Friday, January 23, 2015

ရွေးကောက်ပွဲ ကော်မရှင်၏ တရားဝင် မဲဆွယ်စည်းရုံးခွင့်ပြုခြင်းက ကြံ့ခိုင်ရေးပါတီ၏ လုပ်ရပ်များကို လိုက်ရှင်းသလိုဖြစ်နေ

ရန်ကုန်၊ ဇန်န၀ါရီ ၂၁

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က နိုင်ငံရေးပါတီများအား ယခုအချိန်မှ စတင်ကာ မဲဆွယ်စည်းရုံးခွင့် တရားဝင် ခွင့်ပြုခဲ့ခြင်းသည် ပြည်ထောင်စု ကြံ့ခိုင်ရေးပါတီ၏ မဲဆွယ်မှုဆန်ဆန် ပြုလုပ်မှုများ ရှိနေခြင်းအပေါ် နောက်က လိုက်ရှင်းသလို ဖြစ်နေကြောင်း နိုင်ငံရေးပါတီများက ဇန်န၀ါရီ ၂၁ ရက်နေ့တွင် ဝေဖန် ပြောကြား ခဲ့ကြသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ မဲဆွယ် စည်းရုံးခွင့်ပြု သည့် ကြေညာချက်အား ဇန်န၀ါရီ လ(၁၆) ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပြီး ၂၀၁၅ ခုနှစ်

အထွေထွေ ရွေးကောက်ပွဲအား အောက်တိုဘာလကုန်၊ နိုဝင်ဘာလဆန်း တွင် ကျင်းပမည်ဖြစ်ရာ ရွေးကောက်ပွဲ ၀င်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းအတွက် မဲဆွယ် စည်းရုံးရသည့် ကာလ မဟုတ်သေးသော်လည်း နိုင်ငံရေးပါတီများ အနေဖြင့် မိမိတို့ ပါတီ အောင်နိုင်ရေး အတွက် စည်းရုံးလှုပ်ရှားမှုများ ပြုလုပ်နေကြ သည်ကို တွေ့မြင်ကြားသိနေရသောကြောင့် ဥပဒေနှင့်အညီ တရားဝင် မဲဆွယ်စည်းရုံးခွင့်ပေးကြောင်း ထုတ်ပြန်ခဲ့ပြီး ထိုကဲ့သို့ မထုတ်ပြန်မီ ကြံ့ခိုင်ရေးပါတီ၏ ထိပ်ပိုင်းခေါင်း ဆောင်အချို့ မဲဆွယ်စည်းရုံးမှု ဆန်ဆန် ပြုလုပ်မှုများ ရှိခဲ့ခြင်းကြောင့် အခုကဲ့သို့ ဝေဖန်ပြောကြား ခဲ့ခြင်း ဖြစ်သည်။

““သူတို့ သုံးနေကြတာဗျာ။ တရားဥပဒေနဲ့ တကယ်ညီမညီတော့ ဘယ်သူမှ ဘာမှမသိဘူး။ သူတို့ဘာမှ မလုပ်တတ်တဲ့ အခါကျတော့ တရားဥပဒေနဲ့ အညီဆိုတာ အမြဲထည့်တယ်။ နောက်ဆုံးဘာမှ မပြောတတ်ရင် တရားဥပဒေနဲ့ တောင်သူလယ်သမားတွေနဲ့ တွေ့တယ်။ မဲဆွယ်စည်းရုံးတဲ့ သဘောမျိုးဘက်ရောက်တော့ ၀ိုင်းပြောကြတာပေါ့။ အဲဒီဟာနဲ့ ပတ်သက်ပြီး သူတို့ဝိုင်းပြောပေးတာ ဖြစ်မှာပါ။ ကြံ့ခိုင်ရေးက ရှေ့က လုပ်တာကို ကော်မရှင် က နောက်ကလိုက်ရှင်း နေသလို ဖြစ်နိုင်တာပေါ့””ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က မြန်မာသံတော်ဆင့် သို့ ပြောသည်။

၂၀၁၄ ခုနှစ် ဒီဇင်ဘာလအတွင်း ပြည်ခိုင်ဖြိုးပါတီတွင် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၏ ရမည်းသင်းနှင့် ပျော်ဘွယ် ခရီးစဉ်များတွင် အမျိုးသားလွှတ်တော်၏ အသုံးချကာ မဲဆွယ်စည်းရုံးမှုဆန်ဆန် ပြုလုပ်ခဲ့ခြင်း အပေါ် ဝေဖန်မှုများ ရှိခဲ့ပြီး ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း၏ ဒီဇင်ဘာလအတွင်း ဒေသခံ တောင်သူလယ်သမားများနှင့် သွားရောက် တွေ့ဆုံ မှုမှာလည်း မဲဆွယ်စည်းရုံးမှု လုပ်ဆောင်ခြင်းသာ ဖြစ်ကြောင်းဟု ဝေဖန်မှုများ ထွက်ပေါ် ခဲ့သေးသည်။

““ပါတီငယ်လေးတွေက မဲဆွယ် စည်းရုံးခွင့် ကာလရှည်တယ်လို့ ပြောတဲ့အခါ ကျတော့ သူ့အတွက်ကတော့ ပိုပြီး အဆင်ပြေသွားတာပေါ့။ (၁၀)လလောက် ရတော့ ပါတီကြီးတွေ အတွက်ကတော့ ပိုပြီး အဆင်ပြေ သွားတာပေါ့။ ပါတီကြီးတွေ ပိုကောင်းတော့ ပါတီငယ်တွေအတွက် အခွင့်အရေး ပိုနည်းသွားတာပေါ့။””ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင် ဦးထွန်းထွန်းဟိန်က မြန်မာ သံတော်ဆင့်သို့ ပြောသည်။

ယခင်က မဲဆွယ်စည်းရုံးခွင့်အား ရက်ပေါင်း(၃၀)သာ သတ်မှတ်ထားပြီး မဲဆွယ်စည်းရုံးခွင့်ကာလ နည်းပါး လွန်းသောကြောင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က မဲဆွယ်စည်းရုံးခွင့်အား (၂)လအထိ သတ်မှတ်ပေးရန် တောင်းဆို ခဲ့ဖူးသည်။

““ကြံခိုင်ရေးပဲဖြစ်ဖြစ်၊ NLD ပဲဖြစ်ဖြစ်၊ ကျွန်တော်တို့ တိုင်းရင်းသား ပါတီပဲဖြစ်ဖြစ်၊ မဲဆွယ် စည်းရုံးမယ်ဆိုရင် အားလုံးက ရပိုင်ခွင့် အခွင့်အရေးက တန်းတူညီမှာရဖို့ သင့်တယ်””ဟု ကချင်အမျိုးသား ဒီမိုကရေစီကွန်ရက် ပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးစီစီနော်ဂျာက မှတ်ချက်ပြုသည်။

ဝိုင်းမော်

ကြံခိုင်ရေးပါတီ ဒုဥက္ကဋ္ဌ ဦးဌေးဦးနှင့်အတူတွေ့ရ သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးတို့အား တွေ့ရစဉ်

မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald

 
 

No comments:

Post a Comment