သာဓုပါ ခင်ဗျာ၊ သာဓု . .သာဓုပါ ခင်ဗျ။ သမ္မတကြီးရဲ့ သ၀ဏ်လွှာပါ အတိုင်းဆိုရင်ဖြင့် ၆ ပွင့်ဆိုင်တွေ့ဆုံရေး ဖြစ်မြောက်နိုင်မယ့် အလားအလာတွေ့ရသမို့ လင်းယုန်ကတော့ သာဓုခေါ်လိုက်မိပါပြီ ခင်ဗျ။ အဲ . . အစက ရိုးရိုး၊ နောက်တော့တစ်မျိုး တိုးလို့ဆိုကာ၊ နောက်တော့မှ မုန်လာဥ မလုပ်ဖို့သာပဲ လိုပါတယ် သမ္မတကြီး ခင်ဗျာ . . .
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
လင်းယုန်တို့ရဲ့ မြန်မာစကားမှာ “ဆင်ဖြူတော် ၀င်မည့်လာဘ် ချည်တစ်မျှင်နှင့် ကျိန်းကျေသည်” ဆိုတဲ့ ရှေးစကားပုံ ဥပမာတစ်ရပ် ရှိပါရဲ့ခင်ဗျာ။
ဒီစကားပုံမှာ ရှေးအခါက ပုဏ္ဏားတစ်ဦးရဲ့ မွေးဇာတာဟာ အရွယ်ရောက်လာရင် ဆင်ဖြူရတနာ ၀င်မယ်လို့ ပါတယ်တဲ့ခင်ဗျ။ ဒါပေမဲ့ ဇာတာအရ ဆင်ဖြူ ၀င်ရမယ့်အချိန်မှာ သူဆင်းရဲတစ်ဦးက ချည်ဖြူကြိုးတစ်မျှင် ဆက်သလာတာကို လက်ခံမိတာကြောင့် ကျိန်းကျေသွားပြီး ဆင်ဖြူရတနာ မ၀င်တော့ဘူးတဲ့ ခင်ဗျ။ အဓိပ္ပာယ်ကတော့ လာဘ်ကြီးရမယ့် အရေးမှာ သေးသိမ်ညံ့ဖျင်းတဲ့ လာဘ်ငယ် ၀င်လာတာကြောင့် လာဘ်ကြီးရကိန်း ပျက်ပြယ် သွားရတယ်လို့ပဲခင်ဗျ။
လင်းယုန်တို့ရဲ့ လက်ရှိ မြန်မာ့နိုင်ငံရေးမှာလည်း ဆင်ဖြူတော် လာဘ်ဝင်ရမယ့် ဇာတာရှိသော်ငြား ချည် တစ်မျှင် … ချည်တစ်မျှင်ရယ်နဲ့ပဲ ကျိန်းကျေနေရပါတယ် ခင်ဗျ။
အကြောင်းကတော့ ဒီလိုခင်ဗျ။ ၂၀၁၄ ခုနှစ်၊ အောက်တိုဘာ(၃၁) ရက်နေ့က ပြုလုပ်ခဲ့တဲ့ ၅ ပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးပွဲ သို့မဟုတ် နိုင်ငံရေးခေါင်းဆောင် ၁၄ ဦး တွေ့ဆုံ ဆွေးနွေးပွဲနဲ့ ယခု ၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ (၁၂)ရက်က ပြုလုပ်ခဲ့ကြတဲ့ ၄၈ ဦး နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲ ဆိုသည်များဟာ ဆင်ဖြူတော်ဝင်မယ့် လာဘ်ကို ကျိန်းကျေစေတဲ့ ချည်မျှင်များပေါ့ ခင်ဗျာ။
ဆင်ဖြူရတနာပမာဖြစ်တဲ့ လာဘ်ကြီးများကတော့ ၄ ပွင့်ဆိုင်၊ ၆ ပွင့်ဆိုင် စသည်ဖြင့် တောင်း ဆိုကြသော တွေ့ဆုံ ဆွေးနွေးပွဲများသာပေါ့ ခင်ဗျာ။
