Wednesday, January 21, 2015

ခေါင်းဆောင်နှစ်ဦးကြား အင်အားကုန်ခန်းလာသော ခြင်္သေ့

ရင်ကြားစေ့ရန်မလွယ်တော့ဟု သုံးသပ်ခံနေရသည့် ခေါင်းဆောင်နှစ်ဦး


 ပြည်ခိုင်ဖြိုးပါတီ၏ ၂၀၁၅ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် အရေးကြီးသော ဗဟိုကော်မတီအစည်းအဝေးကြီး ကျင်းပပြီးစီးခဲ့ပါပြီ။ အစည်းအဝေးစတင်သည့် အဖွင့်မိန့်ခွန်းတွင် ပါတီဥက္ကဋ္ဌသူရဦးရွှေမန်းက ‘‘ပါတီဗဟိုကော်မတီ တတိယအကြိမ် အစည်းအဝေးဟာ မိမိတို့ပါတီအတွက်သာမက နိုင်ငံတော်နှင့် နိုင်ငံသားများအတွက်ပါ အကျိုးဖြစ်ထွန်းစေမည့် အစည်းအဝေးဖြစ်ပါတယ်’’ဟု ပြောကြားခဲ့သည်။

‘‘အဓိကရည်မှန်းချက်ကတော့ ၂၀၁၅ အောင်နိုင်ရေးပေါ့။ အဲဒါကို အဓိကထားပြီးဆွေးနွေးတာပဲ’’ဟု အစည်းအဝေးတက်ရောက်ခဲ့သူ ဗဟိုကော်မတီဝင်တစ်ဦးကဆိုသည်။

ဇန်န၀ါရီ ၁၅ ရက်မှ ၁၇ ရက်အထိ သုံးရက်ကြာပြုလုပ်သည့် အစည်းအဝေးသို့ ပြည်နယ်၊ တိုင်းဥက္ကဋ္ဌများတက်ရောက်ခဲ့ပြီး စုစုပေါင်းဗဟိုကော်မတီ ၂၆၅ ဦးရှိသည့်အနက် ၂၀၂ ဦး တက်ရောက်ခဲ့ကြသည်။

သုံးရက်ကြာပြုလုပ်သည့် အစည်းအဝေးအပြီး ၂၀၁၅ ရွေးကောက်ပွဲအောင်နိုင်ရေးနှင့် ပတ်သက်သော မဟာဗျူဟာများပါသည့် ရှေ့လုပ်ငန်းစဉ်ခြောက်ရပ်နှင့် ဆုံးဖြတ်ချက်သုံးရပ် ချမှတ်ခဲ့သည်။ သို့သော် ပါတီဥက္ကဋ္ဌရာထူးနှင့် ၂၀၁၅ တွင် ၀င်ရောက်ရွေးချယ်ခံမည့် ကိုယ်စားလှယ်လောင်းများ နေရာချထားရေးနှင့် ပတ်သက်၍မူ သဘောထားကွဲလွဲမှုများရှိခဲ့သည်။

‘‘အခုက ကျွန်တော်တို့နားလည်လက်ခံထားတာက လွှတ်တော်နာယကကြီး သူရဦးရွှေမန်းဟာ လက်ရှိဥက္ကဋ္ဌပဲ။ ဒါပေမဲ့ အစည်းအဝေးမှာ ၀န်ကြီးချုပ်တွေ၊ ၀န်ကြီးတွေက နိုင်ငံတော်သမ္မတသည် ပါတီဥက္ကဋ္ဌဖြစ်တယ်လို့ ပြောသွားတော့ ကျွန်တော်တို့က ဒါကို ဘယ်လိုနားလည်ရမလဲ။ ဥက္ကဋ္ဌက နှစ်ယောက်ရှိနေတဲ့ပုံမျိုးကြီးဖြစ်နေတယ်’’ဟု ဗဟိုကော်မတီဝင်တစ်ဦးကပြောသည်။

ပါတီညီလာခံအပြီးပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် သူရဦးရွှေမန်းနှင့် ပတ်သက်၍ လက်ရှိပါတီဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်နေသူဟု ပါတီဒုတိယဥက္ကဋ္ဌ ဦးဌေးဦးကပြောဆိုခဲ့သည်။

သုံးရက်ကြာပြုလုပ်သည့် အစည်းအဝေးအပြီး ထုတ်ပြန်သော ရှေ့လုပ်ငန်းစဉ်များထဲတွင် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ၌ ပါတီအောင်နိုင်ရေးအတွက် ပါတီဝင်အားလုံးက အစွမ်းကုန်ကြိုးပမ်းအားထုတ်ရန် ဆောင်ရွက်ရေး အချက်တစ်ချက်ပါဝင်သည်။

ဆုံးဖြတ်ချက်သုံးရပ်တွင်မူ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဗဟိုကော်မတီ တတိယအကြိမ်အစည်းအဝေးတွင် ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်း၏ လမ်းညွှန်မှာကြားချက်များကို  ပါတီအဆင့်ဆင့်၏ လုပ်ငန်းစဉ်အဖြစ်ခံယူ လိုက်နာကျင့်သုံးရန်နှင့် ပါတီဗဟိုကော်မတီ တတိယအကြိမ်အစည်းအဝေးက အတည်ပြုထားသည့် ရှေ့လုပ်ငန်းစဉ်ခြောက်ရပ်ကို ပါတီအဖွဲ့အစည်းအဆင့်ဆင့်က အကောင်အထည်ဖော်ဆောင်ရွက်ရန်တို့ပါဝင်သည်။

ထိုအချက်များထဲမှ လက်ရှိပါတီဥက္ကဋ္ဌ သူရဦးရွှေမန်း၏ လမ်းညွှန်ချက်များ အားလုံးလိုက်နာကျင့်သုံးရန်ဆိုသည့် အချက်မှာမူ လက်တွေ့လုပ်ဆောင်နိုင်ပါ့မလား တွေးစရာရှိပါသည်။ ပါတီဥက္ကဋ္ဌရာထူးနှင့်ပတ်သက်၍ ဗဟိုကော်မတီများ သဘောထား ကွဲလွဲသောကြောင့်ဖြစ်သည်။

တစ်ပါတီတည်း အလုပ်လုပ်ခဲ့ကြသော်လည်း ပုဂ္ဂိုလ်ရေးအားပြိုင်မှုကြောင့် ယခင်ပြည်ခိုင်ဖြိုးပါတီ လက်ရှိသမ္မတဦးသိန်းစိန်နှင့် လက်ရှိပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းတို့ကြား ဆက်ဆံရေးတင်းမာမှုများ ရှိလာခဲ့ကြသည်။ ထို့နောက်မှစ၍ လွှတ်တော်မှ တိုက်တွန်းချက်များကို အစိုးရအဖွဲ့အနေဖြင့် အကောင်အထည်မဖော်သည့်အပြင် ဆန့်ကျင်ဘက်လုပ်ငန်းများ လုပ်ကိုင်လာခဲ့သည်။

ထင်ရှားသော သက်သေများအဖြစ် ပြီးခဲ့သည့် ပြည်ထောင်စုလွှတ်တော်က အဆိုပြုတောင်းဆိုခဲ့သော အချက်များထဲမှ အစိုးရ၀န်ထမ်းလစာတိုးပေးရန် တိုက်တွန်းချက်၊ ခြောက်ပွင့်ဆိုင်တွေ့ဆုံရေး တိုက်တွန်းချက်၊ လွှတ်တော်အမတ်များ လစာတိုးပေးရန် ဆုံးဖြတ်ချက်တို့နှင့် ပတ်သက်၍ အစိုးရအဖွဲ့ တုံ့ပြန်ချက်များကို ကြည့်ခြင်းအားဖြင့် သိနိုင်ပေသည်။ ထို့အပြင် ပါတီ၌လည်း သမ္မတဦးသိန်းစိန်အပေါ် သစ္စာခံသူနှင့် သူရဦးရွှေမန်းအပေါ် သစ္စာခံသူအုပ်စု နှစ်စုကွဲသလို ဖြစ်လာခဲ့သည်။ လက်ရှိပြည်ခိုင်ဖြိုးပါတီတိုင်းဒေသကြီးနှင့် ပြည်နယ်ဥက္ကဋ္ဌများလည်းဖြစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များမှာ သမ္မတဦးသိန်းအပေါ် ပိုမိုထောက်ခံသည့်သဘောရှိနေသည်။

