မဇ္ဈိမသတင်းစာရဲ့ စာဖတ်သူကဏ္ဍကို မေးလ်ကနေ ပေးပို့ခဲ့သူက ရန်ကုန်တိုင်း ဒေသကြီး၊ မြောက်ဥက္က လာပမြို့နယ်၊ ရွှေပေါက္ကံမှ ကုမ္ပဏီဝန်ထမ်း တစ်ဦးဖြစ်သူ ကိုဝေမင်းလှိုင် ဖြစ်ပါတယ်။ သူရေးလိုက်တဲ့ အကြောင်းအရာကတော့ ယခင် စစ်ရုံးဟောင်းဝင်းအတွင်း ကွန်ဒိုအိမ်ရာဆောက်ဖို့ လုပ်ကိုင်နေကြတာ တွေ့ရလို့ ရေးလိုက်တဲ့ စာပါလို့ ဆိုပါတယ်။ သူဟာ ရွှေပေါက္ကံကနေ ရန်ကုန်မြို့ထဲကို အလုပ်အသွား အပြန် ကားစီးရင်း ကမ္ဘာအေးဘုရားလမ်းမပေါ်က ဖြတ်သွားတဲ့အခါ စစ်ရုံးဟောင်း ခြံစည်းရိုး အဟောင်းတွေကို ဖြိုဖျက်ပြီး အိမ်ရာ စီမံကိန်းလုပ်ဖို့ ခြံစည်းရိုးအသစ်တွေ ကာရံနေတာ တွေ့ရလို့ ဒီစာကို ရေးချင် စိတ်ဖြစ်ပေါ်မိတာကြောင့် ရေးခွင့်ပြုပါလို့
ပြောပါတယ်။
စစ်ရုံးဟောင်းနေရာဟာ ရန်ကုန်မြို့လယ် အကွက်အကွင်းကျတဲ့ နေရာမှာ တည်ရှိပြီး သစ်ပင်ဝါးပင် ပေါများတဲ့အပြင် ၈၈ နောက်ပိုင်းမှာ တိုးချဲ့ဆောက်လုပ်ထားတဲ့ အဆောက်အအုံဟောင်းတွေ ရှိတာ ကြောင့် တက္ကသိုလ်တစ်ခုခုဖွင့်ဖို့သင့်လျော်တဲ့ နေရာဖြစ်တာကို တာဝန် ရှိသူတွေ မတွေးမိတာကို သူ အံ့သြမိပါတယ်။ ပြီးတော့လည်း ရွှေတိဂုံစေတီတော်မြတ်ကြီးနဲ့လည်း နီးကပ်နေတဲ့အတွက် ဘာသာရေးနဲ့ ဆိုင်တဲ့ ဌာနဖွင့်မယ်ဆိုရင်လည်း သင့်လျော်နိုင်ပါတယ်လို့ ဆိုပါတယ်။ အခု အိမ်ရာစီမံကိန်း ဆောက်မယ် ဆိုတာကလည်း နေရေး အခက်အခဲဖြစ်နေတဲ့ ပြည်သူတွေအတွက် မဟုတ်ဘဲ အထက်တန်းလွှာတွေ ကသာ ဝယ်ယူနေထိုင်နိုင်မယ့် ဈေးနဲ့ရောင်းတဲ့ ကွန်ဒိုတိုက်ခန်းတွေ ဖြစ်ပါတယ်။
တာဝန်ယူဆောက်လုပ်တဲ့ ကန်ထရိုက်တွေအတွက် ငွေအကြီးအကျယ်ရမယ့် စီမံကိန်းဖြစ်လို့ ပြည်သူတွေအတွက် အကျိုးမရှိတဲ့ အိမ်ရာ ဆောက်လုပ်မှုသာ ဖြစ်တယ်လို့ ရေးပါတယ်။
ဒီကမ္ဘာအေးလမ်းမ (ဦးထောင်ဘိုအဝိုင်းမှ ကျောက်တိုင်မှတ်တိုင်ကြား) တစ်လျှောက် အိမ်ရာဆောက်လုပ် မယ်ဆိုတာ မဖြစ်သင့်ဘဲ နိုင်ငံ အတွက် အခြားအကျိုးရှိမယ့် နေရာမှာအသုံးပြုဖို့ ကောင်းတာကို မလုပ်ဘဲ မဟုတ်ရင်လည်း ဒီအတိုင်း ထားရင်ရရဲ့သားနဲ့ အခုလို အိမ်ရာဆောက်ခွင့်ပြုခဲ့တဲ့ တာဝန်ရှိသူတွေကို နောက် ကျန်တဲ့ မြေနေရာတွေကို စဉ်းစားပြီးမှ ခွင့်ပြုပေးပါလို့ ပြောချင်တာကြောင့်
ဖော်ပြပေးပါလို့ ရေးလာတဲ့စာကို ဖော်ပြလိုက်ပါတယ်။
"ဘယ်သူ့မှာ တာဝန်ရှိလဲ"
