ရန်ကုန်၊ ဇန်န၀ါရီ ၂၀
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်၏ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)အပေါ် စွပ်စွဲ ပြောကြားချက် များသည် ပြည်ထောင်စု ၀န်ကြီးအဆင့်နှင့် ကိုက်ညီမှုမရှိကြောင်း ကချင်လွတ်မြောက်ရေး အဖွဲ့ (KIO) ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က ဇန်န၀ါရီလ(၂၀) ရက်နေ့တွင် မြန်မာသံတော်ဆင့်သို့ ပြောသည်။
ဇန်န၀ါရီလ(၁၄)ရက်နေ့က ကချင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေး ၀န်ကြီးနှင့်အတူ လိုက်ပါလာတာ လုံခြုံရေး ရဲတပ်ဖွဲ့ဝင် ၃ ဦးအား KIA က ထိန်းသိမ်း ခေါ်ဆောင်သွားခြင်းနှင့်
ပတ်သက်၍ ပြန်ကြားရေး ပြည်ထောင်စု ၀န်ကြီး ဦးရဲထွဋ်က KIA အဖွဲ့အတွင်းက အပစ်အခတ် ရပ်စဲရေးကို မလိုလားသော အုပ်စုများက ငြိမ်းချမ်းရေး ဆွေးနွေးမှု အရှိန်ပျက်သွားအောင်၊ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးရန်အတွက် အဟန့် အတား ဖြစ်အောင် တမင်ရည်ရွယ် ဆောင်ရွက်သည်ဟု ယုံကြည်ရန်အကြောင်း အချက်အလက် များစွာရှိကြောင်း ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ၌ ရေးသား ထားမှုအပေါ် ယခုကဲ့သို့ ဝေဖန်ကြခြင်းဖြစ်သည်။
““ပြည်ထောင်စုဝန်ကြီး တစ်ယောက်ရဲ့ပြောဆိုချက်က သူ့ရဲ့ ပြောစကားတွေ ကတော့ အဆင့်က ကိုက်ညီမှု မရှိသလို ပြောလို့ရတယ်။ နိုင်ငံတော် ရဲ့ ပြည်ထောင်စုဝန်ကြီး တစ်ယောက်အဆင့်ဆိုရင် ဒီလို မမှန်မကန် စွပ်စွဲချက်က သတိထားပြီးတော့ ပြောဆိုသင့်တယ်။ ကျွန်တော်တို့ KIO အဖွဲ့အစည်းဟာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအားလုံး ပါဝင်ပြီး ညှိနှိုင်းနေတယ်။ NCCT ရဲ့ အဖွဲ့ထဲမှာလည်း ကျွန်တော်တို့ ကိုယ်စားလှယ်တွေ ပါသလို နည်းပညာ အထောက်အကူပြု အဖွဲ့ထဲမှာလည်း အင်တိုက်အားတိုက် ပါဝင် နေတယ်။ ဒါကြောင့် KIO အဖွဲ့အစည်းထဲမှာ ငြိမ်းချမ်းရေး မလိုလားတဲ့ အဖွဲ့အစည်းဆိုတာ သက်သက် မရှိပါဘူး။ ဒီလိုပြောဆိုတာ KIO ကို သဘောထားကွဲတဲ့ အဖွဲ့အစည်းလို့ ပုံဖော်တာ ဖြစ်ပါလိမ့်မယ်””ဟု ဦးလနန်က မြန်မာသံတော်ဆင့်သို့ ပြောသည်။
