Friday, January 23, 2015

ပြည်ထောင်စုနေ့ အပစ်ရပ်လက်မှတ်ထိုးရန် မသေချာ

 ရန်ကုန်၊ ဇန်န၀ါရီ ၂၁

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတို့တွင် တိုက်ပွဲများ ပြန် လည် ဖြစ်ပွားမှုများ ရှိနေပြီး ပြည်ထောင်စုနေ့တွင် ငြိမ်းချမ်းရေး လက်မှတ်ရေးထိုးရန် မသေချာကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ (UPWC) ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဇန်န၀ါရီ (၁၇)ရက်တွင် ပြောကြားခဲ့သည်။

““အများကတော့ ငြိမ်းချမ်းရေးကို မြန်မြန်လုပ်ချင်တယ်၊ အဲဒီထဲမှာ တစ်ယောက် နှစ်ယောက်တော့ ရှိတာပေါ့၊ ဦးနိုင်ဟံသာကတော့ ထွက်ပြောနေတာတော့ ပြည်ထောင်စုနေ့မှာ ငြိမ်းချမ်းရေး လက်မှတ်ထိုးဖို့
မဖြစ်နိုင် သေးဘူးပေါ့။ ပြောမယ်ဆိုရင်တော့ လက်မှတ်ထိုးတော့ထိုးမယ် ဒီရက်တော့ မဖြစ်နိုင်သေးဘူးလို့ ပြောနေ တာက မျှော်လင့်ချက်တော့ ရှိသေးတာပေါ့၊ ငြိမ်းချမ်းရေးအတွက် လက်မှတ်မထိုးဘူး လို့တော့ တစ်ယောက်မှ မပြောဘူး။ သို့သော်ရက်တော့ အတိအကျ မပြောနိုင်သေးဘူး”” ဟု ၎င်းကပြောသည်။ လက်ရှိတွင် တစ်နိုင်ငံလုံး ဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းအဖွဲ့(NCCT)က ချင်းမိုင်မြို့တွင် ဆွေးနွေးပွဲ ပြုလုပ်နေပြီး ၎င်းဆွေး နွေးပွဲ၏ အဖြေပေါ်မူတည်၍ UPWC နှင့် NCCT တို့ ခုနစ်ကြိမ်မြောက် တရားဝင် တွေ့ဆုံဆွေးနွေးမည်ဖြစ် သည်။ တိုက်ပွဲများ ပြန် လည်ဖြစ်ပွားနေရခြင်းမှာ အောက်ခြေတွင် အချင်းချင်းနားလည်မှု မရှိခြင်းကြောင့် ဖြစ်ပွားနေရခြင်းဖြစ်ကြောင်း (UPWC) ဒုဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ““ကျွန်တော်တို့က ငြိမ်းချမ်းရေး လုပ်နေတာဖြစ်လို့ ဘာတိုက်ပွဲမှ မဖြစ်စေချင်ဘူး၊ လူကြီးတွေက ဘယ်လောက်ပဲ ငြိမ်း ချမ်းရေ လိုချင်လိုချင် လူငယ်တွေကို ထိန်းရတာ ခက်ပါတယ်။ အောက်ခြေမှာက နည်းနည်းပါးပါး နားလည်မှုမရှိလို့ တိုက်ပွဲတွေ ဖြစ်နေတာပါ””ဟု ဆက်လက် ပြောကြားသည်။ ငြိမ်းချမ်းရေး လက်မှတ်ရေးထိုးရန် စာချုပ်ပါ အချက်အချို့အား အကြေအလည် ညှိနှိုင်းပြီးမှသာ သဘောတူ လက်မှတ်ရေးထိုး နိုင်သည်ဖြစ်ကြောင်း၊ တိုက်ပွဲများ ဆက်လက်ဖြစ်ပေါ်နေသည့်အတွက် လက်မှတ်ရေးထိုးနိုင်ရန် ပတ်ဝန်းကျင် မဖန်တီးနိုင် သေးသည့်အတွက် သဘောတူ လက်မှတ်ရေးထိုးရန် မဖြစ်နိုင်သေးကြောင်း တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) မှ ဗိုလ်မှူးခွန်ဥက္ကာက မြန်မာသံတော်ဆင့်သို့ ပြောသည်။

ဖေဖော်ဝါရီ (၁၂)ရက် ပြည်ထောင်စုနေ့တွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် (NCA)လက်မှတ် ထိုးရေးကို အစိုးရက ဒီဇင်ဘာလ အစည်းအဝေးတွင် အဆိုပြုခဲ့သည်။ တိုက်ပွဲများ ဖြစ်ပေါ်ရခြင်းမှာ အောက်ခြေတွင် နားလည်မှုလွဲပြီး သာမန်ဖြစ်ပေါ်နေသော ပဋိပက္ခမျိုး မဟုတ်ကြောင်းကို ““တပ်မမှူးက အောက်ခြေမှာ သူ့သဘောနဲ့သူ လုပ်တယ်ဆိုတာမျိုးက သိပ်မရှိပါဘူး။ မူဝါဒပိုင်းက ချမှတ်ထားတာတွေကို အောက်ခြေကနေပြီး အကောင်အထည် ဖော်နေတာလေ” ဟု NCCT မှ ဗိုလ်မှူးခွန်ဥက္ကာက ဆိုသည်။

သဉ္ဇာဆွေ
မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald

No comments:

Post a Comment