လင်းယုန်အနေနဲ့ ယခုတစ်ပတ် တင်ပြလိုတာဟာဖြင့် မကြာမီက ပြီးစီးခဲ့တဲ့ ၄၈ ဦး နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲ အတွင်း ဖြစ်ရပ်အချို့ကိုပါ ခင်ဗျ။
ဒီတွေ့ဆုံပွဲဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ ပြုပြင်ပြောင်းလဲမှုများ ဆက်လက် ဖြစ်ထွန်းရေး၊ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို အခြေခံတဲ့ အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေး၊ သက်ဆိုင်ရာ နိုင်ငံရေးဆွေးနွေး ပွဲများ စတင်ကျင်းပနိုင်ရေး၊ လွတ်လပ်၍ တရားမျှတသော ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်ပြီး ညင်သာစွာ အသွင်ကူးပြောင်းသော နိုင်ငံရေးဖြစ်စဉ်များ ပေါ်ပေါက်ရေးတို့ စသည့် ခေါင်းစဉ်များနဲ့ သမ္မတ ဦးသိန်းစိန်က စီစဉ်ကျင်းပတာ မဟုတ်လားခင်ဗျာ။ ထိုတွေ့ဆုံဆွေးနွေးပွဲ ရလဒ် ကတော့ ယခင် ၅ ပွင့် (ခေါ်) ၁၄ ဦး တွေ့ဆုံပွဲအတိုင်း ထူးမခြားနား အနှစ်သာရဆိုတာ ပြည်သူလူထုကြီး သိကြပြီးဖြစ်မှာပဲ ခင်ဗျ။ ၁၄ ဦးထက် ပိုသာတာကတော့ လူပိုများသမို့ ပိုလို့ပွဲစည်ကာဖြင့် တစ်ယောက် တစ်ပေါက် ဆူညံပွက်သံတွေက တသောသော ညံခဲ့ကြတယ်လို့ တွေ့ဆုံပွဲမှာ ပါဝင်တဲ့ နိုင်ငံရေးခေါင်းဆောင် များက မှတ်ချက်ပြုကြခြင်းပဲတဲ့ ခင်ဗျ။
အမှတ်မထင် နိုင်ငံရေးလေသံ နားထောင်မိလိုက်လို့ လင်းယုန်သိခဲ့ရတဲ့ အကြောင်းတစ်ခုက ထိုတွေ့ဆုံပွဲရဲ့ သဘောတူညီချက်တွေအဖြစ် သတ်မှတ်ကြတဲ့အခါမှာ ယခုလို တွေ့ဆုံပွဲမျိုးကို ထပ်မံတွေ့ဆုံကြဖို့ဆိုတဲ့ အချက်ကို သမ္မတ ဦးသိန်းစိန်ဘက်က ထည့်ကြေညာ လိုက်သတဲ့ခင်ဗျာ။ ဒီအခါမှာ ထိုအချက်ကို ဘယ်သူ တွေ သဘောတူညီလို့ ထည့်ပါသလဲ၊ သဘောမတူပါဘူးလို့ ထကန့်ကွက်ခြင်းကို ခံရပါတယ်ခင်ဗျ။ ကန့်ကွက် သူကတော့ အခြားသူ မဟုတ်ဘူးခင်ဗျ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဖြစ်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ပါပဲ ခင်ဗျ။ ဒီလို ကန့်ကွက်လေတော့ ထိုအချက်ကို ရုပ်သိမ်းပယ်ဖျက် လိုက်ရတယ်တဲ့ ခင်ဗျ။