မကြာသေးမီရက်ပိုင်းက ပြည်ထောင်စုအစိုးရကို တိုက်တွန်းသည့် အရေးကြီးအဆိုတစ်ခု ပြည်ခိုင်ဖြိုးပါတီက တင်သွင်းပြီး ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့သည်။

တိုက်တွန်းချက်တွင် အချက်လေးချက်၌ ပါဝင်သော အချက်သုံးချက်မှာ နိုင်ငံ့ဝန်ထမ်းများနှင့် အလုပ်သမားလယ်သမားများအား ၂၀၁၅ တွင် မဲဆွယ်သည့်အချက်များဖြစ်သည်ဟု နိုင်ငံရေးလေ့လာသူများက သုံးသပ်ခဲ့သည်။ သို့သော် အဆိုပါအချက်သုံးချက် အကောင်အထည်ဖော်ရေးနှင့် ပတ်သက်၍ အစိုးရဘက်က သဘောမတူခဲ့သည့် အနေအထား ဖြစ်သည်။

အဆိုပါအချက်သုံးချက်မှာ  နိုင်ငံ့ဝန်ထမ်းများ (တပ်မတော်သားနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအပါအ၀င်)အတွက် ထိုက်သင့်သော လစာစရိတ်များ တိုးမြှင့်သတ်မှတ်ပေးရေး၊ အလုပ်သမားများ သင့်တင့်မျှတသော အနိမ့်ဆုံးလုပ်ခလစာရရှိရေးအတွက် လိုအပ်လျက်ရှိသည့် နည်းဥပဒေစည်းမျဉ်းစည်းကမ်းများ ဆောင်ရွက်လျှင် စာထုတ်ပြန်ရေးသတ်မှတ်ရေးနှင့် တောင်သူလယ်သမားများ ဘ၀တိုးတက်ရေးအတွက် တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေနှင့်အညီ လိုအပ်သည့်နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများ ဆောလျင်စွာ ထုတ်ပြန်သတ်မှတ်ပေးရေးတို့ဖြစ်သည်။ ထိုတောင်းဆိုမှုများမှာ ပြည်ခိုင်ဖြိုးပါတီ၏ ၂၀၁၅ ရွေးကောက်ပွဲအတွက် မဲဆွယ်ရေးတွင် အဓိက အသုံးပြုဖွယ်ရှိသော ခေါင်းစဉ်များဖြစ်သော်လည်း အစိုးရပိုင်းက အားတက်သရောဆောင်ရွက်ပေးလိုသည့် အနေအထားမရှိပေ။

ချီးမြှင့်ငွေစရိတ်များကို သင့်တင့်မျှတစွာ ပြင်ဆင်သတ်မှတ်ရေးနှင့် ပတ်သက်၍ တစ်ကြိမ်တည်း မြင့်မားစွာတိုးမြှင့်သတ်မှတ်ခြင်းထက် နိုင်ငံတော်စီးပွားရေးအခြေအနေ တိုးတက်ကောင်းမွန်လာသည်နှင့်အမျှ သင့်တင့်မျှတစွာ တစ်ဆင့်ပြီးတစ်ဆင့် တိုးမြှင့်ပေးရေး စီစဉ်ဆောင်ရွက်မည်ဖြစ်ကြောင်း ပြန်လည်အကြောင်းပြန်ခဲ့သည်။

အနိမ့်ဆုံးလုပ်ခလစာနှင့် တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေနှင့် ပတ်သက်၍ အစိုးရအနေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း လွှတ်တော်သို့ ပြန်လည်ဖြေကြားခဲ့သည်။

ထိုအခြေအနေများမှာ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဟောင်း သမ္မတဦးသိန်းစိန်နှင့် လက်ရှိပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းတို့ကြား ဆက်ဆံရေးမကောင်းမွန်ရာမှ ပါတီအောင်နိုင်ရေးအတွက် အစိုးရဘက်က မလုပ်ဆောင်ပေးလိုသည့် အနေအထားမျိုးဖြစ်နေသည်။

