Wednesday, January 21, 2015

ကျောင်းသား သပိတ်စစ်ကြောင်း ကျောက်ဆည်တွင် မူလစီစဉ်ထားသည့် ဘုန်းကြီးကျောင်း ဒေသအာဏပိုင်များ ကန့်ကွက်သဖြင့် နေရာပြောင်းတည်းရ

မန္တလေး (မဇ္ဈိမ)။ ။  မန္တလေးမြို့မှ ရန်ကုန်မြို့သို့ ချီတက်နေသည့် ကျောင်းသားသပိတ် စစ်ကြောင်းတည်းခိုရန် စီစဉ်ထားသည့်
ကျောက်ဆည်မြို့ရှိ ဆင်ဖြူတော်ဝပ် ဘုန်းကြီးကျောင်းတွင် အာဏာပိုင်များ ကိုးကွယ်သည့် ကျောင်းဖြစ်သည့်အတွက် အခြားကျောင်း
ပြောင်းတည်းခိုရန် မြို့နယ် အုပ်ချုပ်ရေးမှူးက ပြောကြားခဲ့ကြောင်း ကျောက်ဆည်မြို့ ကျောင်းသားသပိတ် စစ်ကြောင်း ဧည့်ခံကြိုဆိုရေးအဖွဲ့မှ ကိုစိုးသီဟက မဇ္ဈိမကို ပြောသည်။

Student-Strike-Mandalay-Began-Marching-18
အမျိုးသား ပညာရေး ဥပဒေကို ကန့်ကွက်သည့် သပိတ်မှောက်ကျောင်းသား ၁၀၀ ခန့်က မန္တလေးမြို့ အိမ်တော်ရာ ဘုရားဝန်းမှ စတင်ကာ ဇန်နဝါရီ ၂၀ ရက် နံနက်က ရန်ကုန်မြို့သို့ လမ်းလျှောက်ချီတက်စဉ်။ (ဓာတ်ပုံ-ဘိုဘို၊ မဇ္ဈိမ)



အဆိုပါ ဘုန်းကြီးကျောင်းတွင် ကျောင်းသားသပိတ်စစ်ကြောင်း တည်းခိုရန် ဆရာကတော်က လက်ခံခဲ့၍ တည်းခိုရန် စီစဉ်ခဲ့ခြင်း ဖြစ်ပြီး ဇန်နဝါရီ ၂၁ ရက် နံနက်ပိုင်းတွင် ရပ်ကွက် အုပ်ချုပ်းရေးမှူးက လက်မခံရန် လျှောက်ထားခဲ့သည်ဟုဆိုသည်။ ထို့နောက်တွင် မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ ရောက်ရှိလာပြီး လက်မခံရန် ထပ်မံလျှောက်ထားခဲ့ကြောင်း ၎င်းက ပြောသည်။

“ဘုန်းကြီးကို ဘယ်လိုလျောက်လိုက်တယ် မသိဘူး။ မင်းတို့ တရားဝင်ဖြစ်အောင်လုပ်ခဲ့ရင် လက်ခံမယ်လို့ပြောတယ်။ ဒါနဲ့ ကျွန်တော်တို့လည်း သပိတ်မှောက်ကျောင်းသား နှစ်ယောက်နဲ့အတူ မြို့နယ်အုပ်ချုပ်ရေးမှူးဆီ သွားမေးတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူးက ကန့်ကွက်တာမဟုတ်ဘူး။ ဒီကျောင်းက မြို့နယ်က ကိုးကွယ်တဲ့ ကျောင်းဖြစ်နေတယ်။ အခြားကျောင်းကို ပြောင်းတည်းဖို့ ပြောတယ်။ ဒါကြောင့် ကျွန်တော်တို့လည်း အခြား နေရာတစ်ခုကို စီစဉ်လိုက်ရတယ်’’ ဟု ၎င်းက ပြောသည်။

အဆိုပါ ကျောင်းသားသပိတ် စစ်ကြောင်းသည် ခွင့်ပြုချက်မရှိခြင်းကြောင့် တည်းခိုခွင့်မပြုရန် လျှောက်ထားခြင်းဖြစ်သည်ဟု ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်၊ ဗဟို လုပ်ငန်းကော်မတီ၊ သတင်းနှင့် ပြန်ကြားရေးအဖွဲ့မှ ကိုရဲရင့်ကျော်က မဇ္ဈိမကို ဆိုသည်။

“ခွင့်ပြုချက်တစ်စုံတစ်ရာ ယူထားတာမရှိတဲ့အတွက် တည်းခိုခွင့်မပြုဖို့ပြောတယ်။ ဆရာတော်ကျောင်းနဲ့က ဆရာတပည့်တွေလို ဖြစ်နေတဲ့ အတွက် ငဲ့ညာပေးပါဆိုပြီး လာလျှောက်တယ်။ ကျွန်တော်တို့ ကြားနေရတဲ့ သတင်းတွေအရတော့ လမ်းတလျှောက် တည်းခိုနိုင်တယ်လို့ ယူဆရတဲ့ ကျောင်းတွေကို ဖိအားပေးနေတယ်လို့ ကြားရတယ်။ ကြားနေရတဲ့အချိန်မှာ ကျောက်ဆည်မြို့ သတင်းကတော့ တကယ် အမှန် ဖြစ်လာပြီ" ဟု ၎င်းက ပြောသည်။

အမျိုးသားပညာရေး ဥပဒေ ဆန်ကျင်ကန့်ကွက်လှုပ်ရှားမှု ရက်  ၆၀ အလွန် လှုပ်ရှားမှုအဖြစ် အမျိုးသား ပညာရေး ဥပဒေကို ဆန့်ကျင် ကန့်ကွက်သော ဒီမိုကရေစီပညာရေး သပိတ်စစ်ကြောင်းသည် ဇန်နဝါရီ ၂၀ရက်က မန္တလေးအိမ်တော်ရာ ဘုရားမှ ရန်ကုန်သို့ အင်အား ၁၀၀ခန့်ဖြင့် ထွက်ခွာခဲ့ကြခြင်းဖြစ်သည်။ ထိုစစ်ကြောင်းမှာ ပုလိပ်မြို့တွင် တစ်ညအိပ်ပြီးမှ ကျောက်ဆည်မြိုသို့ ဆက်လက်ထွက်ခွာ လာခဲ့ခြင်း ဖြစ်သည်။
       
ယင်းကဲ့သို့ ကျောင်းသား သပိတ်စစ်ကြောင်း တည်းခိုရန် စီစဉ်ထားသည့် ကျောင်းမှာ လိုင်ဇာသို့ လမ်းလျှောက်သည့် သူများ တည်းခိုရန် စီစဉ်ခဲ့သည့် ကျောင်းဖြစ်ပြီး အဆိုပါ ကျောင်း၏ အမည်အား မသိရပေ။

Credit - Mizzima News

No comments:

Post a Comment