နေပြည်တော် (မဇ္ဈိမ)။ ။ မြန်မာနိုင်ငံသည် ပြည်ထောင်စုနိုင်ငံဖြစ်၍
ညီညီညွတ်ညွတ်နေထိုင်မှသာ တိုင်းပြည်တိုးတက်မည်ဖြစ်ပြီး လူငယ်များကအစ
ယင်းစိတ်ဓာတ်ကို မွေးမြူရမည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ
ဒေါ်အောင်ဆန်း စုကြည်က ဇန်နဝါရီ ၂၂ ရက်က ပြောကြားသည်။

ရန်ကုန်မြို့
ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီ စားသောက်ဆိုင်၌ ကျင်းပသည့် အမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ် ပထမအကြိမ် ဗဟိုကော်မတီ အစည်းအဝေးတွင် တွေ့ရသည့်
ဒေါ်အောင်ဆန်းစုကြည်။ (ဓာတ်ပုံ - ငြိမ်သစ်ညီ၊ မဇ္ဈိမ)
၎င်းက''ကျွန်မတို့ နိုင်ငံက ပြည်ထောင်စုဖြစ်တယ်။ ကျွန်မတို့ဟာ အားလုံးညီညီညွတ်ညွတ်နဲ့ နေနိုင်မှ တိုးတက်မယ်။ လူငယ်တွေက စပြီးတော့ ဒီစိတ်ဓာတ်တွေ မွေးမြူရမယ်'' ဟု ပြောကြားသည်။
ဇန်နဝါရီ ၂၂ ရက်က ကျင်းပသည့် ပြည်သူ့လွှတ်တော် ပြီးဆုံးချိန်တွင် ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်သို့ လာရောက်လေ့လာသည့် ပါတီဝင်များအား အထက်ပါအတိုင်း ပြောကြားခဲ့သည်။
၎င်းးက ''ကျွန်မတို့တွေ တိုင်းရင်းသားတွေကြားမှာ နာကြည်းစရာတွေ ရှိခဲ့တယ်။ သမိုင်းအရ ဘယ်လိုမှ ငြင်းလို့ရတာမဟုတ်ဘူး''ဟု ဆိုသည်။
သို့သော် အချို့က ပြဿနာရှိသည်ကို လုံးဝလက်မခံဘဲ ပြဿနာ မရှိယောင်ဆောင်နေခြင်းဖြင့် ဖြေရှင်းနိုင်မည် မဟုတ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောကြားသည်။
၎င်းက''ကျွန်မတို့နိုင်ငံမှာ ပြဿနာ ရှိတာပေါ့။ ရှိလို့ ဒီနိုင်ငံဟာ ဒီလောက် ဆင်းရဲနေတာပေါ့'' ဟု ဖြည့်စွက် ပြောသည်။
တိုင်းရင်းသားများကြား ညီညွတ်ရေး တည်ဆောက်ရန် တစ်ဦးပေါ် တစ်ဦး နားလည်မှု၊ လေးစားမှုကြီးထွားလာစေရန် ကြိုးစားရမည် ဖြစ်သည်ဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။
၎င်းက ''ဒီနားလည်မှုပေါ် အခြေခံပြီးတော့ တစ်ယောက်နဲ့ တစ်ယောက် လေးစားကြအောင်လုပ်ရမယ်။ ကိုယ့်မှာ အားနည်းချက်ရှိရင် ကိုယ့်ဘာသာကိုယ်ကို ရင်ဆိုင်ရဲရမယ်'' ဟု ဆိုသည်။
Credit - Mizzima News
No comments:
Post a Comment