Friday, January 23, 2015

ဦးဆန်းဆင့်ကို အစိုးရကပေးသော ပြည်ထောင်စုဝန်ကြီး လစာငွေများ သာသနာရေး ၀န်ကြီးဌာနတွင်း (၆)လကြာထားပြီးမှ ပြန်ထုတ်ပေး

ရန်ကုန်၊ ဇန်န၀ါရီ ၂၁

၂၀၁၄ ခုနှစ် ဇွန်လ (၁၉) ရက်နေ့တွင် အရေးယူ ထိန်းသိမ်းခြင်း ခံရသော သာသနာရေး ၀န်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်၏ လစာငွေ (၁၈)သိန်းကို နိုင်ငံတော် အစိုးရက ထုတ်ပေး ခဲ့သော် လည်း သာသနာရေး ၀န်ကြီးဌာန တာဝန်ရှိသူအချို့က မိသားစုဝင်များအား (၆)လကျော် ကြာသည် အထိ ထုတ်မပေးဘဲ ထိမ်ချန်ထားခြင်း ခံခဲ့ရကြောင်း၊ ဦးဆန်းဆင့်ရရန်ရှိသည့် လစာများကို ဇနီးဖြစ်သူက ဆက်သွယ် တောင်းခံသည့် အခါတွင်မှ သာသနာရေး ၀န်ကြီးဌာနထံမှ ပြန်လည်ရရှိကြောင်း သိရှိရသည်။

ပြည်ထောင်စုဝန်ကြီး လစာငွေမှာ ကျပ်သိန်း ၃၀ ဖြစ်ပြီး ဦးဆန်းဆင့်သည်

ထိန်းသိမ်းခံရသည့်လ၌ ပြည်ထောင်စု ၀န်ကြီးအဖြစ် (၁၈)ရက် တာဝန် ထမ်းဆောင်ခဲ့၍ ၀န်ထမ်းလစာ ၁၈ သိန်းကို ယင်းလအတွက် ရရှိ မည် ဖြစ်ကြောင်း၊ လကုန်ရက်တွင် အဆိုပါ လစာကို အစိုးရက ထည့်သွင်း ပေးခဲ့ကြောင်း သာသနာရေး ၀န်ကြီးဌာန တာဝန်ရှိသူ အချို့က ပြောကြားချက်အရ မိသားစုဝင်များ သိရှိခဲ့ရသည်။ သို့သော်လည်း ယင်းလစာ ကို (၆)လကျော် ကြာမြင့်သည့် ၂၀၁၅ ခုနှစ် ဇန်န၀ါရီလဆန်း ရက်တွင် ဦးဆန်းဆင့်၏ ဇနီးဖြစ်သူက သာသနာရေး ၀န်ကြီးဌာန တာဝန်ရှိသူများထံ အဆင့်ဆင့်ဆက်သွယ် စုံစမ်းတောင်းဆို ခဲ့ခြင်းကြောင့် သာသနာရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး အိမ်တိုင်ရာရောက် လာရောက် ပို့ဆောင် ပေးခဲ့သည်။

““အစ်မအနေနဲ့ သာသနာရေးက ဗိုလ်မှူးလာပို့တဲ့ လစာကို အဘအတွက် ကုသိုလ်ရအောင် လှူပေးလိုက် ပါတယ်။ အိမ်မှာဘုန်းကြီး ငါးပါးပင့်ပြီး ဆွမ်းကပ်တယ်၊ အာစရိ ပူဇော်ပွဲအတွက် အလှူငွေထည့် တယ်၊ နောက် ရွှေပေါ်ကျွန်း ဆရာတော်ဘုရားကြီး စံကျောင်းအတွက် အလှူငွေ ၅ သိန်းလှူတယ်။ မရတော့ဘူးလို့ ထင်တာ။ ရုံးကို ဆက်သွယ်ပြီးတောင်းမှ သူတို့လာပို့ပေးတာ””ဟု ဦးဆန်းဆင့်၏ဇနီး ဒေါ်ခင်မာလေးက မြန်မာ သံတော်ဆင့်သို့ ဇန်န၀ါရီ ၁၅ ရက်နေ့တွင် ပြောကြားခဲ့သည်။

ဦးဆန်းဆင့်သည် တပ်မတော်တွင် ဒုတိယဗိုလ်ချုပ်ကြီး တာဝန်ကို ပင်စင်ယူသည်အထိ အပြစ်တစ်စုံတစ်ရာမရှိ ထမ်းဆောင်ခဲ့ခြင်းကြောင့် သရေစည်သူဘွဲ့ ရရှိခဲ့ကာ ယင်း၏ ဒုတိယဗိုလ်ချုပ်ကြီး ပင်စင်လစာသည်လည်း လစဉ် ဘဏ်စာရင်းသို့ ၀င်ရောက်လျက်ရှိကြောင်း ဒေါ်ခင်မာလေး က ပြောကြားသည်။

