စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့ ကျေးဇူးရှင် မောင်နှမတစ်စုအား ပူဇော်ကန်တော့ပွဲအား ဇန်န၀ါရီ ၂၄ ရက်နေ့တွင် ရွှေဘိုခရိုင်၊ ကန့်ဘလူမြို့ရှိ မဟာရွှေစည်ကြီး စေတီတော် သာသနာ့ဗိမာန်တွင် ပြုလုပ်မည်ဟု ပူဇော်ပွဲ ဖြစ်မြောက်ရေး ကော်မတီဝင် ဦးသက်ကိုကိုကျော် (ယခင် ပြည်ခိုင်ဖြိုးဌာနချုပ် ဒေသရေးရာ ညှိနှိုင်းရေးမှူး) က မြန်မာသံတော်ဆင့် သို့ ပြောကြားပြီး ယင်းကျေးဇူးဆပ်ပွဲသို့ ကျန်းမာရေး အခြေအနေအရ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးနှင့် ဇနီးဒေါ်မြမြစန်းတို့ သွားရောက်နိုင်ခြင်း မရှိဘဲ ဒုချုပ်ကြီး၏ အစ်ကို ဖြစ်သူ ဦးကျော်ညွန့်နှင့် အစ်မဖြစ်သူ ဒေါ်အုန်းကြည်တို့သာ သွားရောက်မည်ဖြစ်ကြောင်း ဦးမောင်အေး၏ မိသားစုဝင် တစ်ဦးက မြန်မာသံတော်ဆင့်သို့ ဇန်န၀ါရီ၂၂ ရက်နေ့တွင် ပြောကြားခဲ့သည်။
ကန့်ဘလူမြို့ ကျေးဇူးရှင် မောင်နှမတစ်စုမှာ စစ်အစိုးရ လက်ထက်တွင် ဒုတိယ အာဏာအရှိဆုံး ဖြစ်သူ ဒုတိယ ဗိုလ်ချုပ်မှူးကြီး (ငြိမ်း) ဦးမောင်အေး၊ ဦးမောင်အေး၏ အစ်မဒေါ်အုန်းကြည်နှင့် ဦးမောင်အေး၏ အစ်ကို ဦးကျော်ညွန့် တို့ဖြစ်ပြီး ယင်းမောင်နှမ တစ်စုသည် မဟာရွှေစည်ကြီး စေတီတော် ဘုရားဒါယကာ၊ ဒါယိကာမ မောင်နှမ များ ဖြစ်သည်။ ကန့်ဘလူမြို့တွင် ငယ်စဉ်က နေထိုင်ခဲ့သော နေအိမ်အား မဟာရွှေစည်ကြီး ပရိယတ္တိ စာသင်တိုက် အဖြစ်လည်း ဆောက်လုပ် လှူဒါန်းထားသည်။
ထို့အတူ ရွှေစည်ကြီး စေတီတော် ပရိဝုဏ်တွင် ၂၇-၇-၁၉၉၉ တွင် နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မောင်အေးနှင့် ဇနီးဒေါ်မြမြစန်းတို့ လှူဒါန်းထားသော ဗုဒ္ဓစွယ်တော်ပွား တစ်ဆူရှိပြီး ကန့်ဘလူမြို့ တိုးတက်ရေးအတွက် “အေးမြစိုး” ဖောင်ဒေးရှင်းသည် အကူ အညီများ ပေးလျက်ရှိသည်။ “အေးမြစိုး” ဖောင်ဒေးရှင်း အမည်မှာ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးနှင့် ဇနီး ဒေါ်မြမြစန်း၊ မိခင်ကြီး ပွဲကတော် ဒေါ်စိုးတို့၏ အမည်များကို ထည့်သွင်း