မြန်မာ့ ပညာရေးကို လာမည့်အနာဂန်နှစ်များတွင် ထုဆစ်အကောင်အထည်ဖော်မည့် အမျိုးသားပညာရေး ဥပဒေသည် အားနည်းချက်များ ရှိသည်ဟု ယူဆချက်များ၊ ကန့်ကွက်မှုများကြားမှ အတည်ပြုထွက်ပေါ် လာခဲ့ပြီးနောက် မန္တလေးမှ ရန်ကုန်သို့ စုန်ဆင်းလျက် ကျောင်းသားထုက အပြင်းအထန် ကန့်ကွက်လာခဲ့ကြသည်။
အမျိုးသား ပညာရေး ဥပဒေကို ကန့်ကွက်သည့် ကျောင်းသားများက အဆိုပါ ဥပဒေ ရေးဆွဲရာတွင် ကျောင်းသူ ကျောင်းသား၊ ဆရာ ဆရာမ ကိုယ်စားလှယ်များ
ပါဝင်နိုင်ရန်၊ ကျောင်းသားသမဂ္ဂများ ထူထောင်ခွင့်ပြုရန်နှင့်တရားဝင်အသိအမှတ်ပြုရန် စာသင်ကျောင်းများကို လွတ်လပ်စွာ စီမံခန့်ခွဲခွင့်ပေးရန်စသည့် မြန်မာ့ အနာဂတ်ပညာရေးအတွက် ကန့်သတ်မှုများ ဖြစ်နိုင်သည်ဟူသည့် ယူဆချက်များဖြင့် ဥပဒေကို ကန့်ကွက်ခဲ့ကြခြင်း ဖြစ်သည်။
ယင်းအပြင် ယခု ပြဋ္ဌာန်းလိုက်သည့် အမျိုးသားပညာရေး ဥပဒေသည် လွတ်လပ်စွာ သင်ကြားခွင့်ကို ကန့်သတ်ထားပြီး စဉ်းစားတွေးခေါ်ကာ ကိုယ်တိုင်လေ့လာ သင်ယူနိုင်သည့် သင်ကြားနည်းစနစ်ကို အားမပေးခြင်း၊ တိုင်းရင်းသားတို့အတွက် မိခင်ဘာသာသာစကား အခြေပြု ဘာသာစကားစုံ ပညာရေးစနစ်ကို ကန့်သတ်ထားခြင်း၊ မသန်စွမ်းကလေးငယ်များ ပညာသင်ကြားနိုင်အောင် အဆိုပါ ဥပဒေသည် ပံ့ပိုးမပေးခြင်း၊ ပညာရေးအသုံး စရိတ် တိတိပပ ထည့်သွင်းဖော်ပြမထားခြင်း စသည့် အကြောင်းအရာများကို အခြေခံလျက် ကျောင်းသားတို့က ကန့်ကွက်ခဲ့ကြခြင်း ဖြစ်သည်။
ဥပဒေကို တစ်နိုင်ငံလုံးမှ ကျောင်းသူကျောင်းသားတို့က ကန့်ကွက်ခဲ့ကြသည့်တိုင် ဥပဒေပြုသူ လွှတ်တော်၊ အုပ်ချုပ်ရေးဆိုင်ရာ အစိုးရတို့က လျစ်လျူရှုခဲ့ပြီး နှစ်လကြာသည့်တိုင် ကျောင်းသားတို့၏ ဆန္ဒကို ပစ်ပယ်ခဲ့ကြသည်။ ထို့ကြောင့်လည်း မန္တလေးမှ ရန်ကုန်တိုင် စုန်ဆင်းလျက် ရန်ကုန်တွင် သပိတ်စခန်း ဖွင့်လှစ်ရန် ကျောင်းသားတို့၏ ကန့်ကွက်မှု ပြင်းထန်လာခဲ့သည်။