ထိုကဲ့သို့ ဦးဆန်းဆင့်၏ ပြည်ထောင်စုဝန်ကြီး လစာငွေများကို အစိုးရက ထုတ်ပေးသည့်လတွင် ချက်ချင်းမရဘဲ ဦးဆန်းဆင့် ထိန်းသိမ်းခံရပြီး (၆)လကျော် ကြာမြင့်မှ ရရှိခဲ့ခြင်းအတွက် အဆိုပါ ၀န်ကြီးလစာငွေများကို တာဝန်ခံ ထုတ်ယူသည့် သာသနာရေး ၀န်ကြီးဌာန တာဝန်ရှိသူအချို့ အနေဖြင့် ၀န်ကြီးလစာကို (၆)လကျော် အလွဲသုံးစား ပြုလုပ်သည့် သဘော ဖြစ်နိုင်ကြောင်း၊ အစိုးရက ဖမ်းဆီး၍ အမှုရင်ဆိုင်ရချိန်တွင် မိသားစု၌ ငွေကြေး ကုန်ကျမှုများရှိပြီး အဆိုပါမိသားစု၏ ငွေကြေးများကို အချိန်မီ ပေးအပ်ရန် ထိမ်ချန် ထားသူများ အနေဖြင့်လည်း ဘာသာရေး အဆုံးအမအရ ရေနစ်သူဝါးကူထိုးသည့် သဘောဆောင်ပြီး အပြစ်ဖြစ်ကြောင်း အငြိမ်းစားဝန်ထမ်း အကြီးအကဲ သတင်းစာဆရာတစ်ဦးက သုံးသပ် ပြောကြားသည်။

ဦးဆန်းဆင့်ကို ဘုရားတည်ရာ၌ ၀န်ကြီးဌာနမှ ငွေများဖြင့် အလွဲသုံးစား ပြုလုပ်ခဲ့ကြောင်း စွပ်စွဲချက် ပါဝင်လျက်၊ ဦးဆန်းဆင့်က မိမိအနေဖြင့် မပြောဆိုကြောင်း အခိုင်အမာ ငြင်းဆိုသည့် အကြောင်းအရာများကိုပင် ဦးဆန်းဆင့်အပေါ် တရားရုံးတော်၌ လာရောက်၍ စွပ်စွဲထွက်ဆိုကြသည့် အစိုးရဘက်မှ သာသနာရေး ၀န်ကြီးဌာနရုံး တာဝန်ရှိသူအချို့မှာ ယခုဦးဆန်းဆင့်၏ ပြည်ထောင်စုဝန်ကြီး လစာများကို (၆)လကျော် ကြာသည်အထိ ထုတ်မပေးဘဲ ထိမ်ချန် ထားကြသူများ၌ ပါဝင်ကြောင်း မိသားစုဝင်များထံမှ သိရှိရသည်။

ဦးဆန်းဆင့်၏ ပြည်ထောင်စုဝန်ကြီး လစာငွေများ (၆)လကျော် ထိမ်ချန်ထားခြင်း ခံရခြင်းနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတရုံး အကြံပေးပုဂ္ဂိုလ်ဖြစ်သူ အငြိမ်းစား ညွှန်ကြားရေးမှူးချုပ်တစ်ဦးက ““ထုတ်ပေး ထားရင် တော့ ပေးရမှာပေါ့။ လက်ရှိဆက်ခံတဲ့ ၀န်ကြီးမှာတာဝန်ရှိတာပေါ့။ သူက ဆောင် ရွက် ပေးရ မှာပေါ့။ ကျန်ရစ်တဲ့ အမျိုးသမီးကို ပေးရမှာပေါ့။ ၁၈ ရက်အတွက် ထုတ်ပြီးယူထားတယ်ပေါ့။ လုပ်တာ က ညွှန်ချုပ် ပဲ။ ညွှန်ချုပ်က လုပ်တာပေါ့။ ဒါပေမဲ့ဝန်ကြီး သိရမှာပေါ့။ တောင်းမှ ပေးရတာတော့ မကောင်းဘူးပေါ့။ အမှန်ခေါ်ပေးရမှာ။ ညွှန်ချုပ်တွေ၊ ညွှန်မှူးတွေ၊ ငွေစာရင်း ဌာနတွေက ၀န်ကြီးကို တင်ပြရတာလေ။ သူတို့ ဒီလို ဒီလိုဖြစ်ပါတယ်ပေါ့။ ၀န်ကြီးက ပေးလိုက်ဆိုရင်ပေးရမှာ။ ထုတ်ထားပြီးရင် လက်ရှိဝန်ကြီး က အောင်းနေရင် ၀န်ကြီးတာဝန် ရှိတာပေါ့။ မလုပ်သင့်ဘူး။ တာဝန်ရှိ တာတော့ ငွေစာရင်းဌာနလည်း တာဝန်ရှိတယ်။ ၀န်ကြီးရုံးမှာ ငွေစာရင်းကိုင် တဲ့သူရှိတယ်။ သူက နံပါတ်တစ်။ နောက်ဆုံးဝန်ကြီးကို သူက တင်ပြရမှာ၊ သူတို့ အုပ်ထားလို့ပေါ့”” ဟု မြန်မာသံတော်ဆင့် သို့ ပြောသည်။

MH-0011

ဦးဆန်းဆင့်ကို အရေးယူပြီးနောက် သာသနာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဖြစ်လာခဲ့သူ ဦးစိုးဝင်း၊ ရန်ကုန်မြို့တော်ဝန် ဦးလှမြင့် နှင့် သာသနာရေးအကြံပေးခေါင်းဆောင်အဖြစ် ခန့်အပ်လိုက်သော ၀န်ကြီးဟောင်း သူရဦးမြင့်မောင်တို့ကို တွေ့ရစဉ်

မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald

 
 

No comments:

Post a Comment