အမည်ပေးထားခြင်း ဖြစ်ပြီး ဦးမောင်အေး ဒုတိယ ဗိုလ်ချုပ်မှူးကြီးဘ၀ ၂၀၁၀ ဇန်န၀ါရီ ၁ ရက်နေ့တွင် စတင် တည်ထောင်ခဲ့ပြီး နာယကများအဖြစ် ဦးကျော်ညွန့် (ဒုတိယ ဗိုလ်ချုပ်မှူးကြီး ဦးမောင်အေး၏ အစ်ကို)၊ ဦးမောင်အေး (ဒုတိယ ဗိုလ်ချုပ်မှူးကြီး ဦးမောင်အေး)၊ ဒေါ်မြမြစန်း( ဒုတိယဗိုလ်ချုပ်မှူးကြီး ဦးမောင်အေး၏ ဇနီး)၊ ဒေါ်နန်းသန်းထွေး (ဦးအောင်ကိုဝင်း -ကမ္ဘောဇဘဏ်၏ဇနီး)၊ ဦးတေဇ (ထူးကုမ္ပဏီ)တို့ ပါဝင်သည်။
ပူဇော်ပွဲကျင်းပ ဖြစ်ခဲ့ပုံနှင့် ပတ်သက်၍ ““ရန်ကုန်က ကန့်ဘလူမြို့နယ် အသင်းက မဟာရွှေစည်ကြီး စေတီတော် ၁၅ ကြိမ်မြောက် ဗုဒ္ဓပူဇနိယ ဘုရားပွဲကိစ္စလာရင်းနဲ့ ဘုရားပွဲကို သူတို့ဦးဆောင် လုပ်မယ်ဆိုပြီး တိုင်ပင်ကြတယ်။ အရင်တုန်းက ဒုချုပ်ကြီး ရှိစဉ်ကာလတုန်းကတော့ တိုင်းတို့ ဘာတို့က လာပြီးစီစဉ် လုပ်ကြတာ။ အခုတော့ အဲဒီလို မရှိတော့ဘူးလေ။ ကန့်ဘလူမြို့မှာလည်း ရေပေးဝေရေး လုပ်ငန်းတွေ၊ ဂျီတီစီ ကျောင်း၊ ကုတင်(၁၀၀)ဆးရုံ၊ လမ်းတွေ၊ လျှပ်စစ်မီးတွေ၊ နှစ်စဉ် မျက်စိ ဝေဒနာရှင်တွေကို ကုသပေးနေ တာတွေ လုပ်ပေးထားတာရှိတော့ ဘာပဲပြောပြော သူတို့ရဲ့ ခြေရာလက်ရာ ကင်းတဲ့နေရာ မရှိသလောက်ပဲ။ ကန့်ဘလူမြို့ ဖွံ့ဖြိုးလာတာက ဒုတိယ ဗိုလ်ချုပ်မှူးကြီးမောင်အေး၊ အဘ ဦးကျော်ညွန့်၊ ဒေါ်အုန်းကြည်တို့ရဲ့ ကျေးဇူးတရားတွေလည်း ရှိတယ်။ အဲဒီကျေးဇူးတရားတွေကို သူတို့တွေ သက်ရှိထင်ရှား ရှိတဲ့အချိန်မှာ ကန်တော့ လိုက်ချင်တယ်။ သူတို့တွေက အသက်တွေကြီးပြီဆိုတော့ နောင်လည်း လာဖြစ်ချင်မှ လာဖြစ် တော့မှာဆိုပြီး အစည်းအဝေးမှာ ပြောကြတယ်။
ပထမတော့ ကန့်ဘလူမြို့ပေါ်က လူကြီး ၄၊ ၅ ယောက်လောက်က စီစဉ်တာပဲ။ ကန့်ဘလူမြို့က လူတွေ လှည့်ခေါ်တာ ၂၅၀ ယောက်လောက် ရှိတယ်။ အစည်းအဝေး လုပ်ပြောလိုက်တော့ အကုန်လုံးက ၀ိုင်း ထောက်ခံတယ်။ ဒါကောင်းတယ် ဘာနိုင်ငံရေးမှ ပါတာ မဟုတ်ဘူး။ ကန့်ဘလူမြို့မှာ ဒီကျေးဇူးတွေရှိတာ မှန်တယ်။ ဒါကို ပူဇော်ကန်တော့ပွဲ လုပ်မယ်။ မပါချင်တဲ့ လူလည်းရတယ်၊ တက်ချင်တဲ့ သူတွေလည်းတက် ဆိုပြီး လုပ်ဖြစ်သွားတာ။ နောက်ပူဇော်ပွဲ ဖြစ်မြောက်ရေး ကော်မတီဆိုပြီး ဖြစ်လာတယ်။
