Friday, January 23, 2015

မြန်မာသံတော်ဆင့်၏ အင်တာဗျူးဖတ်ပြီးနောက် ပြန်ကြားရေးဒုညွှန်မှူး – မူပိုင်ခွင့်ဌာနက သမ္မတကို အကြည်ညိုပျက်သွားကြောင်း သက်သေထွက်ဆို

 ရန်ကုန်၊ ဇန်န၀ါရီ ၂၁

နိုင်ငံတော်သမ္မတနှင့် အစိုးရအဖွဲ့၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည်ဟူသော စွပ်စွဲချက်ဖြင့် ပြန်ကြားရေး ၀န်ကြီးဌာနက တရားလို ပြုလုပ်၍ မြန်မာ သံတော်ဆင့် ဂျာနယ်မှ အယ်ဒီတာချုပ်အပါအ၀င် (၁၁)ဦးကို မီဒီယာဥပဒေပုဒ်မ ၂၅ (ခ)ဖြင့် တရားစွဲဆိုခြင်း၏ ဆဋ္ဌမအကြိမ် ရုံးချိန်းတွင် တရားလိုပြ သက်သေ ၂ ဦးကို စစ်ဆေးခဲ့ရာ မြန်မာသံတော်ဆင့် ရှေ့နေဦးဇော်လင်း က မေးမြန်းရာတွင် တရားလိုပြ သက်သေ ၁ ဦးဖြစ်သူ ပြန်ကြားရေး ၀န်ကြီးဌာန၊ မူပိုင်ခွင့်နှင့်မှတ်ပုံတင် ဌာနခွဲမှ ဒုတိယညွှန် ကြားရေးမှူး ဒေါ်ယုယုဝင်းက အင်တာဗျူးကို ဖတ်ရသည့်အတွက် သမ္မတကို အကြည်ညို ပျက်သွားကြောင်း ထွက်ဆိုခဲ့သည်။

မြန်မာသံတော်ဆင့်ဂျာနယ်၏ ဇန်န၀ါရီလ (၁၉)ရက်က ပြုလုပ်သည့် ဆဋ္ဌမအကြိမ် ရုံးချိန်းသို့ မြန်မာသံတော်ဆင့် ဂျာနယ်မှ အယ်ဒီတာချုပ် အပါအ၀င် ၉ ဦး လာရောက်ခဲ့ပြီး တရားလိုဘက်မှ ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယညွှန် ကြားရေးမှူးချုပ် ဦးမြင့်ထွေးနှင့် တရားလိုပြသက်သေ ၂ ဦးဖြစ်သည့် ပြန်ကြားရေး ၀န်ကြီးဌာန၊ မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနခွဲမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်ယုယုဝင်းနှင့် လက်ထောက် ညွှန်ကြားရေးမှူး ဦးကျော်ဌေးတို့ လာရောက် ထွက်ဆိုသည်။

အမှုစစ်ဆေးမှုတွင် တရားလိုပြသက်သေ ဒေါ်ယုယုဝင်းထွက် ဆိုချက်နှင့် ပတ်သက်၍ ““အံ့ခေါင်မင်းနဲ့ ဦးမျိုးရန်နောင်သိမ်း အင်တာဗျူး ဖတ်ပြီးတော့ သမ္မတနဲ့သူ့ အစိုးရအဖွဲ့ကို အကြည်ညိုတော့ ပျက်မသွားဘူး မဟုတ်လားလို့မေးတာ၊ အကြည်ညို ပျက်သွားတယ်တဲ့။ ငါက ဆက်မေးတယ်။ အကြည်ညို ပျက်တယ်ဆိုရင် ဦးမျိုးရန်နောင်သိမ်း ပြောတာတွေကို ခင်ဗျားလက်ခံလို့၊ ယုံလို့ အကြည်ညို ပျက်တာလားဆိုတော့ အဲဒီလိုတော့ မဟုတ်ပါဘူးလို့ ဖြေတယ်။ အကြည်ညိုပျက်တယ်ဆိုရင် တို့ကမေးတာက ရေးတာတွေကို ယုံလို့လား၊ လက်ခံ လို့လား။ ရေးတာတွေကို မယုံကြည်ရင် အကြည်ညိုပျက်စရာမှ မရှိတာ””ဟု မြန်မာသံတော်ဆင့်ရှေ့နေ ဦးဇော်လင်းက ပြောသည်။

