Monday, January 19, 2015

၂ဝ၁၅ ရွေးကောက်ပွဲအတွက် လိုအပ်သော ပြင်ဆင်မှု (အယ်ဒီတာ့အာဘော်)

မကြာသေးမီက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် လာမည့် အောက်တိုဘာလ နောက်ဆုံးပတ် သို့မဟုတ် နိုဝင်ဘာလ ပထမပတ်တွင် ရွေးကောက်ပွဲကို ကျင်းပမည့်အကြောင်း ကြေညာခဲ့သည်။ ၂ဝ၁၅ ခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲဖြစ်၍ လူအများက ၂ဝ၁၅ ရွေးကောက်ပွဲဟု လွယ်လွယ်သိထားကြသည့် ရွေးကောက်ပွဲ ဖြစ်သည်။

ယင်းရွေးကောက်ပွဲသည် မြန်မာနိုင်ငံ၏ အနာဂတ်အတွက် အထူးအရေးကြီးလှသည့် ရွေးကောက်ပွဲဟု မြန်မာနိုင်ငံရေးနှင့် ဆက်နွယ်သူတိုင်းက လက်ခံထားကြသည်။

ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အောင်မြင်ဖို့ လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းပြီး တည်မြဲသည့် ငြိမ်း ချမ်းရေးရရှိဖို့အတွက် ယခု လာမည့် ရွေးကောက်ပွဲသည် သော့ချက်ကျသည့် နိုင်ငံရေးအဖြစ်အပျက်ဖြစ်ခြင်း ကြောင့်လည်း ၂ဝ၁၅ ရွေးကောက်ပွဲကို အရေးကြီးသည်ဟု ဆိုလိုကြခြင်း ဖြစ်သည်။ ဤသို့ဆိုလျှင် လာ မည့်ရွေးကောက်ပွဲသည် နိုင်ငံအတွက် အရေးပါသည့် နိုင်ငံရေးဖြစ်စဉ် တစ်ရပ်ဖြစ်မည်မှာ အငြင်းပွားစရာ မရှိပေ။

သို့သော် ယင်းနိုင်ငံရေးဖြစ်စဉ် အဆင်ပြေချောမောစွာ ဖြစ်မြောက်ရေးသည် အရေးကြီးသည်မှာ ထင်ရှား နေပေသည်။ ဤနေရာ တွင် ရွေးကောက်ပွဲ အဆင်ပြေ ချောမောစွာ၊ အောင်မြင်စွာ ကျင်းပနိုင်ခြင်းဆိုသည် အချက်တွင် မည်သည့်အချက်များ ပါဝင်နေသနည်း ဟုဆိုသော် လွတ်လပ်စွာ နိုင်ငံရေးပါတီ တည်ထောင် လှုပ်ရှားခွင့်ရှိသည့်အခြေအနေ၊ လွတ်လပ်စွာ မဲဆွယ်စည်းရုံးနိုင်သောအခြေအနေ၊ လွတ်လပ်စွာ မဲပေး ခွင့်ရှိသော အခြေအနေနှင့် မျှတသော မဲရေတွက်မှုတို့ ရှိရမည် ဖြစ်ပေသည်။

ထိုသို့သော အခြေအနေများ ဖြစ်ပေါ်စေရန် သက်ဆိုင်ရာ နိုင်ငံရေး အင်အားစု အသီးသီးအားလုံး တာဝန် ရှိကြသည်မှာ မှန်သော်လည်း လက်ရှိအုပ်ချုပ်သည့် အစိုးရသည် အဓိကတာဝန်အရှိဆုံး ဖြစ်ပေသည်။