အဲဒီအချိန်မှာပဲ (ဒုတိယ ဗိုလ်ချုပ်မှူးကြီး-ငြိမ်း) ဦးမောင်အေး ဂျပန်ခေတ်တုန်းက စစ်ပြေးခဲ့တဲ့ ဆိပ်ဖူးမြောင်ရွာ၊ လျှပ်စစ်မီး လုပ်ပေးထားတဲ့ နတ်ပေးရွာ၊ နတ်အင်းရွာ၊ ကျောက်တစ်ချပ်ရွာတွေက သတင်းကြားပြီး အသက် တော်တော်ကြီးပါပြီ အဖိုးကြီးတွေ လာတက်တယ်။ တချို့တွေက ငွေရေးကြေးရေးလည်း သိပ်မတက်နိုင်တော့ ပျားရည်တွေ၊ ဒေသထွက်ကုန်တွေ လာပေးကြတယ်”” ဟု ပူဇော်ပွဲဖြစ် မြောက်ရေး ကော်မတီဝင် ကန့်ဘလူ မြို့ခံတစ်ဦးက မြန်မာသံတော်ဆင့်သို့ ပြောကြားသည်။
ပူဇော်ကန်တော့ပွဲအား ဘုရားဆွမ်းတော်ကပ်ခြင်း၊ ရွှေစည်ကြီး စေတီတော် အား ဆီမီးပူဇော်ခြင်းး၊ သံဃာတော် များအားဆွမ်းကပ်ခြင်းနှင့် ကန်တော့ပွဲ အခမ်းအနား ပြုလုပ်သွားမည့် အကြောင်းကို““ မဟာရွှေစည်ကြီး သာသနာ့ ဗိမာန်မှာလုပ်မှာ။ မနက်ပိုင်းမှာ ကန့်ဘလူမြို့ ကျေးဇူးရှင် မောင်နှမတစ်စုကို အမှူးထားပြီး သံဃာတော်တွေကို ဆွမ်းကပ်မယ်။ ဘုရားဝင်းထဲမှာရှိတဲ့ မဟာဗောဓိ ညောင်ပင်ရင်းက ဘုရားတွေကို ဆွမ်းတော် တင်မယ်။ ညနေ ၃ နာရီနဲ့ ၄နာရီကြားမှာ ကျေးဇူးရှင် မောင်နှမတစ်စုကို မြို့ပေါ်က လူတွေနဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ ရွာတွေက အခမ်းအနား အစီအစဉ် (၁၃)ရပ်နဲ့ ကန်တော့ပွဲ ကျင်းပမယ်။ ညပိုင်းမှာတော့ မဟာရွှေစည်ကြီး စေတီတော်ရင်ပြင်မှာ ဆီမီး ၉၀၀၀ ထွန်းညှိပြီး အဘအေး မိသားစုများ ကျန်းမာပါစေဟု ဆုတောင်းကြမယ်။ အစီအစဉ်ကတော့ အဲဒီလောက်ပါပဲ။
ဒီအစီအစဉ်တွေကို လူကြီးပိုင်း၊ လူလတ်ပိုင်း၊ လူငယ်ပိုင်းတွေ ၀ိုင်းဝန်း ဆွေးနွေးပြီး ဒီအစီအစဉ် ဖြစ်သွားတာ။ လက်ဆောင်ပေးမယ့် ပစ္စည်းတွေကို မိမိကြိုက်နှစ်သက်ရာ ပါဝင်နိုင်တယ်ဆိုတော့ ပိုက်ဆံတတ်နိုင်တဲ့ သူတွေက ငွေထည့်တယ်။ ပိုက်ဆံ မတတ်နိုင်တဲ့ သူတွေကလည်း ပျားရည်၊ မျှစ်ခြောက်၊ နှမ်းလှော်၊ မြေပဲဆန်၊ ထန်းလျက်တွေ၊ ဒေသထွက်ကုန်တွေ လာပေးကြတယ်””ဟု ပူဇော်ပွဲဖြစ်မြောက်ရေး ကော်မတီဝင်က ဆက်လက် ပြောကြားသည်။
