၂၀၀၈ ဖွဲ့စည်းပုံနဲ့အညီ နိုင်ငံရေးဖြစ်စဉ်မှာ ပါဝင်ခွင့်ပေးတယ်ဆိုတာဟာ စစ်တပ်နဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေက အရာရာချုပ်ကိုင်ထားတဲ့ အခြေအနေ အောက်မှာ ပါဝင်ခွင့်ပေးတာ . . .
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
လာကပေါ် – ကဲ… ကချင်ပြည်နယ်မှာတော့ အရင်ခေတ်တုန်းကအတိုင်းပြန် ဖြစ်သွားပြီနော်။
အောင်ကျော် – တိုက်ပွဲပြန်ဖြစ်တာကို ပြောတာလား။
လာကပေါ် – အဲဒီလောက် မကဘူး။ ကေအိုင်အေက ရဲတပ်ဖွဲ့ဝင် ၃ ယောက်ကို ဖမ်းခေါ်သွားတယ်။ အဲဒါကို လက်တုံ့ပြန် ဖို့အစိုးရတပ်က ကေအိုင်အေ စခန်းတွေ ကိုတိုက်တယ်၊ ဒီအခါ ကေအိုင်အေဘက်ကလည်း တံတားတွေကို မီးရှို့တယ်၊ ချိုးပစ်တယ်၊ ဆက်သွယ်ရေး လမ်းကြောင်း ဖြတ်တောက် ပစ်တာပေါ့ဗျာ။ နောက်ရဲ စခန်းတွေထဲကို လက်ပစ်ဗုံးတွေ ပစ်သွင်းတယ်။ အစိုးရ စစ်ယာဉ်တန်းကို ကြားဖြတ် တိုက်တယ်။ ကဲ အရင် ခေတ်တုန်းက အတိုင်းပဲ မဟုတ်ဘူးလား။
အောင်ကျော် – ဟုတ်ပါတယ်ဗျား။…
လာကပေါ် – ဒီ ပြဿနာတွေနဲ့ ပတ်သက်ပြီး သမ္မတပြောခွင့်ရ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ကေအိုင်အေ ထဲက ငြိမ်းချမ်းရေး မလိုလားသူတွေက တမင်လုပ်တာဆိုပြီး အပြစ်ပုံချထားသလို တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ငြိမ်းချမ်းရေးမရတာ လက်နက်ကိုင်တိုင်းရင်းသားတပ်ဖွဲ့တချို့ကြောင့် ဆို ပြီး စင်ကာပူအခြေစိုက် ချန်နယ်နယူးအေး ရှားသတင်းဌာနနဲ့တွေ့ဆုံစဉ်မှာ အပြစ် တင်ခဲ့တယ်ဗျ။
အောင်ကျော် – အင်း … စိတ်မော စရာပဲ။
လာကပေါ် – ဆိုတော့ လာမယ့် ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ တစ်တိုင်းပြည် လုံးဆိုင်ရာ အပစ်ရပ်စာချုပ် လက် မှတ်ထိုး နိုင်မလား၊ ပြောစမ်းပါဦး ခင်ဗျား အမြင်။
အောင်ကျော် – ဒီလောက် တိုက်ပွဲ တွေဖြစ်နေတာ၊ တစ်တိုင်းပြည်လုံးဆိုင်ရာ အပစ်ရပ်စာချုပ်လက်မှတ်ထိုးဖို့ ဘယ် ဖြစ်နိုင်သေးဦးမလဲ။ တိုင်းရင်းသားလက်နက်ကိုင်တွေ ပေါင်းစည်းထားတဲ့ NCCT ဘက်ကခေါင်းဆောင် နိုင်ဟံသာကလည်း မဖြစ်နိုင်သေးဘူး ပြောထားပြီးပြီလေ။