ယင်းသို့သော အခြေအနေရောက်မှ သမ္မတက လွှတ်တော်သို့ ဇန်နဝါရီ ၂၀ ရက်တွင် သဝဏ်လွှာပေးပို့ကာ ဥပဒေပြုရေးမဏ္ဍိုင်ဖြစ်သည့် လွှတ်တော်က ပြန်လည် သုံးသပ်ပေးရန် သဝဏ်လွှာပေးပို့ခဲ့သည်။ ယင်းနောက် ကြားတစ်ရက်အကွာ ဇန်နဝါရီ ၂၂ ရက်တွင်မူ လွှတ်တော်က အုပ်ချုပ်ရေးမဏ္ဍိုင်ဖြစ်သော ပညာရေးဝန်ြကီး ဌာနသို့ ပြန်လည်လွှဲပြောင်းလိုက်ပြီး "အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်း" ကို ပြုစုပေးရန် တောင်းဆိုလိုက်သည်။
ပြည်ထောင်စုလွှတ်တော်၏ ဥပဒေကြမ်းပူးပေါင်းကော်မတီက ပညာရေးဝန်ကြီးဌာနသို့ တောင်းဆိုချက်တွင် "အမြန်ဆုံး ညှိနှိုင်းပြင်ဆင် ဆောင်ရွက်ပေး သင့်ကြောင်း" ဟုလည်း ဖော်ပြပါရှိသည်။ ဖြစ်စဉ်ကို ပြန်လည် ခြုံငုံသုံးသပ်ကြည့်ပါက အစိုးရနှင့် လွှတ်တော်တို့၏ တာဝန်ခံမှုနှင့် တာဝန်ယူမှု အားနည်းချက်ကို တွေ့မြင်နိုင်သည်။ ထို့ကြောင့်သာ အစိုးရက ယင်းဥပဒေနှင့် ပတ်သက်၍ လွှတ်တော်က ပြင်ဆင်ပေးရန် လွတ်တော်သို့ တောင်းဆိုခဲ့ပြီး လွှတ်တော်ကလည်း အစိုးရဝန်ကြီးဌာနသို့ ပြန်လည် တာဝန်ပေးအပ်သည့် ဖြစ်စဉ် ပေါ်ပေါက်လာခြင်းဖြစ်သည်။
တစ်ဖက်တွင်လည်း ဥပဒေကို မလိုလားသည့် ကျောင်းသားတို့၏ နိုင်ငံအနှံ့ ဆန္ဒပြပွဲများဖြစ်ပေါ်ကာ မဖြစ်သင့်သည့် အခြေအနေမျိုး ဖြစ်လာခဲ့ခြင်းကို အဓိပ္ပာယ်ဖွင့်ဆိုပါက ဖြေရှင်းသင့်သည့် ကိစ္စတစ်ရပ်ကို ဆောလျင်စွာ မဖြေရှင်း၊ မညှိနှိုင်းဘဲ ငါထင်ရာစိုင်း လုပ်ခဲ့ကြခြင်းကြောင့် ခက်ခဲသည့်အခြေနေနှင့် တက်သုတ်ရိုက် ဖြေရှင်းရတော့မည့် အခြေအနေနှင့် ကြုံကြိုက်လာခဲ့ပြီဖြစ်သည်။
တစ်ဖက်တွင်လည်း ကျောင်းသားများ ဆန္ဒပြမှုကို ပူးပေါင်းပါဝင်လိုသည့် ကျောင်းသူ၊ ကျောင်းသားများကို ထိုကျောင်းများတွင် တာဝန်ယူသင်ကြားနေကြရသည့် ဆရာတို့က တားမြစ်ခြင်းကြောင့် မလိုလားအပ်သည့် ဘေးထွက်ဆိုးကျိုးဖြစ်သော ဆရာ တပည့်ဆက်ဆံရေးကို ပေါ်ပေါက်လာစေခဲ့ပြန်သည်။ ဖြေရှင်းရန်ခက်ခဲပြီး တင်းမာလာခဲ့သည့် အခြေအနေများ၏ အကြောင်းရင်းကို အရင်းစစ်ပါက တာဝန်ခံမှုနှင့် တာဝန်ယူမှုကင်းမဲ့သည့် လုပ်ရပ်များ၊ တွေ့ဆုံဆွေးနွေး ညိနှိုင်းလိုစိတ်မရှိဘဲ ထင်ရာစိုင်း လုပ်ဆောင်ချက်များကြောင့်ပင် ဖြစ်သည်။
Credit - Mizzima News
No comments:
Post a Comment