ရန်ကုန် (မဇ္ဈိမ)။ ။ ကချင်ဒုက္ခသည်စခန်းမှ စေတနာ့ဝန်ထမ်း ဆရာမနှစ်ဦး
အသတ်ခံရမှုအတွက် အမှုမှန်ဖော်ထုတ်ရန် အစိုး ရတွင် တာဝန်ရှိသည်ဟု ၈၈
မျိုးဆက်ကျောင်းသားများအဖွဲ့မှ ကိုမြအေးက ဇန်နဝါရီ ၂၂ ရက် တွင်ထောက်
ပြပြောဆိုလိုက်သည်။

ဒုက္ခသည်ကလေးများကို
ပညာသင်ကြားပေးနေသူ စေတနာ့ဝန်ထမ်း ဆရာမနှစ်ဦး သေဆုံးခဲ့မှုအတွက်
မိသားစုနှင့်ထပ်တူဝမ်းနည်းပါကြောင်း မန္တလေးမြို့၊ အောင်ပင်လယ်ရှိ
အောက်မြန်မာပြည် ကချင်နှစ်ခြင်း ဇုန်နယ်ရုံးတွင်
ဆုတောင်းဂုဏ်ပြုအခမ်းအနားကို ဇန်နဝါရီ ၂၂ ရက်က ပြုလုပ်စဉ်။ (ဓာတ်ပုံ -
ဘိုဘို၊ မဇ္ဈိမ)
အဆိုပါဆရာမနှစ်ဦး အသတ်ခံရမှုနှင့် စပ်လျဉ်း၍ ရန်ကုန်မြို့ရှိ မြန်မာဂျာနယ် လစ်ကွန်ရက်ရုံးခန်းတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။
''ပဋိပက္ခဖြစ်နေတဲ့နေရာမှာ ဖြစ်တာမို့ သာမန်အမှုမဟုတ်ဘဲ နိုင်ငံရေးပြဿနာ ဖြစ်မှာ စိတ်ပူတယ်။ ဘယ်သူကပဲလုပ်လုပ် အမျိုးသမီးတွေကို မတော်မတရားကျင့်တဲ့ သူကိုဖော်ထုတ်ပါ။ နိုင်ငံမှာဘာပဲဖြစ်ဖြစ် အစိုးရက အမှန်တရားဖော်ထုတ်ဖို့တာဝန် ရှိတယ်''ဟု ကိုမြအေးက ပြောသည်။
၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ ကိုပြုံးချိုကလည်း ''မြန်မာနိုင်ငံမှာ အမျိုးသမီးတွေကို အကြမ်းဖက်မှုမှ ကာကွယ်ရေး နိုင်ငံတကာနဲ့ ဆိုင်တဲ့စာချုပ်တွေမှာ သဘောတူညီမှုကြောင်း လက်မှတ်ရေးထိုးထားတယ်။ အကြမ်းဖက်မှု ပပျောက်ရေး ထိပ်သီးအစည်းအဝေးတွေ တက်တယ်။ ဒီလိုအချိန်မှာ ဒီလိုဖြစ်ရပ်တွေဖြစ် တာဟာ ရှက်စရာကောင်းပါတယ်'' ဟု ဆိုသည်။
ယင်းဆရာမနှစ်ဦး၏ အလောင်များကို မူဆယ်ဆေးရုံသို့ ပေးပို့စစ်ဆေးရာတွင် အဓမ္မပြုကျင့်ပြီး အသတ်ခံရသော အထောက်အထားများ တွေ့ခဲ့ရသည်ဟု ကချင်အမျိုးသမီးငြိမ်းချမ်ရေးကွန်ရက်မှ ဒေါ်အားခွန်က ပြောဆိုထားသည်။ အဆိုပါ ဘုရားကျောင်းဝင်းနှင့် ကိုက် ၁၅ဝ အကွာတွင် ခလရ (၁ဝ၃)မှ တပ်စွဲထားပြီး အခင်းဖြစ်နေရာအနီး တစ်ဝိုက်တွင် စစ်ဖိနပ်ရာများ၊ စစ်ခါးပတ်စသော အသုံအဆောင်များ တွေ့ရှိရသဖြင့် ဒေသခံများက စစ်တပ်ဟု စွပ်စွဲပြောဆိုမှုများ ရှိနေသည်။