၂ဝ၁၅ ရွေးကောက်ပွဲ မတိုင်မီကာလတွင် အနယ်နယ်အရပ်ရပ်၌ တရားဥပဒေစိုးမိုးမှုရှိကာ နိုင်ငံရေးပါတီများ လွတ်လပ်စွာ စည်းရုံး လှုပ်ရှားခွင့်ရရန် အစိုးရအနေဖြင့် လုပ်ဆောင်ပေးရန် လိုအပ်သလို လက်နက် ကိုင်ပဋိပက္ခများ တတ်နိုင်သရွေ့ လျော့ပါးစေပြီး ပဋိပက္ခဖြစ်ပွားနေသည့် ဒေသများတွင်ပါ ရွေးကောက်ပွဲ ကျင်းပနိုင်အောင်လည်း ဦးစားပေးလုပ်ဆောင်ရန် အရေးတကြီးလိုအပ်သည်ဟု ဆိုချင်သည်။ သို့ရာတွင် လတ်တလော ဖြစ်ပျက်နေသည့် အဖြစ်အပျက်များက အထက်ပါ လိုအပ်ချက်များနှင့် ဆန့်ကျင်ဘက် ဖြစ်နေသည် ကို တွေ့နေရသည်။

အမျိုးသား ပညာရေးဥပဒေနှင့်ပတ်သက်၍ မကျေနပ်ကြသည့် ကျောင်းသားထု၏ ဆန့်ကျင်မှု ဆန္ဒထုတ်ဖော်မှုများ ဆက်တိုက်ဆိုသ လို ဖြစ်ပွားခဲ့သည်။ ယင်းဥပဒေနှင့် ပတ်သက်၍ ကျောင်းသားထု၏ တောင်း ဆိုချက်ကို အစိုးရအနေဖြင့် ကျေနပ်အောင် ဖြေရှင်းပေးနိုင်ခြင်း မရှိ၍ မကြာမီရက်ပိုင်းတွင် ဆန္ဒပြတောင်း ဆိုမှုများ ရန်ကုန်၊ မန္တလေးမြို့ကြီးများတွင် ဆက်တိုက်ပေါ်ပေါက်လာရန် ရှိနေပေသည်။ မကြာသေးမီက လည်း လက်ပံတောင်းတောင်တွင် ကျေးရွာသားများကို လူစုခွဲရာတွင် ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် တောင်သူ တစ်ဦး သေဆုံးခဲ့ရပြီး ဆက်တိုက်ဆိုသလို ဆန္ဒပြမှုများ အမြို့မြို့ အနယ်နယ်တွင် ပေါ်ပေါက်ခဲ့ရသည်။

ယခုတစ်ဖန် ကချင်ပြည်နယ်၊ ဖားကန့်ဒေသတွင် ကေအိုင်အေနှင့် အစိုးရတပ်အကြား လက်နက်ကိုင် ပဋိပက္ခများ ပြန်လည်ဖြစ်ပွားလာပြီး အရှိန်မြင့်လာနေသည်ကို ကြားသိနေရသည်။

ယခုအဖြစ်အပျက်များသည် ၂ဝ၁၅ ရွေးကောက်ပွဲအတွက် မလိုလား အပ်သည့်အကျိုးဆက်များ သက် ရောက်နိုင်သည်ကို မည်သူမှ အငြင်းပွားမည် မထင်ပါ။

ထိုအဖြစ်အပျက်များကြောင့် ယခုနှစ်ကုန်တွင် ကျင်းပမည့် လွှတ်တော် ရွေးကောက်ပွဲများနှင့် ဆက်နွယ်၍ စိုးရိမ်မှုများ တဖြည်းဖြည်း တိုးပွားလာနေသည်ကို ကြားသိနေရသည်။ ဦးသိန်းစိန် အစိုးရအနေဖြင့် ပြုပြင် ပြောင်းလဲရေး အောင်မြင်အောင် ဆောင်ရွက်ရန် အမှန်တကယ်ဆန္ဒရှိပါလျှင် အထက်က ပဋိပက္ခများ အငြင်းပွားမှုများ မကျေနပ်မှုများ၏ အကြောင်းရင်းကို ကိုင်တွယ်ဖယ်ရှားရန် ကြိုးပမ်းပြီး နိုင်ငံသားအား လုံး၏ ယုံကြည်မှုကို အမြန်ဆုံးရယူရန် မဇ္ဈိမအနေဖြင့် တိုက်တွန်းလိုပေသည်။


Credit - Mizzima News

 
 

No comments:

Post a Comment