Friday, January 23, 2015

သပိတ်မှောက်ကျောင်းသားများကို ခွင့်ပြုမိန့်တင်ရန်နှင့် ခွင့်ပြုချက်မရမီ အိမ်ပြန်နေကြရန် မန္တလေး နယ်/လုံဝန်ကြီး တားမြစ်

 ရန်ကုန်၊ ဇန်န၀ါရီ ၂၂

အမျိုးသားပညာရေး ဥပဒေကို ကန့်ကွက်ကြောင်း ဆန္ဒဖော်ထုတ်သည့် သပိတ်မှောက် ကျောင်းသား များ ကျောက်ဆည်မြို့ သို့ ရောက်ရှိစဉ် မန္တလေးတိုင်း နယ်စပ်ရေးရာဝန်ကြီးဌာန၀န်ကြီး ဗိုလ်မှူးကြီး အောင်ကျော်မိုးနှင့် အဖွဲ့က ၅ ရက်အတွင်း ခွင့်ပြုမိန့်တင်ပါက ချထားပေးမည်ဖြစ်ပြီး ယင်းရက်အတွင်း အိမ်ပြန်နေကြရန် ဇန်န၀ါရီလ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် လာရောက် တားမြစ်ခဲ့ကြောင်း သပိတ် မှောက်ရာတွင် ပါဝင်သူ ဗကသများ အဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုရဲရင့်ကျော်က ဇန်န၀ါရီလ ၂၂ ရက်နေ့ နေ့လယ်ပိုင်းတွင် မြန်မာသံတော်ဆင့် သို့ ပြောသည်။

သပိတ်မှောက် ကျောင်းသားများ အနေဖြင့် စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်မည်ဆိုပါက ခွင့်ပြုမိန့် တင်ရမည်ဖြစ်ကြောင်း နယ်/လုံ ၀န်ကြီးက တားမြစ် ပြောဆိုခဲ့သော်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၅၄ အရ ပုဒ်မ ၁၈ကို လက်သင့်မခံသည့်အတွက် ခွင့်ပြုမိန့် မတင်နိုင်ကြောင်းကိုလည်း သပိတ်မှောက် ကျောင်းသား များက ပြန်လည်တုံ့ပြန်ခဲ့ကြောင်း ပြောပြသည်။

““သူက အခုဆိုရင် အမျိုးသား ပညာရေးဥပဒေကိုပြင်ဖို့ သမ္မတက လွှတ်တော်ကိုတောင် ညွှန်ကြား ထားပြီးပြီပေါ့။ ဒီအခြေအနေကို စောင့်ကြည့် သင့်တယ် ဆိုတာမျိုးနဲ့ လာနားချတာပေါ့။ ကျွန်တော်တို့က လက်မခံပါဘူး။ တကယ်လို့ ဖမ်းဆီးအရေးယူမယ် ဆိုရင်လည်း အားလုံးကို ဖမ်းဆီးအရေးယူလို့ ရတယ်ဆို တဲ့အကြောင်း တုံ့ပြန်တယ်။ ပုဒ်မ ၁၈ ကို လက်မခံပါဘူး။ တင်ပါဆိုလည်း မတင်ပါဘူး။ ပုဒ်မ ၁၈ ကို တင်လို့ရှိရင် ၅ ရက်အတွင်း ချပေးမယ်။ ဒီကြားထဲ သပိတ်ကို ရပ်ထားပေးပါ။ ရပ်ထားတဲ့ အချိန်အတွင်းမှာ အိမ်ပြန်နေပေါ့။ အဲဒီလိုမျိုး ပြောတယ်””ဟု သပိတ်မှောက်ရာတွင် ကိုယ်တိုင် ပါဝင်နေသူ ဗကသများ အဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ကိုရဲရင့်ကျော်က မြန်မာသံတော်ဆင့် သို့ ပြောသည်။

အခြေခံဥပဒေ ပုဒ်မ ၃၅၄ (ခ) တွင် ““လက်နက်မပါဘဲ ငြိမ်းချမ်းစွာ စုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့်ကို လွတ်လပ်စွာ သုံးစွဲ ဆောင်ရွက်ခွင့်ရှိသည်”” ဟု ဖော်ပြ ပြဋ္ဌာန်းထားသည်။

အဆိုပါ သပိတ်မှောက် စစ်ကြောင်းကို ဇန်န၀ါရီလ ၂၀ ရက်တွင် မန္တလေးမြို့မှ ထွက်ခွာလာခဲ့ခြင်းဖြစ်ပြီး ဇန်န၀ါရီလ ၂၀ ရက် ညပိုင်းတွင် ပုလိပ်မြို့သို့ ရောက်ရှိခဲ့သည်။ ယင်းနောက် ဇန်န၀ါရီလ ၂၁ ရက်နေ့ ညပိုင်းတွင် ကျောက်ဆည်မြို့သို့ ရောက်ရှိပြီး ဇန်န၀ါရီလ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် ကျောက်ဆည်မှ မြစ်သားမြို့သို့ ထွက်ခွာရန် ပြင်ဆင်နေစဉ် တား မြစ်ခံရခြင်း ဖြစ်သည်။ ယင်း တားမြစ်ခံရသည့် မြို့မှာယခင်စစ် အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ၏ ဇာတိမြို့လည်းဖြစ် သည်။ ကျောက်ဆည်မြို့သို့ ရောက်ရှိသည့် ဇန်န၀ါရီလ ၂၁ ရက်နေ့ ညပိုင်းကလည်း အာဏာပိုင်များက ဖိအားပေးခဲ့သဖြင့်ယခင် နားခိုရန် သတ်မှတ်ထားသည့် အိမ်တွင် နားခိုခွင့်မရခဲ့ဘဲ ယခုလက်ရှိ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ABSDF ဥက္ကဋ္ဌ ရဲဘော်သံခဲ၏ ဖခင်ဖြစ်သူ ယခင် မန္တလေးခရိုင် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌဟောင်း ဦးစိုးဝင်းမောင်၏ နေအိမ်၌ တည်းခိုခဲ့ရသည်။

