ကုန်၊ ဇန်န၀ါရီ ၂၁
ပြည်ပရွှေဈေး မြင့်တက်မှုနှင့်အတူ မြန်မာရွှေဈေးမှာ တစ်ကျပ်သားလျှင် ကျပ်ငါးသောင်းခန့်အထိ မြင့်တက်မှုကြောင့် ၀ယ်ယူမှုထက် ပြန်လည် လာသွင်းသူများ ပိုမိုများပြားလာကြောင်း အောင်သမာဓိ ရွှေဆိုင်မန်နေဂျာ ဦးဝင်းငယ်က ဇန်န၀ါရီလ ၂၁ ရက်တွင် မြန်မာသံတော်ဆင့်သို့ ပြောသည်။
မြန်မာ့ရွှေဈေးမှာ ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက ၁၆ ပဲရည် တစ်ကျပ်သားလျှင် ၆၆၄၀၀၀ မှ ၆၇၁၀၀၀ ကျပ် အထိသာရှိခဲ့ရာ မှ ဇန်န၀ါရီ ၂၁ရက်နေ့ အပိတ်ဈေးအဖြစ် ၆၉၉၅၀၀ိ/ကျပ်အထိ မြင့်တက်
ခဲ့သည့်အတွက် ယခုကဲ့သို့ ပြန်လည်လာသွင်းသူ များပြားနေခြင်း ဖြစ်သည်။
““၁၀ ရက်လောက်အတွင်းကို ပြည်တွင်းရွှေဈေးက လေးသောင်း၊ ငါးသောင်းလောက် တက်လာတော့ လက်ထဲရှိတဲ့သူ ပြန်ရောင်းတာပေါ့””ဟု ဦးဝင်းငယ်က ပြောသည်။
ယခုကဲ့သို့ ရွှေဈေးတက်လာရခြင်းမှာ စက်သုံးဆီဈေးနှုန်းများ ကျဆင်းလာမှုနှင့် သက်ဆိုင်ပြီး ရွှေဈေးကွက်၌ ရင်းနှီးမြှုပ်နှံမှုများ ပြားလာခြင်းကြောင့် လည်း ဖြစ်သည်။
““လက်ရှိ ကမ္ဘာ့ရွှေဈေးက (ဒေါ်လာ) ၁၃၀၀ ကျော်လာတဲ့အတွက် ဈေး တက်လာတယ်။ ပြီးခဲ့တဲ့အပတ်က ၁၂၂၀ ကျော်ဆိုတော့ ၁၀ ရက်အတွင်း ဒေါ်လာ ၁၀၀ လောက် ဈေးတက်လာတဲ့ အတွက် ပြည်တွင်း ရွှေဈေးလည်း တက်လာတာပေါ့။ ကမ္ဘာ့ရေနံဈေးကြောင့် ရွှေဈေးတက်တယ်လို့လည်း ပြောလို့ရတယ်။ အခုက ရေနံဈေးက ကျတဲ့အတွက် ဒေါ်လာဈေးထက် ရွှေဈေးပြန်တက် တယ်လို့တော့ ပြောလို့ရတာပေါ့။ ရေနံဈေး ကလည်း တစ်စည်ကို (ဒေါ်လာ)၁၀၀ ကျော်ကနေ ၄၀ ကျော်အထိ ကျလာတယ် ဆိုတော့လေ။ ရွှေဈေးက အဲဒါနဲ့ လိုက်ပြီး တက်တယ်လို့တော့ အကြမ်းဖျဉ်း ပြောလို့ရတာပေါ့။ ရေနံဈေးက ကမ္ဘာ့ရွှေဈေးကို အနည်းငယ် ရိုက်ခတ်မှု ရှိတယ်လို့လည်း ပြောလို့ရတယ်””ဟု အောင်သမာဓိ ရွှေဆိုင်မှ မန်နေဂျာ ဦးဝင်းငယ်က မြန်မာသံတော်ဆင့်သို့ ပြောသည်။
