ချင်းမိုင် (မဇ္ဈိမ) ။ ။ ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) နှင့် တပ်မတော်တို့ တိုက်ပွဲအတွင်း ပိတ်မိနေသည့် ဖားကန့်မြို့နယ်၊ သန်းဂေါင်ရွာ (အောင်ဘာလေ) ကျေးရွာသား ၁၀၀၀ကျော်ထံ ကချင်ငြိမ်းချမ်းရေး အကျိုးဆောင် (PCG) ကိုယ်စားလှယ်များကို တပ်မတော် တပ်မ ၆၆ တပ်ရင်းမှူးက သွားရောက်တွေ့ဆုံခွင့် မပြု၍ မြစ်ကြီးနားမြို့သို့ လှည့်ပြန်နေပြီဟု PCG အဖွဲ့ဝင် ဦးလမိုင်ဂွမ်ဂျာက မဇ္ဈိမကို ပြောသည်။
“မသွားခိုင်းလို့ မြစ်ကြီးနားပြန်နေပြီ။ တပ်မမှူးက မသွားခိုင်းစေချင်ဘူး။ ဒီနေ့ထပ် မေးတော့ လုံခြုံရေးအရ တာဝန်မယူပေးနိုင်ဘူးလို့ ပြောလို့ မသွားတွေ့နိုင်တော့ဘူး။ မနေ့က လမ်းမိုင်းရှင်းဦးမယ်။ နောက်ပြီး မိုင်းပြန်ကွဲတယ် ဆိုပြီး မသွားခိုင်းဘူး”ဟု ဦးလမိုင်ဂွမ်ဂျာက ပြောသည်။
အဆိုပါ ကျေးရွာသားများသည် တိုက်ပွဲအတွင်း ဇန်နဝါရီလ ၁၅ ရက်မှ ၂၀ ရက်ထိ ခြောက်ရက်ကြာ ပိတ်မိနေသဖြင့် စားဝတ်နေရေး ပြတ်လတ်တော့မည် ဖြစ်ကာ ကျေးရွာသားများ၏ ရိက္ခာနှင့် ပတ်သက်၍ တပ်မ ၆၆ က တာဝန်ယူသည်ဟု ပြောဆိုခဲ့ကြောင်း သူက ပြောသည်။
ဇန်နဝါရီလ ၁၈ ရက်က ကျေးရွာသားများ ရိက္ခာပြတ်တော့မည် ဖြစ်ကြောင်း ဒေသခံများ အကြောင်းကြားလာသည်ဟု ကချင် လူမှုဖွံ့ဖြိုးရေးကွန်ယက် (KDNG) က မဇ္ဈိမကို ပြောဆိုထားသည်။
ဖားကန့်မြို့မှ ဘာသာရေးခေါင်းဆောင်များက ပိတ်မိနေသော ရွာသားများကို သွားရောက် ခေါ်ယူရန် ခွင့်ပြုခဲ့သဖြင့် PCG က ထပ်မံ တောင်းဆိုခဲ့သော်လည်း အစိုးရ စစ်တပ်က ခွင့်မပြုခဲ့ခြင်း ဖြစ်သည်။ အစိုးရ စစ်တပ်နှင့် KIA တပ်တို့အကြား ဇန်နဝါရီ ၁၉ရက်မှ စ၍ ယနေ့ထိ တိုက်ပွဲ ဖြစ်ပွားခြင်း မရှိကြောင်း ဦးလမိုင်ဂွမ်ဂျာက ပြောသည်။
Credit - Mizzima News
No comments:
Post a Comment