ဆရာမနှစ်ဦး အသတ်ခံရသည့်ကိစ္စနှင့် ပတ်သက်၍ ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ရာတွင် အဓမ္မပြုကျင့်ခံရခြင်းရှိ၊ မရှိ ဖော်ပြထားခြင်း မရှိဘဲ ဆရာမ နှစ်ဦးသည် ထိုးသွင်းဒဏ်ရာ၊ ပြတ်ရှဒဏ်ရာနှင့် ဦးခေါင်းပေါက်ပြဲ ဒဏ်ရာတို့ဖြင့် သေဆုံးနေကြောင်း တွေ့ရှိရခြင်းဖြစ်သည်ဟု ထုတ်ပြန်ထားသည်။ ထို့ပြင် အခင်းဖြစ်နေရာမှ သွေးစွန်းနေသည့် စတီးဓား တစ်ချောင်းနှင့် ထင်းချောင်း တစ်ချောင်းတွေ့ရှိရပြီး ပြည်နယ်အစိုးရကလည်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ်မည်ဟု ဇန်နဝါရီ ၂၂ ရက်က သတင်း ထုတ်ပြန်ခဲ့သည်။
ကရင်အမျိုးသမီးဖွံ့ဖြိုးရေးအဖွဲ့မှ ဒါရိုက်တာ ဒေါ်ဆူဆန်နာလှလှစိုးက ''ဒီအမှုကို အမှန်တရားဖော်ထုတ်နိုင် ဖို့ ဥပဒေပိုင်းအရ တရားစွဲဆိုမှုကို အမျိုးသမီး အရေးလှုပ်ရှားသူတွေဘက်က ပံ့ပိုးပြီး ဆက်လက်အရှိန်မြှင့် သွားမယ်'' ဟု ဆိုသည်။
မြစ်ကြီးနားတွင် သဂြုင်္ိလ်ကျောင်းဆရာမနှစ်ဦးကို ကချင်ပြည်နယ်ရှိ မော်ကွန်းဝင်ပုဂ္ဂိုလ်များ သဂြုင်္ိလ်သည့် ဝန်ပေါင်သုသာန်တွင် ဇန်နဝါရီ ၂၃ ရက်၌ သဂြုင်္ိဟ်မည်ဟု ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် ဧဝံဂေလိနှင့် သာသနာပြု ဌာနမှ ညွှန်ကြားရေးမှူးဖြစ်သူ ဦးခေါဘောမ်က မဇ္ဈိမကိုပြောသည်။
''ဆရာမနှစ်ယောက်ကို နောင်နန်းရွာ၊ ဝန်ပေါင်သုသာန်မှာရှိတဲ့ မော်ကွန်းဝင် ပုဂ္ဂိုဟ်များကို သဂြုင်္ိလ်တဲ့နေရာမှာ ဂုဏ်ပြုသဂြုင်္ိဟ်သွားမှာ ဖြစ်ပါတယ်''ဟု ၎င်းက ပြောသည်။
ယင်းဆရာမနှစ်ဦး၏ ရုပ်အလောင်းကို ဇန်နဝါရီ ၂၁ ရက်တွင် မူဆယ်မြို့မှ မြစ်ကြီးနားမြိုသို့ သယ်ဆောင် လာခဲ့ရာ ၂၂ ရက်တွင် မန္တလေးမြို့၊ အောင်ပင်လယ် ရှိ အောက်မြန်မာပြည် ကချင်နှစ်ခြင်းအသင်းတော်ဇုန် နယ်ရုံးသို့ နံနက် ၇ နာရီခွဲခန့် တွင် ရောက်ရှိခဲ့သည်။ သယ်ဆောင်ခဲ့ရာ လမ်းတစ်လျှောက်ရှိ အသင်းတော် ကို ယုံကြည်သူများမှ ဂါရဝပြု ကြိုဆိုခဲ့ကြပြီး မန္တလေးအသင်းတော်ရုံးတွင် အသင်းတော်ကို ယုံကြည်သူများ ၊ ကချင်တိုင်းရင်းသားများမှ ဆုတောင်းဂုဏ်ပြုခဲ့သည်။
အဆိုပါသေဆုံးမှုတွင် တပ်မတော်စစ်ကြောင်း ခမရ (၅ဝ၃) မှပါဝင်ပတ်သက်မှုများ ရှိနေသည်ဟု ပြောဆို မှု များနှင့်ပတ်သက်၍ ဦးခေါဘောမ်က''အဲ့ဒါနဲ့ ပတ်သက်ပြီး ပြောနိုင်တာမရှိပါဘူး။ ဒါကိုလူတွေက တစ်ခုခု ဖြစ်ရင် မှန်းပြီးပြောတယ်ပေါ့။ မှန်ချင်လည်း မှန်မယ်။ မှားချင်လည်း မှားမယ်ပေါ့'' ဟု ပြောသည်။
အမှုစတင် စစ်ဆေးနေ
ဆရာမနှစ်ဦး သေဆုံးခဲ့မှုနှင့် ပတ်သက် ၍ အခင်းဖြစ်ပွားခဲ့သော နေရာ၊ ဒေသခံများနှင့် အစိုးရတပ်မတော် ကို စစ်ဆေးမှုများ ပြုလုပ်နေပြီး ဆေးစစ်တမ်းများကိုမူ ထုတ်ပြန်ခြင်းမရှိသေးဟု မူဆယ်မြို့ ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC) အထွေထွေအတွင်းရေးမှူး သိက္ခာတော်ရ ဆရာဇော်လာက မဇ္ဈိမကိုပြောသည် ။