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရွှေညောင်မြို့မှ အငြိမ်းစားဝန်ထမ်း ဦးတိုက်မောင် ရဲ့ စာတစ်စောင် စာဖတ် သူကဏ္ဍကို ရောက်လာပါတယ်။ သူ့စာထဲမှာတော့ သူဟာ မြန်မာနိုင်ငံအနှံ့ ရောက်ဖူးတဲ့ ဝန်ထမ်းတစ်ဦး ဖြစ်ပြီး သူ့ဌာန မဟုတ်ပေမယ့် သစ်တောလုပ်ငန်းနဲ့ နီးစပ်တဲ့ သူတစ်ယောက် ဖြစ်တယ်လို့ ဆိုပါတယ် အခုတလော သတင်းစာနဲ့ ဂျာနယ်တွေမှာ ဖတ်ရတဲ့ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်း တရားမဝင် သစ်မှောင်ခိုလုပ်ငန်းလုပ်ကိုင်မှုနဲ့ ဖမ်းဆီးလိုက်တဲ့သတင်းကို ဖတ်ရတဲ့အတွက် သစ်နဲ့ ပတ်သက်ပြီး သူတွေ့ကြုံခဲ့ရာတာတွေ ကို ပြောချင်လို့ ဒီစာကို ရေးလိုက်တာပါလို့ ပြောပါတယ်။
အရင် မဆလ အစိုးရ လက်ထက်မှာ သစ်နဲ့ ပတ်သက်ပြီး တင်းကျပ်ခဲ့တာကြောင့် သစ်မှောင်ခိုမှုတွေ နည်း ပါးခဲ့ပေမယ့် တပ်မတော် အစိုးရ လက်ထက်မှာတော့ သူမြင်တွေ့ခဲ့ရတာတွေက အကြီးအကျယ်ပါပဲ။ အဓိက ကတော့ တာဝန်ရှိတဲ့ ဝန်ထမ်းတွေရဲ့ လာဘ်ပေးလာဘ်ယူ ကိစ္စတွေကြောင့် မြန်မာနိုင်ငံ တစ်ဝန်း က သစ်တောတွေဟာ ပြုန်းတီးခဲ့တယ်လို့ ဆိုပါတယ်။ တနင်္သာရီတိုင်းမှာဆို ခွင့်ပြုချက်ရတဲ့ ကုမ္ပဏီတွေက ထိုင်းဘက်ကို ခွင့်ပြုတာထက်ပိုပြီး တင်ပို့နေတာ၊ စီးပွားရေးသမား ခိုးခုတ်တဲ့သူတွေ ကလည်း တရားမဝင် ရောင်းနေကြ တာကို တွေ့ဖူးတယ်လို့ ပြောပါတယ်။ ရှမ်းပြည်နယ် ရပ်စောက်မှာ တာဝန်ကျစဉ်ကလည်း နေပြည်တော် တည်ဆောက်ရေးအတွက် ခွင့်ပြုခဲ့တဲ့ သစ်ပါမစ်တွေကို လိုတာထက်ပိုပြီး တင်နေကြ တာလည်း မြင်ဖူးပါတယ်။
အရင်ရောက်ခဲ့စဉ် သစ်တောတွေနဲ့ စိမ်းလန်းဝေဆာနေတဲ့ နေရာတွေကို နောက်တစ်ခေါက် ရောက်သွားရင် ကွင်းပြင်ထီးထီး ဖြစ်နေတာ ကို မြင်ရတော့ မြန်မာ နိုင်ငံသားတစ်ဦးအနေနဲ့ စိတ်မကောင်း ဖြစ်ရပါတယ်။
အခု ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်မှာ ဖမ်းဆီးမိတဲ့ အထဲမှာ မြန်မာနိုင်ငံသား ဆယ်ဂဏန်းနဲ့ တရုတ် နိုင်ငံသား ရာကျော် ဖမ်းမိတယ် ဆိုတာကို ဖတ်ရတော့ ပိုပြီး စိတ်မကောင်းဖြစ်ရတဲ့အပြင် မခံချင်စိတ်လည်း ဖြစ်မိပါတယ်။ ဒါကြောင့် သစ်တောတွေ ပြုန်းတီးအောင် လုပ်တဲ့ နိုင်ငံ့ဝန်ထမ်းပဲဖြစ်ဖြစ်၊ နိုင်ငံသားပဲဖြစ် ဖြစ်၊ နိုင်ငံခြားသားပဲ ဖြစ်ဖြစ် ဥပဒေနဲ့ အညီ ထိရောက်စွာ အရေးယူပေးပါလို့ တာဝန်ရှိသူတွေကို တောင်း ဆို ချင်ပါတယ်လို့ ရေးလာတဲ့စာကို ဖော်ပြလိုက်ပါတယ်။
Credit - Mizzima News
No comments:
Post a Comment