(သိပ်တော့လည်း ချည်မျှင်ကြိုးတွေ ထုတ်ထုတ် မနေပါနဲ့တော့ခင်ဗျာ။ ချည်မျှင်ကြိုးတွေ ထုတ်လိုက်၊ မုန်လာဥတွေ လုပ်လိုက်နဲ့ ဆင်ဖြူတော်ဝင်မယ့်အရေးကို ကျိန်းကျေစေနေတာ တော်ရောပေါ့ ခင်ဗျ။ ဟဲ ..ဟဲ )
နိုင်ငံရေး တွေ့ဆုံပွဲ ဆွေးနွေးပွဲဆိုပြီး အိပ်ငိုက်သူက အိပ်ငိုက်၊ ဟိုတစ်ပေါက် ဒီတစ်ပေါက်နဲ့ ဆူညံသူတွေက ဆူညံနဲ့ ဒီလိုဟိုမရောက် ဒီမရောက် တွေ့ဆုံပွဲတွေနဲ့ပဲ ၂၀၁၅ ခုနှစ်အကုန် သက်တမ်းကုန်တော့မယ့် ဦးသိန်းစိန် အစိုးရလက်ထက်မှာ လင်းယုန်တို့ ပြည်သူလူထု တွေအတွက် စစ်မှန်တဲ့ ဒီမိုကရေစီစနစ်သို့ အသွင် ကူးပြောင်းရေး ဆိုတာ အလွန်တရာ ရင်လေးစရာပေါ့ ခင်ဗျာ။
ဒါနဲ့ . . ပြောရအုံးမယ် ခင်ဗျ။
ပြီးခဲ့တဲ့ ဇန်န၀ါရီလ (၁၉)ရက်နေ့ လွှတ်တော် အစည်းအဝေးတွေ ပြန်လည် စတင်တဲ့ ပြည်ထောင်စု လွှတ်တော် ပထမနေ့ အစည်းအဝေးမှာ နိုင်ငံတော် သမ္မတဦးသိန်းစိန်က လွှတ်တော်ကို သ၀ဏ်လွှာတစ်စောင် ပေးပို့ ခဲ့တယ်ခင်ဗျ။ ဒီသ၀ဏ်လွှာထဲမှာ ပြည်ထောင်စု လွှတ်တော်က တောင်းဆိုထားတဲ့ ၆ ပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးရေးနဲ့ ပတ်သက်ပြီး သမ္မတရဲ့ အကြောင်းပြန်မှုလည်း ပါဝင်တယ်ခင်ဗျ။
ထိုသ၀ဏ်လွှာပါ အခြား အကြောင်းအရာများတော့ ထားလိုက်ပါတော့ခင်ဗျာ။ ကြားဖူးနေကျ စကားများသာမို့ သိပ်တော့လည်း မထူးပါဘူးခင်ဗျ။
၆ ပွင့်ဆိုင် တွေ့ဆုံရေးနဲ့ ပတ်သက်လို့ကတော့ တွေ့ဆုံဆွေးနွေးဖို့ အဓိက တောင်းဆိုထားတဲ့ အချက်နှစ်ချက် အပေါ် အခြေပြုပြီး သမ္မတက အကြောင်းပြန် ထားတယ်ခင်ဗျ။
ပထမအချက်ဖြစ်တဲ့ ““ခေတ်စနစ်၊ အချိန်အခါ၊ အခြေအနေနဲ့ လျော်ညီတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေဖြစ် ပေါ်လာရေး”” အပေါ် သမ္မတက မိမိတို့ အစိုးရအဖွဲ့ဟာ အုပ်ချုပ်ရေးတာဝန် စတင်ယူချိန်ကစပြီး နိုင်ငံတော် တည်ငြိမ် အေးချမ်းရေးနဲ့ စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေးအတွက် အဆင့်ဆင့်သော ပြုပြင်ပြောင်းလဲမှုတွေကို စီမံချက်ချ ဆောင်ရွက်ခဲ့တယ်၊ ဒီလုပ်ငန်းစဉ်တွေထဲမှာ အားလုံး ပါဝင်နိုင်ရေးနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အခြေခံပြီး နိုင်ငံသားအားလုံး အခွင့်အရေး ညီမျှစွာ ရရှိစေရေးတို့အတွက် တွေ့ဆုံဆွေးနွေးရေးကို အလေးထား ကျင့်သုံးပါတယ်တဲ့ ခင်ဗျ။