လက်ရှိတွင်လည်း ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌရာထူးနှင့်ပတ်သက်၍ မရေရာသည့်အနေအထား ဖြစ်သည်။ ၂၀၁၀ ရွေးကောက်ပွဲကာလတွင် ပါတီဥက္ကဋ္ဌတာဝန်ယူခဲ့ပြီး သမ္မတဖြစ်လာခဲ့သည့် ဦးသိန်းစိန်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပါတီဥက္ကဋ္ဌရာထူးကို စွန့်လွှတ်ခဲ့ရသည်။ ထို့နောက်ပိုင်း ပါတီဥက္ကဋ္ဌရာထူးကို ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက လွှဲပြောင်းရယူခဲ့သည်။

ပါတီဥက္ကဋ္ဌရာထူးလွှဲပြောင်းယူရာတွင် သမ္မတဦးသိန်းစိန်က သူရဦးရွှေမန်းအား ယာယီလွှဲခဲ့သည်ဟု ပါတီခေါင်းဆောင်အချို့က ယုံကြည်ထားပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် ပါတီဥက္ကဋ္ဌမှာ သမ္မတဦးသိန်းစိန်သာဖြစ်သည်ဟု ဆိုကြသည်။

‘‘လွှဲတုန်းကတော့ ယာယီမဟုတ်ပါဘူး’’ဟု ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင်တစ်ဦး၏ မိသားစုဝင်တစ်ဦးကပြောသည်။

သို့သော်လည်း လက်ရှိတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌများအနေဖြင့် လက်ရှိပါတီဥက္ကဋ္ဌကို ဦးသိန်းစိန်ဟု သတ်မှတ်ထားသဖြင့် ၂၀၁၅ ရွေးကောက်ပွဲကာလတွင် အငြင်းပွားလာပါက ဗဟိုကော်မတီဝင်များကြား မဲခွဲဆုံးဖြတ်ရမည့် အနေအထားဖြစ်နေသည်။

၂၀၁၅ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် လက်ရှိတိုင်းဒေသကြီးဝန်ကြီးချုပ်များမှာ အခြားသော ကိုယ်စားလှယ်လောင်းများနှင့် အားသာချက်များရှိနေသည်။ အုပ်ချုပ်မှုအာဏာရရှိထားခြင်းသည် အခြားသော ကိုယ်စားလှယ်များထက် လုပ်ပိုင်ခွင့် ပိုမိုရနေသည့် အနေအထားဖြစ်နေရာ ၎င်းတို့ ၀င်ရောက်ယှဉ်ပြိုင်လိုသော နေရာများအတွက် ကြိုတင်ပြင်ဆင်ထားနေပြီဖြစ်သည်။

ဧရာဝတီတိုင်းဝန်ကြီးချုပ်အနေဖြင့် ၂၀၁၅ တွင် ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ ထို့အတွက် အင်္ဂပူမြို့နယ် အခြားသောမြို့နယ်များထက် ဖွံ့ဖြိုးမှုများပိုမိုလုပ်ဆောင်ခဲ့သည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန်အနေဖြင့် ယခုအချိန်ထိ ၂၀၁၅ ရွေးကောက်ပွဲဝင်မည်၊ မ၀င်မည်ကို တိတိကျကျမပြောထားသော်လည်း ၎င်း၏ဇာတိမြို့ဖြစ်သော ငပုတောမြို့နယ်မှ အခြားသောမြို့နယ်များထက် ဖွံ့ဖြိုးမှုများလုပ်ကိုင်ထားသည်ကို တွေ့ရသည်။

ထို့ကြောင့် လက်ရှိအစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်နေသော ပြည်ခိုင်ဖြိုးပါတီဝင်များမှာ အခြားသောပါတီဝင်များထက် ၂၀၁၅ အောင်နိုင်ရေးတွင် ခြေတစ်လှမ်းသာသည့် အနေအထားဖြစ်နေသည်။

၂၀၁၅ ရွေးကောက်ပွဲကာလတွင် နေရာချထားရေးနှင့်ပတ်သက်၍ ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်းများကြား သဘောထားကွဲလွဲမှုများ ရှိနေသည်ဟုလည်း သတင်းရရှိသည်။