လာကပေါ် – ဒါဆို သမ္မတရဲ့ မျှော်မှန်းချက်တစ်ခုပဲ ဖြစ်တော့မပေါ့နော။
အောင်ကျော် – ဒါပေါ့။ အစိုးရ ဘက်ကတော့ တစ်တိုင်းပြည်လုံး ဆိုင်ရာ အပစ်ရပ်စာချုပ် လက်မှတ်ထိုးချင်နေ တာ ကြာလှပေါ့။ တကယ်လက်တွေ့ ဖြစ်မှမဖြစ်လာတာ။ ဒီရက်ပိုင်းဝန်ကြီး ဦးအောင်မင်းက လည်း နိုင်ဟံသာ ပြော တာကို ကိုးကားပြီး ဖေဖော်ဝါရီ ၁၂ ရက် လက်မှတ်မထိုး နိုင်သေးပေမယ့် တစ်နေ့နေ့ လက်မှတ်ထိုး နိုင် မယ်ဆိုတဲ့ အဓိပ္ပာယ်ကြောင့် မျှော်လင့်နေသေးတဲ့အကြောင်း ပြောသွားတယ်ဗျ။ လုပ်စမ်းပါဦး။ ၀န်ကြီးဦးရဲထွဋ် က အပြစ် တင်တယ်ဆိုတာ ဘယ်လိုမျိုးလဲ။
လာကပေါ် – သူပြောတဲ့ စကားလုံး အတိအကျကတော့ ဒီလိုဗျ။ “ကေအိုင်အေ အဖွဲ့တွင်းက အပစ်အခတ် ရပ် စဲရေးကို မလိုလားတဲ့ အုပ်စုများက ငြိမ်းချမ်းရေး ဆွေးနွေးမှု အရှိန်ပျက်သွားအောင်၊ တစ် နိုင်ငံလုံးအပစ် အခတ် ရပ်စဲရေး လက်မှတ်ထိုးဖို့အတွက် အဟန့်အတားဖြစ်အောင် တမင်ရည်ရွယ်ဆောင်ရွက်တာလို့ယုံကြည် ဖို့ အကြောင်းအချက်တွေ အများကြီး ရှိပါတယ်။ ဘာ့ကြောင့်လဲ၊ အခု အဖမ်းခံရတဲ့ ဖားကန့် – ဟွေခါလမ်းဟာ အများပြည်သူ သုံးနေတဲ့ကားလမ်းဖြစ်ပြီး ဒီလမ်းအတိုင်း အစိုးရအဖွဲ့အစည်းများက တာဝန်ရှိသူတွေ အကြိမ် ကြိမ်သွားနေတဲ့လမ်းပါ။ ကချင် ပြည်နယ်ဝန်ကြီးကလည်း ဖားကန့်ကနေ အဲဒီလမ်းအတိုင်း လမ်းအခြေ အနေ တွေကို စစ်ဆေးသွားမယ်ဆိုတာ အားလုံးသိပါ တယ်။ လျှို့ဝှက်ခရီးစဉ် မဟုတ်ပါဘူး” တဲ့။
အောင်ကျော် – ဆက်စမ်းပါဦး။
လာကပေါ် – “ဒီလမ်းပေါ်မှာ ပြည်နယ်အစိုးရက တာဝန်ရှိသူတွေကို ဖမ်းဆီးမယ်၊ လုံခြုံရေး တပ်ဖွဲ့တွေကို ဖမ်း ဆီး ခေါ်ဆောင်သွားမယ်ဆိုရင် နယ်မြေခံတပ်မတော် စစ်ကြောင်းများအနေနဲ့ ဖမ်းဆီး ခံရသူတွေကို ကယ်တင် နိုင်ဖို့အတွက် လိုက်လံရှင်းလင်းရမယ်ဆိုတာ ကေအိုင်အေက သိပြီးသားပါ။ ဒါ့ကြောင့် ဒီဖြစ်စဉ်အား တပ်မ တော်ဘက်က နယ်မြေလိုက်လံရှင်း လင်းအောင်၊ နယ်မြေရှင်းတဲ့တပ်ဖွဲ့များ ကို ကေအိုင်အေ တပ်ဖွဲ့များက စောင့်ဆိုင်း တိုက်ခိုက်ခြင်းအားဖြင့် တိုက်ပွဲပြန်ဖြစ်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ထိခိုက်အောင် ရည်ရွယ်ချက် ရှိရှိ ဆောင်ရွက်ခဲ့တာလို့ပဲ မြင်ပါတယ်။ တိုက်ပွဲတွေစဖြစ်တာနဲ့ ဖားကန့်၊ လုံးခင်းဒေသမှာ မိုင်းခွဲမှုတွေ၊ ရဲ စခန်းကို တိုက်ခိုက်ခဲ့မှုတွေ တစ်ပြိုင်တည်း ဖြစ်ခဲ့တာတွေကြည့်ရင် ကြိုတင်ပြင်ဆင်ထားတယ်လို့ ယူဆနိုင်စရာ အခြေအနေကို တွေ့ရမှာပါ”တဲ့။
