Wednesday, January 21, 2015

မြန်မာ့ဆက်သွယ်ရေး အဆင့်မြှင့်တင်ရန် ဂျိုက်ကာထံမှ ချေးငွေရယူရေး ပြည်ထောင်စု လွှတ်တော်ကို ခွင့်ပြုချက်တောင်း

နေပြည်တော် (မဇ္ဈိမ)။ ။ ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) ထံမှ ချေးငွေ ဂျပန်ယန်း ၁ဝ ဒသမ ၅ဝဝ ဘီလီယံ (ကျပ် ၉၁ ဘီလီယံကျော်) ရယူကာ နိုင်ငံတော်လုံခြုံရေးနှင့် သက်ဆိုင်သောကိစ္စများ အပါအဝင် မြန်မာ့ ဆက်သွယ်ရေး ကဏ္ဍကို အဆင့်မြှင့်နိုင်ရန် လွှတ်တော်သို့ ခွင့်ပြုပေးဖို့ အဆိုတင်သွင်းလိုက်သည်။

Communications-1
ရန်ကုန်မြို့တွင်း တစ်နေရာတွင် ဆက်သွယ်ရေးဖုန်းလိုင်း ပြင်ဆင်နေသူတစ်ဦးကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ) မြန်မာ့ ဆက်သွယ်ရေး အဆင့်မြှင့်တင်ရန်အတွက် ကျပ်ငွေ ၉၁ ဘီလီယံကျော်ကို ဂျိုက်ကာထံမှ ချေးငွေရယူရန် ပြည်ထောင်စုလွှတ်တော်ကို ခွင့်ပြုချက်တောင်းခံခဲ့သည်။



''နိုင်ငံတော်လုံခြုံရေးနဲ့ သက်ဆိုင်သော ကိစ္စများ၊ ဖုန်းနဲ့ ဖက်စ်လိုင်းများ အထူးလုံခြုံရေး လိုအပ်တဲ့ ဘဏ် Network များကို ဆောင်ရွက် မှာ ဖြစ်ပါတယ်''ဟု ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသောင်းတင်က ပြည်ထောင်စု လွှတ်တော်သို့ ဇန်နဝါရီ ၂ဝ ရက်က အဆို တင်သွင်းရာတွင် ပြောသည်။

ထို့အပြင် နေပြည်တော်နှင့် မန္တလေးမြို့များကို ဆက်သွယ်ထားသော ပင်မဖိုင်ဘာ ဆက်ကြောင်းအတွက် စက်ပစ္စည်းများ တပ်ဆင်ခြင်း၊ ရန်ကုန်မြို့တွင်း ဆက်သွယ်ရေး ကွန်ရက်အတွက် အခြေခံအဆောက်အအုံ များ တည်ဆောက်ခြင်း၊ အင်တာနက်မြန်နှုန်းမြင့် ဖိုင်ဘာကေဘယ်လ်နှင့် စက်ပစ္စည်းများ တပ်ဆင်ခြင်း၊ IPV6 စနစ် စတင်သုံးစွဲနိုင်ရေး ဆောင်ရွက်ခြင်းနှင့် သီလဝါအထူး စီးပွားရေးဇုန်တွင် ဆက်သွယ်ရေးအခြေ ခံ အဆောက်အအုံများ ဆောင်ရွက်ရန် ချေးငွေရယူခြင်းဖြစ်သည်ဟု ဆိုသည်။

ချေးငွေသဘောတူညီချက် ရယူရာတွင် ဆိုင်းငံ့ကာလ ၁ဝ နှစ်ဖြစ်ပြီး ပြန်လည်ပေးဆပ်ရန်ကာလမှာ နှစ် ၃ဝ၊ စုစုပေါင်း နှစ် ၄ဝ သက်တမ်း ဖြစ်သည်။ ချေးငွေရယူရာတွင် အတိုးနှုန်းမှာ ဝ ဒသမ ဝ၁ ရာခိုင်နှုန်း ဖြစ်သည့်အတွက် ပြည်ထောင်စု လွှတ်တော်က ဆွေးနွေး ဆုံးဖြတ်ပေးနိုင်ရန် အဆိုတင်သွင်းခြင်း ဖြစ်သည် ဟု ပြောသည်။

''အော်ပရေတာများနဲ့ ပြန်လည်ငှားရမ်းသွားမှာ ဖြစ်တဲ့အတွက် ဝင်ငွေပြန်လည်ရရှိမှာ ဖြစ်ပါတယ်။ ချေးငွေများကိုလည်း သတ်မှတ်ချိန် ကာလအတွင်း ပြန်လည်ပေးဆပ်နိုင်အောင် ကြိုတင်ပြင်ဆင်ပြီး ဆောင်ရွက် သွားပါမယ်'' ဟု ဒုတိယဝန်ကြီး ဦးသောင်းတင်က ပြောသည်။

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကွန်ရက် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအတွက် ဂျိုက်ကာမှ ချေးငွေရယူခြင်း သည် ၂ဝ၁၄ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေရသုံးဆိုင်ရာ ဥပဒေပုဒ်မ-၉ ပါ ပြဋ္ဌာန်းချက်အရ ပြည်ထောင် စုလွှတ်တော်၏ အတည်ပြုချက် ရယူပေးနိုင်ရန် နိုင်ငံတော် သမ္မတကလည်း သဝဏ်လွှာ ပေးပို့ခြင်း ဖြစ် သည်။

ပထမအကြိမ် ပြည်ထောင်စု လွှတ်တော်သည် (၁၂) ကြိမ်မြောက် အစည်းအဝေးတွင် ဆုံးဖြတ်ပေးနိုင်ရန် ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များ အမည်စာရင်း တင်သွင်းနိုင်ကြောင်း နာယကက ကြေညာခဲ့သည်။

Credit - Mizzima News

No comments:

Post a Comment