‘‘အစိုးရအဖွဲ့ထဲ ပါချင်တဲ့သူတွေက နိုင်ဖို့များတဲ့နေရာက ပြိုင်ချင်တယ်။ ဒါပေမဲ့ ပါတီက အကြိတ်အနယ်ဖြစ်မယ့် နေရာကနေ ပြိုင်ခိုင်းတာမျိုးပေါ့’’ဟု မန္တလေးတိုင်းဒေသကြီးမှ ဗဟိုကော်မတီဝင်တစ်ဦးကဆိုသည်။ လာမည့် ၂၀၁၅ ရွေးကောက်ပွဲသည် ၂၀၁၀ ပြည့်နှစ်ကကဲ့သို့ မဟုတ်ဘဲ ပြည်ခိုင်ဖြိုးပါတီအနေဖြင့် အနိုင်ရရှိရန် လွယ်ကူမည့်အနေအထားမဟုတ်ပေ။ ထို့ကြောင့် ၀င်ရောက်ရွေးချယ်နေရာချထားသည့် ပြဿနာမှာလည်း ပါတီတွင်း ကြီးမားသည့် ပြဿနာတစ်ခုဖြစ်လာနိုင်သည်။

ပါတီအနေဖြင့် လူအင်အား၊ ငွေအင်အား တောင့်တင်းသော်လည်း ပါတီဝင်အများစုမှာ ယုံကြည်ချက်ဖြင့် လုပ်ကိုင်သူနည်းပါးသည်။ အများစုမှာ အထက်က တာဝန်ပေး၍ လုပ်ဆောင်သူများရှိသကဲ့သို့ အကျိုးစီးပွားအတွက် ၀င်ရောက်လုပ်ကိုင်သူများသာများသည်။ ထို့ကြောင့် အနစ်နာခံမည့်သူနည်းပါးပြီး အခွင့်အရေးယူမည့်သူသာ များသည့်အနေအထားဖြစ်သည်။ ထို့အတွက်ကြောင့်ပင် ၂၀၁၅ ရွေးကောက်ပွဲနေရာချထားရေးမှာလည်း ပြဿနာဖြစ်လာနိုင်သည့် အနေအထားဖြစ်သည်။

လက်ရှိ ပြည်ခိုင်ဖြိုးပါတီ၏ ၂၀၁၅ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် အလုပ်သမားလယ်သမားများကို အဓိကထားစည်းရုံးမည်ဖြစ်ပြီး ကျေးလက်ထိဆင်းကာ တစ်အိမ်တက်၊ ဆင်း လိုက်လံစည်းရုံးမည့် မူဝါဒချထားသည်။ သို့သော် လက်ရှိပါတီဥက္ကဋ္ဌနှင့် သမ္မတဦးသိန်းစိန်ကြား အဆင်မပြေမှုက ပါတီအောင်နိုင်ရေးအတွက် အခက်အခဲဖြစ်လာနိုင်သည့် အနေအထားဖြစ်သည်။ ပါတီဗဟိုကော်မတီဝင်တစ်ဦး၏ သမီးဖြစ်သူက ယခုလိုမှတ်ချက်ပြုသည်။

‘‘ဦးရွှေမန်းရဲ့လမ်းညွှန်မှုကို လက်မခံလို့တော့ မရဘူးလေ။ လက်ရှိပါတီက သူ့လက်ထဲမှာလေ။ သူတို့နှစ်ယောက်က ရင်ကြားစေ့လို့ရမယ့် အနေအထားမဟုတ်ဘူး။ ၂၀၁၅ မှာတော့ ပွဲက လှနေတယ်’’။

ပါတီဗဟိုအလုပ်အမှုဆောင်တစ်ဦးကလည်း‘‘အခုက ရွေးကောက်ပွဲ နီးလာပြီလေ။ ခေါင်းတွဲက ဘယ်သူလဲဆိုတာသိဖို့လိုတာပေါ့။ ဒီလိုသိမှလည်း ပြည်သူတွေအနေနဲ့ ရွေးချယ်ရတာ အဆင်ပြေလိမ့်မယ်’’ဟု ဆိုလေသည်။

Credit - 7DAY DAILY


No comments:

Post a Comment