ဇန်နဝါရီ ၂ဝ ရက်က သေဆုံးသူ ဆရာမနှစ်ဦး၏ အလောင်းကို မူဆယ်ဆေးရုံတွင် ဆေးစစ်ဆေးမှုများ ပြု လုပ်ခဲ့သော်လည်း အစိုးရရဲတပ်ဖွဲ့က ဆေးစစ်တမ်းများ ကို ထုတ်ပြန်ခြင်းမရှိသေးခြင်းဖြစ်ပြီး မူဆယ်ခရိုင် ရဲမှူးတာဝန်ယူ၍ ကောင်းခါးကျေးရွာရှိ ဒေသခံများနှင့် တပ်မတော်မှ စစ်သားများကို ပထမဆုံးအကြိမ် စစ် ဆေးမှုများ ပြုလုပ်နေခြင်း ဖြစ်သည်။
''ဆေးစစ်ချက်တွေ မပေးသေးဘူး။ ခဏလေးစောင့်ပါတဲ့။ ရဲတပ်ဖွဲ့တွေက သိမ်းထားခိုင်းတဲ့ သဘောရှိ တယ်။ အလောင်းတွေကို ကျွန်တော်တို့ မြင်နေပြီးသား ဆိုတော့ ဘာလုပ်ထားတယ်ဆိုတာ အကုန် ကျွန် တော်တို့သိတယ်'' ဟု သိက္ခာတော်ရ ဆရာဇော်လာက ပြောသည်။
ဇန်နဝါရီ ၂၁ ရက်တွင် အစိုးရ၏ မူဆယ်ခရိုင်ရဲမှူး တာဝန်ယူ၍ ကောင်းခါးကျေးရွာဒေသခံ ၃၇ ဦးနှင့် တပ်မတော် စစ်သား ၁၅ ဦးခန့်တို့အား စစ်ဆေးမေးမြန်းမှု များ ပြုလုပ်ခဲ့သည်ဟု ပန်ဆိုင်း၊ ကြူကုတ် ရဲစခန်းမှူး ဦးဇော်မင်းထွန်းက ပြောသည်။
''ကျွန်တော်တို့ အမှုစစ်အဖွဲ့နဲ့ မြို့နယ်မှူး၊ ခရိုင်မှူးတွေ ကျွန်တော်တို့ ပူးပေါင်းပြီးတော့ စစ်ဆေးနေပါတယ်'' ဟု ၎င်းက မဇ္ဈိမကို ပြောသည်။
အသက် ၂ဝ အရွယ်ရှိ ခေါန်နန်စင်နှင့် လုရာတို့နှစ်ဦးသည် KBC ၏ အစီအစဉ်ဖြင့် ကောင်းခါကျေးရွာမှ ကလေးငယ်များကို ၂ဝ၁၄ နှစ်ဆန်းပိုင်းမှစ၍ အခမဲ့ စေတနာ့ဝန်ထမ်း ပညာသင်ကြားပေးနေသူများ ဖြစ် ပြီး ဘုရားကျောင်းဝင်းအတွင်းရှိ နေထိုင်ရာအိမ်ခန်းတွင် ဇန်နဝါရီ ၁၉ ရက်က သေဆုံးနေသည်။ အဆိုပါ သေမှုသေခင်း နှင့်ပတ်သက်၍ ပန်ဆိုင်း၊ ကြူကုတ်ရဲစခန်း တွင် ပုဒ်မ ၃ဝ၂ ဖြင့် အမှုဖွင့်ထားသည်ဟု စခန်း မှူး ဦးဇော်မင်းထွန်းက ဆိုသည်။
အဆိုပါ အမှုနှင့်ပတ်သက်၍ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက အမှုမှန် ဖော်ထုတ်ရန် မြန်မာအစိုးရကို တောင်းဆိုထားပြီး အမျိုးသမီးရေး တက်ကြွလှုပ်ရှား သူများက ဇန်နဝါရီ ၂၃ ရက်တွင် ရန်ကုန်မြို့၊ မဟာ ဗန္ဓုလပန်းခြံရှေ့၌ ဝမ်းနည်းခြင်း အထိမ်းအမှတ်ပွဲပြုလုပ်မည်ဖြစ်ပြီး ဘာသာပေါင်းစုံညီညွတ်ရေးအဖွဲ့မှ လည်း ယင်းဖြစ်စဉ်ကို ရှုတ်ချသည့် ကြေညာချက်စာတမ်း တစ်စောင်ထုတ်ပြန်မည်ဖြစ်သည်။
Credit - Mizzima News
No comments:
Post a Comment