အောင်ကျော် – အဲဒါကို ကြည့်ရင် တစ်ဖက်နဲ့တစ်ဖက် လုံးဝယုံကြည်မှုမရှိ တော့ဘူးဆိုတဲ့ အခြေအနေ ကို တွေ့နိုင်တယ်။ ဟုတ်တယ် မဟုတ်လား။
လာကပေါ် – ဟုတ်တယ်လေ။ တပ်ချုပ်ကိုယ်တိုင်ကတောင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ တကယ် ငြိမ်းချမ်းရေးလိုချင်သလား၊ သူတို့လိုချင်ရင်ရတယ်။ သူတို့အပေါ်ပဲ မူတည်တယ်ဆိုပြီး ပြောခဲ့ သေးတယ်။ ခင်ဗျားအမြင်ကရော အဲဒါ တကယ်ပဲလား။
အောင်ကျော် – ကျွန်တော်ကတော့ အသေအချာ စဉ်းစားတယ်။ အရင်က လည်းရေးဖူးတယ်။ ကေအိုင်အိုဟာ အပစ်ရပ်သက်သက်လောက် လိုချင်တာ မဟုတ်ဘူး။ သူတို့က တကယ့်အဖြေတစ်ခုကို တစ်ခါတည်းတန်းပြီး ရချင်တယ်။ အစိုးရ ဘက်ကတော့ အပစ်ရပ်ကို အရင်လုပ်ချင်တယ်။ ကျန်တာတွေအတွက် ဘာမှအဖြေ မပေး ဘူး။
လာကပေါ် – ဆိုတော့ ကေအိုင်အို ဘက်က ဘာကြောင့်အပစ်ရပ်သက်သက် မလုပ်ချင်တာလဲ စဉ်းစားကြည့် သလား။
အောင်ကျော် – စဉ်းစားကြည့်တာပေါ့ ဗျာ။ ပထမအချက်ကတော့ သူတို့ အဖွဲ့ အစည်းအကျိုးစီးပွားပေါ့ဗျာ။ အခု အစိုးရ ဘက်က ပြောနေတာက အရင်အပစ်ရပ် စာချုပ်ကြီး လက်မှတ်ထိုးကြမယ်။ ပြီးရင် နိုင်ငံရေးဆွေးနွေး ပွဲ ကြီးလုပ်ကြမယ်။ ဒါ ပေမဲ့ အဲဒီဆွေးနွေးပွဲကနေ ဘာရလဒ်တွေ ရလာမယ်၊ အဲဒါကို အကောင်အထည်ဖော် နိုင် မယ်မဖော်နိုင်ဘူး ဘာမှမပြောနိုင်ဘူး။
လာကပေါ် – ဆိုတော့ မရေရာမသေချာတဲ့ သဘောလား။
အောင်ကျော် – မဟုတ်ဘူး။ လက်နက်ကိုင်တိုင်းရင်းသားတွေဘက်က သူတို့ လက်နက် သူတို့ကိုင်ထား၊ တချို့ ကတော့ နိုင်ငံရေးကိုကူးပြောင်းပြီး ရွေးကောက်ပွဲဝင် လို့ရတယ်။ ၂၀၀၈ ဖွဲ့စည်းပုံနဲ့အညီ မြန်မာ့ နိုင်ငံရေး ဖြစ်စဉ် မှာ ပါဝင်ကြဆိုပြီး လမ်းဖွင့် ပေးတယ်။ အဲဒီမှာ ပြဿနာက စတော့တာပဲ။
လာကပေါ် – ဘယ်လို ပြဿနာ စတာလဲ။