ဆက်လက်၍ တရားလိုပြ သက်သေဦးကျော်ဌေးကို မေးမြန်းရာ၌ ““အင်တာဗျူးမှာပါတဲ့ စကားတွေကို အလွတ်ရွတ်ပြ သွားနိုင်တယ်။ သူ့ရှေ့က တစ်ဆက်တစ်စပ်တည်း ပြောတာတွေကိုရော အလွတ်ရလား။ အဲဒါတွေတော့သူက မသိဘူး။ နောက်သမ္မတရဲ့ မူဝါဒတို့ဘာတို့ ဆိုတာရောသိလား ဆိုတော့ သူသေချာ မသိဘူးပေါ့။ သမ္မတက အင်တာဗျူးမှာ ပြောထားခဲ့တယ်။ သမ္မတက ဒီသက်တမ်းကုန်ရင် မလုပ်တော့ဘူးလို့ ပြောတယ်။ နောက်တစ်ခါပြောင်းပြီးတော့ လူထုကလိုလားတယ်ဆိုရင် လူထုက လုပ်စေချင်ရင်တော့ လုပ်မယ် ပြောတယ်။ နောက်တစ်ခါ မလုပ်ဘူး ပြောတယ်။ နောက်တစ်ခါ လုပ်မယ် ပြောတယ် စသဖြင့်ပေါ့။ အဲဒီလိုပြော တာတွေဟာ တကယ်တော့အဖြစ်မှန်အတိုင်းပဲပေါ့။ သမ္မတကတကယ်ပဲ အဲဒီလိုပြောတော့ ပြောခဲ့တယ်။ တစ်ခုနဲ့တစ်ခု မညီဘူးပေါ့။ သူ အဲဒါမသိဘူးပေါ့။ မသိဘူးဆိုတော့ တို့က ဆက်မေးတယ်။ သမ္မတမိန့်ခွန်း ပြောတာတို့၊ ရေဒီယိုက ပြောတာတို့၊ သမ္မတ ပြောတာတွေ ရေးထားတဲ့ သတင်းစာတို့ ဂျာနယ်တို့ စသဖြင့်ပေါ့။ ရေးသားထားတာတွေ အဲဒီဟာတွေကို ဖတ်မကြည့်မိဘူးလားလို့ မေးတော့ မဖတ်ဘူးတဲ့”” ဟု ဦးဇော်လင်းက ပြောသည်။

မြန်မာသံတော်ဆင့်ဂျာနယ်၏ ဆဋ္ဌမအကြိမ်မြောက် ရုံးချိန်းတွင် တရားလိုဘက် အပိုင်းကို စစ်ဆေးခဲ့ပြီး အမှုကို စစ်ဆေးရာ၌သမ္မန်မှုပုံစံနှင့် စစ်ဆေးခြင်း ဖြစ်သည့်အတွက် စွပ်စွဲခံရသူနှင့် ၎င်းတို့၏ သက်သေများအား ဆက်လက် စစ်ဆေးသွားမည်ဖြစ်ပြီး သက်သေများကို စစ်ဆေးပြီးစီးပါက အမှုကို အပြီးသတ် အမိန့် ချမှတ်မည်ဖြစ်သည်။ မြန်မာသံတော်ဆင့် သတင်းဂျာနယ် အတွဲ(၃)၊ အမှတ်(၂၂)ပါ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLDဗဟို)မှ သုတေသန လမ်းညွှန်အဖွဲ့ အတွင်းရေးမှူး၊ ဗေဒါနိုင်ငံရေး သိပ္ပံ ကျောင်းအုပ်ကြီး ဦးမျိုးရန်နောင်သိမ်းနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပါဝင်သည့် ပြောကြားချက်များမှာ နိုင်ငံတော်သမ္မတနှင့် အစိုးရ အဖွဲ့၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည်ဟုဆိုကာ နိုင်ငံတော်သမ္မတ ကိုယ်စားပြန်ကြားရေး ၀န်ကြီးဌာနက တရားလို ပြုလုပ်၍ သတင်းမီဒီယာ ဥပဒေပုဒ်မ ၂၅(ခ)ဖြင့် မြန်မာသံတော်ဆင့် သတင်းဂျာနယ်၏ အယ်ဒီတာချုပ်နှင့် ဖြန့်ချိရေး ၀န်ထမ်းအထိ စုစုပေါင်း (၁၁ ဦး)ကို တရားစွဲဆို ခဲ့ခြင်းဖြစ်သည်။

မြန်မာသံတော်ဆင့် ဂျာနယ်ကို တရားစွဲဆို ခံထားရသည့်အမှုအတွက် သတ္တမအကြိမ်မြောက် ရုံးချိန်းအား ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ (၃) ရက်သို့ ချိန်းဆိုထားသည်။

MH-0030
မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald

No comments:

Post a Comment