လက်ရှိဖွဲ့စည်းပုံဟာ ခေတ်စနစ်၊ အချိန်အခါ၊ အခြေအနေနဲ့ ရာနှုန်းပြည့် ညီညွတ်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ လို့ မဆိုနိုင်ဘူးတဲ့ ခင်ဗျ။ ခေတ်စနစ်၊ အချိန်အခါ၊ အခြေအနေနဲ့ ရာနှုန်းပြည့်ညီညွတ်တဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဖြစ်ဖို့ရာမှာ ပြည်ထောင်စု လွှတ်တော်ကသာ တာဝန်အရှိဆုံး ဖြစ်တယ်တဲ့ခင်ဗျ။ ဒီ့အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနဲ့အညီ ဆောင်ရွက်မယ်ဆိုရင် သမ္မတအနေနဲ့က လွှတ်တော်ရဲ့ ဆုံးဖြတ်ချက် အတိုင်း လိုက်နာဆောင်ရွက်သွားဖို့ အသင့်ရှိပါသတဲ့ခင်ဗျ။ အဲ ..ဒါပေမဲ့ လုပ်ထုံး လုပ်နည်းတွေကို ကျော်လွန် လုပ်ဆောင်ရင်တော့ တရားဥပဒေ စိုးမိုးရေးကို ကျော်လွန် လုပ်ဆောင်သကဲ့သို့ ဖြစ်နိုင်တာကို သတိပြုရမယ်တဲ့ ခင်ဗျ။
( သမ္မတကြီးရဲ့ သ၀ဏ်လွှာပါ စာသားများဟာ အလွန်တရာ ကောင်းမွန်ပေတာပဲ ခင်ဗျ။
ဒါပေမဲ့ ဖွဲ့စည်းပုံပါ ပြဋ္ဌာန်းချက်အတိုင်း ပြင်ဆင်ဖို့မှာ အကျပ်အတည်း တွေ့နေသမို့ ယခုလို တွေ့ဆုံဆွေးနွေး ရေး ကို တောင်းဆိုရခြင်း ဆိုတာကို သမ္မတကြီး ရေရေလည်လည် သဘောမပေါက်လေဘူး ထင်ပါရဲ့ခင်ဗျ။ သမ္မတကြီးရဲ့ သ၀ဏ်လွှာက ဒီဘူတာပဲ ပြန်ပြန်ဆိုက်နေလေရဲ့ ခင်ဗျာ၊ ဟဲ . .ဟဲ)
ဒုတိယအချက်ဖြစ်တဲ့ ““ပစ္စုပ္ပန်နှင့် အနာဂတ် မြန်မာနိုင်ငံ တည်ဆောက်ရေးအတွက် အခြေအနေကောင်းများ ဖန်တီး လမ်းခင်းပေးနိုင်ရန်”” အချက်နဲ့ ပတ်သက်ပြီးတော့ သမ္မတရဲ့ သ၀ဏ်လွှာမှာ ပါရှိတာကလည်း အလွန်တရာ ညက်ညောပြီး သံခင်းတမန်ခင်း ဆန်လှတယ်ခင်ဗျ။
အဆိုပါကိစ္စဟာ တစ်နိုင်ငံလုံးနဲ့ သက်ဆိုင်ပြီး တိုင်းရင်းသား လူမျိုးစုအားလုံးနဲ့ သက်ဆိုင်တဲ့ ကြီးမား ကျယ်ပြန့်တဲ့ ကိစ္စဖြစ်တယ်တဲ့ခင်ဗျ။ ဒီလိုကိစ္စမျိုးမှာ အကျိုးသက်ရောက်မှု ရှိဖို့အတွက် လွှတ်တော်ကိုယ်စား လှယ်တွေ၊ အစိုးရအဖွဲ့နဲ့ တပ်မတော်က တာဝန် ရှိသူတွေသာမကဘဲ ပါဝင်သင့် ပါဝင်ထိုက်သူတွေ ပါဝင်ရေး လိုအပ်မှာ ဖြစ်တယ်တဲ့ခင်ဗျ။ ဒါကြောင့် ရန်ကုန်တိုင်းဒေသကြီးနဲ့ စစ်ကိုင်းတိုင်း ဒေသကြီး လွှတ်တော်တို့က ဆုံးဖြတ်ချက်တွေ၊ ချင်းပြည်နယ်နဲ့ ရှမ်းပြည်နယ် အတွင်းက တိုင်းရင်းသားတွေရဲ့ သဘောထား ထုတ်ပြန် မှုတွေ၊ ကျန်တိုင်းရင်းသားတွေရဲ့ သဘောထားတွေကိုလည်း အလေးထား ထည့်သွင်း စဉ်စားရမယ်တဲ့ခင်ဗျ။
( သမ္မတကြီး ခင်ဗျာ။ ထိုသို့ စဉ်းစားပြီး ပြုလုပ်ခဲ့တဲ့ သမ္မတကြီးရဲ့ ၄၈ ဦး တွေ့ဆုံ ဆွေးနွေးပွဲကြီးဟာ သဘောထား အသံတွေ စုံလင် လွန်းတာကြောင့် ဆွေးနွေးမှုအသံများ အတော်ကို စုံစုံလင်လင် ဖြစ်ခဲ့ကြောင်းနဲ့ နောက်ဆုံးမှာ အိပ်ငိုက် ကြကုန်တဲ့အထိ အကျိုးရှိ ထိရောက်ခဲ့ကြောင်းဆိုတော့ သမ္မတကြီး အနေနဲ့ သ၀ဏ်လွှာထဲမှာ အထက်ပါအတိုင်း ပြောအားရှိလေတယ် ထင်ပါရဲ့ ခင်ဗျ၊ ဟဲ . .ဟဲ )
သမ္မတရဲ့သ၀ဏ်လွှာ အတိုင်းဆိုရင်တော့ နောက်ဆုံး သဘောထားအဖြစ်နဲ့ တွေ့ရတာကတော့ လွှတ်တော်က တောင်းဆိုထားတဲ့ ၆ ပွင့်ဆိုင် အရေးအတွက် မည်သို့ဆောင်ရွက် ပေးစေလိုတယ် ဆိုတာကို လွှတ်တော်က ပြန်ကြား ပေးပါလို့ ဆိုထားတယ်ခင်ဗျ။
ဒီတော့ လွှတ်တော်က မည်သို့ ဆောင်ရွက် စေချင်တယ်ဆိုတာ အကြောင်းပြန်ရင်ဖြင့် ထိုအကြောင်းပြန်ချက် အတိုင်း သမ္မတအနေနဲ့ အကောင်အထည် ဖော်ပေးမယ်လို့ ဆိုလိုခြင်းပဲလို့ လင်းယုန်ကတော့ သမ္မတ သ၀ဏ်လွှာပါ သဘောထားကို နားလည်မိတယ်ခင်ဗျ။ ထိုသို့ဆိုရင်ဖြင့် မကြာမီမှာ လင်းယုန်တို့ မျှော်လင့်နေတဲ့ ဆင်ဖြူတော် လာဘ်ကြီးပမာဖြစ်တဲ့ ၆ ပွင့်ဆိုင် တွေ့ဆုံရေး ပေါ်ပေါက် လာပေတော့မယ်လို့ မျှော်လင့်ရတာပါပဲ ခင်ဗျာ။
(သာဓုပါ ခင်ဗျာ၊ သာဓု . .သာဓု ပါ ခင်ဗျ။
သမ္မတကြီးရဲ့ သ၀ဏ်လွှာပါ အတိုင်းဆိုရင်ဖြင့် ၆ ပွင့်ဆိုင် တွေ့ဆုံရေး ဖြစ်မြောက်နိုင်မယ့် အလားအလာ တွေ့ရသမို့ လင်းယုန်ကတော့ သာဓုခေါ်လိုက် မိပါပြီခင်ဗျ။
အဲ . . အစက ရိုးရိုး၊ နောက်တော့တစ်မျိုး တိုးလို့ဆိုကာ၊ နောက်တော့မှ မုန်လာဥ မလုပ်ဖို့သာပဲ လိုပါတယ် သမ္မတကြီး ခင်ဗျာ၊ ဟဲ . .ဟဲ . .ဟဲ)
မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/

No comments:
Post a Comment