ရွှေစည်ကြီး စေတီတော် ပရိဝုဏ်တွင် ဗိုလ်ချုပ်ကြီး မောင်အေးနှင့် ဇနီးဒေါ်မြမြစန်း၊ အတွင်းရေးမှူး(၂) ဒုတိယ ဗိုလ်ချုပ်ကြီးတင်ဦးနှင့် ဇနီးဒေါ်ခင်သန်းနွဲ့၊ အတွင်းရေးမှူး(၃) ဒုတိယဗိုလ်ချုပ်ကြီး ၀င်းမြင့်နှင့် ဇနီးဒေါ်ခင်ချိုဦး၊ အနောက်မြောက် တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်စိုးဝင်းနှင့် ဇနီးဒေါ်သန်းသန်းနွဲ့၊ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ရဲမြင့်နှင့်ဇနီး ဒေါ်တင်လင်းမြင့်၊ ဗိုလ်ချုပ်တင်ထွတ်နှင့် ဇနီးတင်တင်ညွန့်၊ ဦးအောင်ကိုဝင်း (ကမ္ဘောဇဘဏ်)နှင့် ဇနီး ဒေါ်နန်းသန်းထွေး၊ ဦးအိုက်ထွန်း (အာရှဓနဘဏ်)၊ ဦးကြင်ဝမ်+ ဒေါ်လှသိန်း (ဂျိုးသိန်းဆေးပေါ့လိပ်) စသည့် မိသားစုများနှင့်အတူ အလှူရှင်များက ဘုရားတည်စဉ်က စိုက်လှူ ပူဇော်ခဲ့သည့် မဟာဗောဓိပင်များအား ပင်ခြေတွင် ဗုဒ္ဓဆင်းတုတော်များနှင့်တကွ ဖူးမြော်နိုင်သည်။ မဟာရွှေစည်ကြီး စေတီတော်၏ ၁၅ ကြိမ်မြောက် ဗုဒ္ဓပူဇနိယ ပွဲတော်ကို ဇန်န၀ါရီ ၂၅ရက် နေ့တွင် စတင် ကျင်းပမည် ဖြစ်သည်။
ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးသည် တပ်မတော်အစိုးရ အနှစ်၂၀ ကာလ တစ်လျှောက် အစိုးရ အဖွဲ့ဝင်များနှင့် တပ်မတော် အရာရှိကြီးများ၊ လက်ရှိ ပြည်ထောင်စု အစိုးရအဖွဲ့ဝင်များ အပါအ၀င် ကြောက်ရွံ့ ရိုသေကြရသည့် ပုဂ္ဂိုလ်ဖြစ်ပြီး လက်ရှိသမ္မတ ဦးသိန်းစိန်သည်လည်း ဒုချုပ် ဦးမောင်အေးကို မိဘသဖွယ် ရိုသေ လေးစားရကြောင်း တပ်မတော် အစိုးရလက်ထက် အစိုးရအဖွဲ့ရုံး တာဝန်ရှိသူတစ်ဦးက မြန်မာသံတော်ဆင့် သို့ ပြောကြားခဲ့သည်။
ဆန်းဝင်းထွန်း
- မဟာရွှေစည်ကြီး ဘုရားဒကာများအဖြစ် ဦးမောင်အေးတို့ မောင်နှမ ၃ ဦးဓာတ်ပုံကို စေတီပရိဝုဏ်၌တွေ့ရစဉ်
- ဦးမောင်အေး၏ အစ်ကို
ဦးကျော်ညွန့်ကို ကန့်ဘလူမြို့၌ ၂၀၁၄ ခုနှစ် အတွင်း တွေ့ရစဉ်
မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald


No comments:
Post a Comment