အမျိုးသား ပညာရေးဥပဒေကို ကန့်ကွက်ဆန္ဒဖော်ထုတ်သည့် အဆိုပါ သပိတ်စစ်ကြောင်းတွင် ကျောင်းသား အင်အား ၁၀၀ ခန့် နှင့် အရပ်ဘက် အဖွဲ့အစည်းများမှ ပူးပေါင်းလာသူ ၂၀ ခန့် ပါဝင်သည်။ သပိတ်မှောက် ကျောင်းသား များမှာ ဇန်န၀ါရီလ ၂၂ ရက်တွင် ကျောက်ဆည် နည်းပညာတက္ကသိုလ်ရှေ့၌ အမျိုးသားပညာရေး ဥပဒေနှင့် ပတ်သက်ဩ၍ ဟောပြောပွဲတစ်ရပ် ပြုလုပ်ခဲ့ပြီး မြစ်သားမြို့နှင့် နွားထိုးကြီးမြို့များသို့ ဆက်လက် ချီတက် ဆန္ဒဖော်ထုတ်မည် ဖြစ်သည်။

ယခုပြုလုပ်လျက်ရှိသည့် သပိတ်ကို ကျောင်းသားထု တောင်းဆိုထား သည့် လေးပွင့်ဆိုင် တွေ့ဆုံမှု မရမချင်း အရှိန်မြှင့် လုပ်ဆောင် သွားမည် ဖြစ်ကြောင်းလည်း သပိတ်ကို ဦးဆောင်နေသည့် ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင် ကော်မတီဝင် မဖြိုးဖြိုးအောင်က ဇန်န၀ါရီလ ၂၂ ရက်တွင် ယခုကဲ့သို့ ပြောသည်။

““ကျွန်မတို့ တောင်းဆိုတဲ့ ၄ ပွင့်ဆိုင် တွေ့ဆုံမှု မရမချင်းကြားထဲမှာ နှစ်သိမ့်တာမျိုး၊ သပိတ်ကို အရှိန် ထိန်းချင်တဲ့ ပုံစံမျိုး ဆောင်ရွက်နေတာတွေကို လက်ခံမှာ မဟုတ်ပါဘူး။ ၄ ပွင့်ဆိုင် တွေ့ဆုံမှုက အဆင်မပြေရင်လည်း သပိတ်ဆက်မှောက်သွားမှာပါ။ နယ်/လုံ ၀န်ကြီး လာပြောတုန်းက သူက ကျောင်းသားတွေကို ဆူပူတဲ့ပုံစံမျိုး ဖြစ်မှာစိုးလို့လို့ပြောတယ်။ ကျွန်မတို့က ကျောင်းသားတွေကို ဆူပူအောင် လုပ်ခဲ့တာလည်း မရှိပါဘူး။ အစိုးရကနေ ဖန်တီးမှသာ ဖြစ်တယ် ဆိုတာမျိုး ထောက်ပြခဲ့တယ်။ အမျိုးသား ပညာရေးကို ဆန့်ကျင်တဲ့ သပိတ်ဖြစ်တဲ့အတွက် ကျွန်မတို့ ဦးတည်ချက် မရမချင်း ဆက်လက် ချီတက် သွားမှာပါ””ဟု မဖြိုးဖြိုးအောင်က ဆိုသည်။

လက်ရှိတွင် အမျိုးသားပညာရေး ဥပဒေကို ဆန့်ကျင်သည့် အနေဖြင့် တနင်္သာရီတိုင်း၊ ထားဝယ်မြို့နှင့် မန္တလေးတိုင်း ပခုက္ကူမြို့တို့တွင် လည်း ဒေသခံကျောင်းသား သမဂ္ဂများအဖွဲ့ဝင်များက ထိုင်သပိတ်များ ပြုလုပ်လျက်ရှိသည်။

ထားဝယ်မြို့တွင်မူ တနင်္သာရီတိုင်း ၀န်ကြီးချုပ်က သပိတ်မှောက် ဆန္ဒပြမှုနှင့် ပတ်သက်၍ ခွင့်ပြုပေး ထားကြောင်း ထားဝယ် နည်းပညာ တက္ကသိုလ် ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ ကိုသူရနိုင်က မြန်မာ သံတော်ဆင့်သို့ပြောသည်။

သဉ္ဇာဆွေ

သပိတ်မှောက် ကျောင်းသားများအား လာရောက်တားမြစ်နေသည့် မန္တလေးနယ်/လုံဝန်ကြီး ဗိုလ်မှူးကြီးအောင်ကျော်မိုးနှင့် ဆန္ဒဖော်ထုတ်နေသည့် သပိတ်မှောက်ကျောင်းသားများ

ဓာတ်ပုံ – ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီ

မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald

 

 
 

No comments:

Post a Comment