အောင်ကျော် – အစိုးရဘက်က ၂၀၀၈ ဖွဲ့စည်းပုံနဲ့အညီ နိုင်ငံရေးဖြစ်စဉ်မှာ ပါဝင်ခွင့်ပေးတယ်ဆိုတာဟာ စစ် တပ်နဲ့စစ် ဗိုလ်ချုပ်ဟောင်းတွေက အရာရာချုပ်ကိုင်ထားတဲ့ အခြေအနေအောက်မှာ ပါဝင်ခွင့် ပေးတာ။ ပြည်မ မှာဆိုရင် အန်အယ်လ်ဒီက ရွေးကောက်ပွဲမှာ ၆၇ ရာခိုင်နှုန်းကျော် မဲနိုင်မှ သမ္မတတင်နိုင်၊ အစိုးရ ဖွဲ့နိုင်မယ် ဆိုတဲ့ အခြေအနေ၊ စစ်ဗိုလ်ချုပ်ဟောင်း တွေနဲ့ ဖွဲ့ထားတဲ့ ပြည်ခိုင်ဖြိုးကတော့ ၃၄ ရာခိုင်နှုန်းလောက် အနိုင်ရ ရင်ပဲ စစ်ဗိုလ် အမတ်တွေနဲ့ ပေါင်းပြီး သမ္မတတင်နိုင်၊ အစိုးရဖွဲ့နိုင်။
လာကပေါ် – လုံးဝမမျှတဘူးနော။
အောင်ကျော် – ပြည်နယ်တွေမှာလည်း အဲလိုပဲ။ တိုင်းရင်းသားပါတီတွေ သေလောက်အောင် နိုင်ရင်လည်း ပြည် နယ်ဝန်ကြီးချုပ် တစ်ယောက် မရွေးနိုင်ဘူး။ သမ္မတက ခန့်မှာမို့။ တကယ်လို့ သက်ဆိုင်ရာတိုင်းနဲ့ ပြည်နယ် အမတ်တွေကပဲ ၀န်ကြီးချုပ်တစ်ယောက်ရွေးပါ ဆိုရင်လည်း မမျှတသေးဘူး။ အဲဒီ လွှတ်တော် တွေမှာလည်း စစ်ဗိုလ်အမတ်က ၂၅ ရာ ခိုင်နှုန်းပါနေပြန်တယ်။ ဆိုတော့ လက်နက်ကိုင်အဖွဲ့အစည်းတွေဟာ အဲလို မမျှတ တဲ့ နိုင်ငံရေးမျိုးကို ၀င်ချင်မှာမဟုတ်တာ ရှင်းနေတာပဲ။
လာကပေါ် – ဒါကြောင့် ကေအိုင်အိုက အပစ်မရပ်ချင်တာနေမှာ။
အောင်ကျော် – အမျိုးမျိုးပေါ့ဗျာ။ သူတို့ အဖွဲ့အစည်းအကျိုး၊ ခုနကလို မမျှတတဲ့နိုင်ငံရေးထဲ ၀င်ရမယ့်ကိစ္စ၊ နောက်စစ်ဘုရင်တွေရဲ့ ကိုယ်ကျိုးစီးပွားအားလုံး ပါမှာပေါ့။
လာကပေါ် – အဲဒီတော့ ဘယ်လိုဖြစ် သင့်လဲ။
အောင်ကျော် – ငြိမ်းချမ်းရေးကို တကယ်လိုလားရင် အစိုးရ၊ ပြည်ခိုင်ဖြိုး ပါတီ လွှမ်းမိုးထားတဲ့ လွှတ်တော်နဲ့ တပ် ဘက်က ဖွဲ့စည်းပုံကို မြန်မြန် ပြင်ရမယ်။ ကေအိုင်အို ဘက်ကတော့ ကချင်တိုင်းရင်း သားတွေ မျက်နှာကြည့် ပြီး၊ တစ်တိုင်းပြည်လုံးက ပြည်သူတွေ အကျိုးကို ရှေးရှုပြီး အပစ်ရပ်တာကတော့ လုပ်ကို လုပ်ရမယ်။ နောင် အစိုးရ၊ စစ်ဗိုလ်ဟောင်းတွေနဲ့ နိုင်ငံ ရေးအရအားပြိုင်ကြပေါ့ဗျာ။ အဲဒါအကောင်း ဆုံး နည်းလမ်းလို့ ထင်တာပဲ။
လာကပေါ် – ကောင်းပါပြီဗျား။
မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/

No comments:
Post a Comment