ကမ္ဘာ့ရွှေဈေးမှာ ပြီးခဲ့သည့် ရက်သတ္တပတ် အတွင်းက တစ်အောင်စလျှင် ၁၂၃၅ ဒေါ်လာမှ ဇန်န၀ါရီလ ၂၁ ရက်နေ့တွင် ၁၂၉၃ ဒေါ်လာအထိ မြင့်တက် ခဲ့ပြီး ကမ္ဘာ့ရေနံဈေးမှာမူ တစ်စည်လျှင် ဒေါ်လာ ၁၀၀ ကျော်မှ ၄၀ ကျော် အထိ ဈေးကျခဲ့သည့်အတွက် ရွှေဈေးကွက်အတွင်း ရင်းနှီးမြှုပ်နှံမှု များပြားလျက် ရှိသည်။
““ကမ္ဘာ့ရွှေဈေး တက်တဲ့အခါမှာ ကမ္ဘာ့ရွှေဈေးနဲ့တက်တဲ့ ဒေါ်လာနှုန်းနဲ့အတူ အဲဒီဈေးဖြစ်လာတာ။ ကမ္ဘာ့ရွှေဈေးတက်တော့ ဒီကပေါက်တဲ့ ဒေါ်လာဈေးနှုန်း နဲ့ မြှောက်တဲ့အခါမှာ ဒီဈေးနှုန်း ခုနစ်သိန်းနီးပါး လောက် ရှိသွားတာပေါ့။ အရောင်းအ၀ယ် မလိုက်တော့ ခုနစ်သိန်းတော့ မကျော်ဘူးပေါ့။၂၀၁၅ အဖွင့်မှာ တစ်ကမ္ဘာလုံးမှာရှိတဲ့ စီးပွားရေးနဲ့ ပတ်သက်တဲ့ Impact မကောင်းတော့ ရွှေမှာ ပိုပြီး ရင်းနှီးမြှုပ်နှံတဲ့အ တွက်ကြောင့် ရွှေဈေးက နည်းနည်း တက်လာ တာ။ ဈေးကွက်ထဲမှာတော့ ဈေးတက်တော့ လူတွေက သိပ်မ၀ယ်ကြသေးဘူး။ အခြေအနေ စောင့်ကြည့်နေကြတာပေါ့”” ဟု ရွှေလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးကျော်ဝင်းက မြန်မာသံတော်ဆင့်သို့ ပြောသည်။
၁၆ ပဲရည် ရွှေဈေးများ မြင့်တက်မှုနှင့်အတူ ၁၅ ပဲရည်ရွှေများမှာ လည်း ဈေးမြင့်တက်လျက်ရှိပြီး ယခင်က တစ်ကျပ်သားလျှင် ကျပ် ၆၃၂၅၀၀ ရှိခဲ့ရာမှာ ဇန်န၀ါရီလ ၂၁ရက်တွင် ၆၅၃၂၀၀ကျပ် အထိ မြင့်တက်လျက် ရှိသည်။
ပုံမှန်ဈေးတက်လေ့ရှိသည့် ကာလတွင် မြင့်တက်လာခြင်းဖြစ်သဖြင့် ရွှေဈေး ဆက်လက်မြင့်တက်ရန် အခြေအနေ ရှိ၊ မရှိကို စောင့်ကြည့်နေဆဲဖြစ်ပြီး အခြေအနေကို ခန့်မှန်းရန် ခက်ခဲနေဆဲဖြစ်သည်။
““ကမ္ဘာ့ရွှေဈေးက နှစ်စတို့ နှစ်ဆုံးတို့မှာ အတက်အကျ မြန်တာမျိုး ဖြစ်တတ်တဲ့ သဘောရှိတယ်။ တောက်လျှောက် ဈေးတက်မယ်လို့တော့ ပြောလို့မရဘူးပေါ့။ အရင်နှစ်တွေထက်စာရင်တော့ ရွှေဈေးက တက်ရိပ်ပြလာတာပေါ့””ဟု ဦးဝင်းငယ်က သုံးသပ်သည်။
သဉ္ဇာဆွေ
မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald
No comments:
Post a Comment