Saturday, January 24, 2015

ရိုးသားပွင့်လင်းမှုဖြင့် ရင်ကြားစေ့ရန် - အယ်ဒီတာ့အာဘော်

 မြန်မာ့နိုင်ငံရေး အကျပ်အတည်းက တစ်နေ့တခြား စိုးရိမ်ကြောင့်ကြစရာ အခြေအနေသို့ ရောက်ရှိ လာသည်။ ပြည်တွင်းငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ရွေးကောက်ပွဲ ကိစ္စများအပြင် ပြည်သူလူထု အကြား ပဋိပက္ခ ဖြစ်စေနိုင်သော အကြောင်းတရား များစွာကို လည်း မြင်တွေ့နေရသည်။ လက်ရှိ တွေ့ကြုံနေ ရသော နိုင်ငံရေး အကျပ်အတည်း မှန်သမျှ အတွက် ပြေလည် စေနိုင်မည့် နည်းလမ်းမှာ တွေ့ဆုံ ညှိနှိုင်း အဖြေရှာခြင်းပင် ဖြစ်သည်။ နိုင်ငံရေး အကျပ်အတည်းများ ပြေ လည် နိုင်စေရေးအတွက် အမှန်တကယ် အဆုံးအဖြတ်ပေးနိုင်သော ကိုယ်စားပြု ပုဂ္ဂိုလ်များအကြား ရိုးသားပွင့်လင်းစွာ စေ့စပ် ညှိနှိုင်းနိုင်မှသာ အကျပ်အတည်းမှ ထွက်မြောက်နိုင်မည့် အဖြေကို ရရှိနိုင်မည်ဖြစ်သည်။

မြန်မာ့နိုင်ငံရေး၌ အခရာကျသော ခေါင်းဆောင်များအကြား တွေ့ဆုံဆွေးနွေး မှု ဖြစ်မြောက်ရေး သည် နိုင်ငံနှင့် နိုင်ငံသားတို့၏ အနာဂတ် ကံကြမ္မာအတွက် လွန်စွာ အရေးကြီးလှပေသည်။ လက်ရှိအချိန်အထိ တွေ့ဆုံ ဆွေးနွေးရေး စားပွဲဝိုင်းကို အသေအချာ အကောင်အထည် မဖော်နိုင်သေးသည့် အကြောင်းတရားများတွင် သံသယများ၊ အမုန်းတရားများနှင့် အာဃာတများ ပါကောင်းပါနိုင် သည်။ ခေါင်းဆောင်များအကြား တစ်ဦးအပေါ် တစ်ဦး အယုံအကြည်မဲ့၍ သံသယမကင်းသမျှ ကာလပတ်လုံး နားလည်မှု ရရှိနိုင်ရန် မဖြစ်နိုင်ပေ။ အဆိုပါ သံသယများနှင့် အမုန်းတရားများကို ဖြေဖျောက် နိုင်မည့် အရာမှာ ရိုးသား ပွင့်လင်းမှုပင်ဖြစ်သည်။

မြန်မာ့နိုင်ငံရေးအတွက် အဆုံးအဖြတ် ပေးနိုင်သော ခေါင်းဆောင်များအကြား တစ်ဦးနှင့်တစ်ဦး ပွင့်လင်း မြင်သာစွာ၊ ရိုးသားမှုရှိစွာဖြင့် အကြိုကမ်းလှမ်းမှု၊ ညှိနှိုင်းမှုများကို ပြုလုပ်၍ ကြိုတင် သဘောတူညီမှု တစ်စုံတစ်ရာ ရယူထားနိုင်မှသာလျှင် တွေ့ဆုံဆွေးနွေးရေးကို လက်တွေ့ကျကျ အကောင်အထည် ဖော်နိုင်ရန် အကြောင်းမြင်ပေသည်။ နိုင်ငံနှင့် ပြည်သူ လူထု၏ မျက်နှာကို ထောက်ရှုကာ တစ်ဖက်နှင့်တစ်ဖက် အတတ်နိုင်ဆုံး အလျှော့ပေးရန် ပြင်ဆင်ထားသင့်ပြီး လိုက်လျောနိုင်သမျှ အတိုင်းအတာ အားလုံးကို ရိုးသား ပွင့်လင်းစွာ ထုတ်ဖော် ပြောဆိုထားမှသာ လက်တွေ့ကျသော တွေ့ဆုံ ဆွေးနွေးမှုများ ဖြစ်လာနိုင်လိမ့်မည်။ နှစ်ဖက်စလုံးမှ အပြန်အလှန် လက်ခံ ယုံကြည်နိုင်မည့် ကမ်းလှမ်းမှုမျိုးကို ဖွင့်ဟကြေညာပြီး တွေ့ဆုံ ဆွေးနွေးရေး လမ်းကြောင်းကို ဖွင့်ပေးနိုင်မှသာ အမျိုးသား ရင်ကြားစေ့ရေးကို အကောင်အထည် ဖော်နိုင်မည်ဖြစ်သည်။

တစ်ဖက်နှင့်တစ်ဖက် မယုံကြည်မှုများနှင့်သာ အလျှော့မပေးဘဲ ဆက်လက် တင်းမာနေဦးမည် ဆိုပါက နဂို ကတည်းက နာလန် မထူအောင် ဖြစ်နေသော နိုင်ငံနှင့် ပြည်သူလူထုအတွက် အနာဂတ်ကံကြမ္မာ ပိုမိုဆိုးဝါး သွားရန်သာ ရှိနေသည်။ တစ်ဦးနှင့် တစ်ဦးကြား၊ အဖွဲ့အစည်း တစ်ခုနှင့် တစ်ခုကြား ရိုးသား ပွင့်လင်းမှု၊ နီးကပ်သော ဆက်ဆံမှုတို့ မရှိသမျှ နားလည် ယုံကြည်မှု ရရှိရန် မဖြစ်နိုင်ပေ။ တစ်မြေတည်းနေ၊ တစ်ရေ တည်းသောက်ကြသူ အချင်းချင်း အခြေအနေအရ ဆန့်ကျင်ဘက် အရပ်တို့၌ ရှိနေကြစေကာမူ နိုင်ငံနှင့် နိုင်ငံသားတို့၏ အကျိုးကိုငဲ့၍ အလျှော့ပေး ရင်ကြားစေ့ကာ မိမိတိုင်းပြည်နှင့် လူမျိုးအတွက် လက်တွဲ လုပ်ဆောင် သွားသင့်ပါကြောင်း တိုက်တွန်းလိုက်ရပါသည်။

အယ်ဒီတာ

၂၁-၁-၂၀၁၅

မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald

No comments:

Post a Comment