ထို့ပြင် မကြာခင်က KIA ခွင့်ပြုချက်စာနှင့်အတူ ဖမ်းဆီးမိသော တရုတ်သစ်ခိုးအဖွဲ့များကိစ္စ ဖြစ်ပွားခဲ့ခြင်း အပေါ် KIA အနေဖြင့် အပစ်ရပ်ပြီး နိုင်ငံရေး ဖြစ်စဉ်ထဲ ပါဝင်လာခဲ့ပါက KIA ခေါင်းဆောင် များအနေဖြင့် မည်မျှ အခွင့်အရေး ဆုံးရှုံးသည်ကို မှန်းဆကြည့်နိုင်ကြောင်း ဦးရဲထွဋ်၏ ရေးသားချက်၌ ပါရှိသည်။
““တရုတ်နိုင်ငံက သစ်လုပ်ငန်းလုပ်တဲ့ ပုဂ္ဂိုလ်တော်တော်များများ ဖမ်းဆီးခံရတယ် ဆိုတာလည်းအဲ့ဒီ ဖမ်းဆီး ခံရတဲ့ ဒေသသည် ၀င်လာတဲ့ လမ်းကြောင်းတွေဟာ KIO ရဲ့ နယ်မြေထဲက မဟုတ်ဘူးခင်ဗျ။ ပြည်သူ့စစ်ရှိတဲ့ ဘက်ကနေ ၀င်လာတယ်။ အဲ့ဒီလောက် အလုံးကြီးနဲ့ ကားအချီပြီး ၀င်လာဖို့ဆိုတာ တပ်မတော်ရဲ့ ရှေ့တန်း စခန်းတွေကို ပိုက်ဆံ အလုံးအရင်းပေးပြီးမှပဲ ၀င်လာနိုင်စရာ အကြောင်းရှိတယ်။ လုပ်တဲ့ လုပ်ငန်းခွင်ကလည်း ပြည်သူ့စစ်ခွင်ဖြစ်တယ်။ တရုတ်ကုန်သည်တွေ မကြောက်မရွံ့နဲ့ ၀င်လာနိုင်အောင် ပိုက်ဆံတွေကလည်း ပေးထားပြီး သား ဖြစ်တယ်””ဟုဦးလနန်က ဆိုသည်။
အဆိုပါ ဝေဖန်မှုများနှင့် ပတ်သက်၍ ဦးရဲထွဋ်ထံသို့ ဆက်သွယ်မေးမြန်း ခဲ့ရာ ပြည်ပခရီးသွားနေကြောင်း ဖုန်းကိုင် ဖြေဆိုသူက ပြန် လည် ပြောကြားခဲ့သည်။ KIA မှ ထိန်းသိမ်းထားသော ရဲတပ်ဖွဲ့ဝင် (၃)ဦးအား ဇန်န၀ါရီ(၉)ရက်နေ့တွင် ပြန်လွှတ်ပေးခဲ့သော်လည်း လက်ရှိအချိန်အထိ အစိုးရစစ်တပ်နှင့် KIA တို့ ဖားကန့် ဒေသအတွင်း တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားလျက်ရှိကာ ဖားကန့် ကျောက်စိမ်းမှော်များတွင် လုပ်ကိုင်နေသည့် ကျောက်မျက် ကုမ္ပဏီများကို လုပ်ငန်းများ ရပ်နားထားရန် KIA က အကြောင်းကြားမှု များလည်း ရှိသည်။ ““တိုက်ပွဲတွေက ပိုဆိုးတာပေါ့။ အသေအပျောက် အကျအဆုံး ရှိတော့ရှိတယ်။ ကျွန်တော်တို့ အတိအကျ မသိသေးဘူး။ ဒုက္ခသည်တွေက အစိုးရစစ်တပ်တွေ ပိတ်ထားတယ်။ တပ်မ(၆၆)က လူတွေပိတ်ထားတယ်”” ဟု KIO နည်းပညာ အကြံပေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်ခါးက မြန်မာ သံတော်ဆင့်သို့ ပြောသည်။
တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်(NCA)အား ဖေဖော်ဝါရီ (၁၂)ရက်နေ့၊ ပြည်ထောင်စုနေ့တွင် လက်မှတ်ရေးထိုးနိုင်ရန် အစိုးရ ဘက်က မျှော်မှန်းထားသည်။
ဝိုင်းမော်
မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald
No comments:
Post a Comment