Friday, January 23, 2015

သမ္မတ ပြောကြားချက်မှာ တိုင်းရင်းသား လက်နက်ကိုင်များမရှိမှ နိုင်ငံရေး တာဝန်ကို စစ်တပ်က လျှော့ယူမည့် သဘောဖြစ်နေ

 ရန်ကုန်၊ ဇန်န၀ါရီ ၂၁

သမ္မတ ဦးသိန်းစိန်၏ စင်ကာပူအခြေစိုက် စထရိတ်တိုင်းမ် သတင်းဌာနနှင့် အင်တာဗျူးတွင် ဖြေကြားမှုသည် လက်နက်ကိုင် မရှိမှ နိုင်ငံရေး တာဝန်ကို စစ်တပ်လျှော့ယူမည့်သဘော ဖြစ်နေကြောင်း နိုင်ငံရေး အသိုင်းအ၀ိုင်း က ဇန်န၀ါရီလ ၂၁ ရက်တွင် မြန်မာသံတော်ဆင့်သို့ ဝေဖန် ပြောကြားလိုက်သည်။

သမ္မတဦးသိန်းစိန်က အစိုးရနှင့် လက်နက်ကိုင်များအကြား ငြိမ်းချမ်းရေး သဘောတူညီမှုရချိန်နှင့် ပြည်တွင်း တည်ငြိမ်မှုရှိလျှင် စစ်တပ် သည် နိုင်ငံရေးတာဝန် အခန်းကဏ္ဍများမှ နောက်ဆုတ် သွားမည်ဖြစ်ကြောင်း စင်ကာပူ အခြေစိုက် စထရိတ်တိုင်းမ် သတင်းဌာနသို့ ဖြေကြားမှုအပေါ် ယခုကဲ့သို့ ဝေဖန်ကြခြင်းဖြစ်သည်။

““နိုင်ငံတစ်နိုင်ငံမှာ ပြည်တွင်းစစ်တွေ ရှိရင်ရှိမယ်။ တော်လှန်ပုန်ကန်မှုတွေ ရှိရင်ရှိမယ်။ ဒါပေမဲ့ သမ္မတ အုပ်ချုပ်တဲ့ နိုင်ငံတွေရှိတယ်။ ဥပမာ-ဖိလစ်ပိုင်တို့ ဘာတို့ သမ္မတက တိုင်းပြည်အုပ်ချုပ်တဲ့ တာဝန်ယူတယ်။ တပ်မတော်က မူလတာဝန်ဖြစ်တဲ့ ကာကွယ်ရေး တာဝန်ကိုယူရမှာပဲ။ တိုင်းရင်းသား လက်နက်ကိုင်ရှိလို့ တော်လှန် ပုန်ကန်မှုတွေရှိလို့ စစ်တပ်က နိုင်ငံရေး အာဏာကို ယူရပါတယ်ဆိုတာ သိပ်အဆင်မပြေဘူး။ ဒါက မဖြစ်သင့် ဘူးလေ။ ပြည်တွင်းစစ်ကို ရပ်ရမယ့် တာဝန်က တပ်မတော်ရဲ့တာဝန်။ အုပ်ချုပ်ရမှာက ရွေးကောက်ပွဲ အနိုင်ရပါတီ။ ဒီလို အကြောင်းပြချက်နဲ့ အာဏာ ယူထားရပါတယ် ဆိုရင်တော့ သိပ်မဟုတ်ဘူး””ဟု ရခိုင် အမျိုးသားပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးအေးသာအောင်က မြန်မာသံတော်ဆင့် သို့ ပြောသည်။

လက်ရှိအချိန်တွင် လွှတ်တော် အသီးသီး၏ ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကို ကာကွယ်ရေး ဦးစီးချုပ်က တိုက်ရိုက် ခန့်အပ်ထားသည့် တပ်မတော်သား ကိုယ်စားလှယ်များက နေရာယူထားပြီး အုပ်ချုပ်ရေးမဏ္ဍိုင် ဖြစ်သော အစိုးရအဖွဲ့ အတွင်း၌လည်း ယခင်စစ်တပ် အငြိမ်းစား စစ်ခေါင်းဆောင်များသာ နေရာယူ ထားသည့်အတွက် အရေခြုံ စစ်တပ်အစိုးရဟူ၍ ဝေဖန်မှုများရှိကာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၌လည်း တပ်မတော်အား အခွင့်ထူးခံ အာဏာများ ပေးထားသည့်အတွက် ဝေဖန်လျက်ရှိသည်။

““မြန်မာပြည် အနေအထားမှာ ဆိုရင်တော့ လူထုရဲ့ အခွင့်အရေး အတွက် တောင်းဆိုမှုတွေ၊ ပေါ်လစီနဲ့ ပတ်သက်တဲ့ သဘောထား အမြင်တွေကို ဖော်ထုတ်မှုတွေ၊ ငြင်းခုံမှုတွေ ဒါတွေတော့ တွေ့ရတာပေါ့။ တကယ် မတည်ငြိမ်မှုရဲ့အရင်းအမြစ်ဖြစ်တဲ့ အကြမ်းဖက်မှုတွေ ဒါတွေကတော့ မတွေ့ရဘူးပေါ့။ ကျွန်တော့်အမြင်အရ ဆိုရင်တော့ ဗမာ့လူ့အဖွဲ့အစည်းမှာ မတည်ငြိမ်မှုဆိုတာ ခုထက်ထိ မတွေ့ရဘူး””ဟု လူမှုတရား မျှတမှု ဖော်ဆောင်ရေး အဖွဲ့မှ ဒါရိုက်တာ ဒေါက်တာသောင်းထွန်းက သုံးသပ်သည်။

ဝိုင်းမော်
မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald

No comments:

Post a Comment