Tuesday, January 20, 2015

ငြိမ်းချမ်းရေး ညစာထမင်းဝိုင်းတွေ အမြန်ရှိပါစေ (ဆောင်းပါး)

လေပြေသုန် (ဆောင်းပါး)

ကျွန်တော် ရေဒီယို နားထောင်တတ်ခါစ အရွယ်မှာ ''ညနေဘက်ဆို ရေဒီယိုကိုကိုင်ပြီး ခလုတ်တွေကို ကလိတော့တာပဲ၊ ဗမာပြည် ကွန်မြူနစ်ပါတီ အသံလွှင့်အစီအစဉ်ဆို လိုင်းမိတာနဲ့နားထောင်တယ်။ BBC  ကတော့ ပင်တိုင်နားထောင်ဖြစ်တယ်။ အဲဒီကာလမှာရေဒီယိုက ကျွန်တော့်အတွက် ထွက်ပေါက်ပဲ။

စာအုပ်စာတမ်းဆိုတာကလည်း အိမ်မှာအပြည့်ပဲ ရွှေသွေးကအစ၊ ရှုမဝအဆုံး အကုန်ဖတ်ရတယ်။ အဘွားနဲ့ အမေပေါင်းပြီး ဝယ်လိုက်တဲ့ စာအုပ်တွေ တစ်လတစ်လ မနည်းမနော၊ တစ်နေ့ ''ရှေ့သို့''
စာစောင်မှာ ''ပြည်သူကိုကျောခိုင်း၍ သူတို့ ပြန်ကြလေပြီ'' ဆိုတဲ့ သတင်း ဓာတ်ပုံကိုတွေ့တော့ လူကြီးတွေကို ဘာလဲ လို့ လိုက်မေးကြည့် ဖြစ်တယ်။ အမေက သူပုန်တွေလို့ ပြောတယ်။ အဘွားက တော်လှန်ရေး သမားတွေ လို့ ပြောတယ်။ ကျွန်တော်လည်း မျက်စိလည်တာပေါ့။

ရှစ်တန်းလောက်ရောက်တော့မှ တော်လှန်ရေးဆိုတဲ့အဓိပ္ပာယ်ကို ရေးရေးသိရတယ်။ သူပုန်ဆိုတာ အာဏာပိုင်တဲ့ သူတွေနဲ့ သူတို့ကို ကိုးကွယ်တဲ့သူတွေက အသုံးပြုတဲ့စကားလုံး။ ဆရာစံရဲ့ နယ်ချဲ့ တော်လှန် ရေးကို နယ်ချဲ့အလိုတော်ရိတွေက လယ်သမား သူပုန်လို့ ခေါ်ခဲ့ကြတယ်။ လွတ်လပ်ရေးရပြီးစခေတ်မှာ လည်း ရောင်စုံသူပုန်ဆိုပြီး ခေါ်ခဲ့ကြတာပဲ။

စစ်တပ်တက်လာမှ တို့တွေနားပြားအောင် အိပ်ရတာလို့ ပြောတဲ့သူတွေတောင်ရှိခဲ့ပါတယ်။ ဟုတ်ပြီ... သူတို့ပြောသလို သူပုန်ပဲ ဆိုဆို၊ တော်လှန်ရေးသမားလို့ပဲ ပြောပြော၊ ရင်းမြစ်ကဘာလဲ၊ ဘာအကြောင်း ကြောင့်ဖြစ်ရတာလည်းဆိုတာတော့ ပြည်တွင်းစစ်ဆိုတဲ့ စကားတစ်လုံးနဲ့ ပြီးခဲ့ကြတာလေ။

''အနာရှိရင် ဆေးရှိရမယ်'' ဆိုတဲ့စကားက ပြည်တွင်းငြိမ်းချမ်းရေးအတွက် မှားနေပြီလားဆတ်ဆတ်ထိမခံ တတ်ရုံနဲ့ တော်လှန်ရေး တစ်ရပ် ဖြစ်ခဲ့သလား။ အမှန်တရား တစ်ခုကတော့ ကျွန်တော်တို့ ပြည်တွင်းရေး ဟာ မအေးချမ်းနိုင်သေးပါဘူး။ သူ့ကိုယ်မယုံ၊ ကိုယ့်သူမယုံနဲ့ ရေစုန်မျောနေတုန်းပါ။

ကျွန်တော်တို့ တိုင်းပြည်က ပြည်တွင်း စစ်ဆိုတာ နာတာရှည်ရောဂါဆိုးပါ။ သေရာ ညောင်စောင်းမှာလဲနေတဲ့ လူနာသည်လိုပဲ ကုစရာ ဆေးမရှိတာလား၊ ဆေးမတိုး တော့တာပဲလား။ ငြိမ်းချမ်းရေးဆိုတာ အမုန်း တရားနဲ့ ဖြေရှင်းလို့မှမရတာ၊ သံသယတွေနဲ့ အဖြေရှာလို့မှမရတာ၊ လက်နက်ကို လက်နက်ချင်း၊ အာဏာ ကို အာဏာချင်း ဖြေရှင်းလို့မှမရတာ။ 

၂ဝဝဝ ပြည့်နှစ်တုန်းက ကမ္ဘာ့ကုလသမဂ္ဂမှာ ထောင်စုနှစ်ငြိမ်းချမ်းရေးဆိုပြီး ဘာသာပေါင်းစုံ ညီလာခံကြီး ကျင်းပခဲ့ပါတယ်။ အထွေထွေ အတွင်းရေးမှူးချုပ်က ကိုဖီအာနန်ပေါ့။ ဗုဒ္ဒဘာသာဘက်က သီတဂူဆရာ တော်နဲ့ ဝိပဿနာတရားပြဆရာ ကြီးဦးဂိုအင်ဂါတို့ တက်ရောက် ဆွေးနွေးခဲ့ကြပါတယ်။ အဲဒီမှာ ဆရာကြီး ဦးဂိုအင်ဂါရဲ့ ဆွေးနွေးချက်အစမှာ ဆရာကြီးက မေးခွန်းလေးတစ်ခုနဲ့ စပါတယ်။ ကမ္ဘာကြီးရဲ့ ငြိမ်းချမ်း ရေးအတွက် အဖြေရှာကြဖို့ ဘာသာအသီးသီးက ခေါင်းဆောင်တွေကို မေးလိုက်တာပါ။ ''ခင်ဗျားတို့ တစ်ဦးချင်းစီရဲ့ ရင်ထဲမှာ ငြိမ်းချမ်းရေးရှိပြီလား'' လို့ မေးခွန်းထုတ် လိုက်ပါတယ်။ ကျွန်တော်တို့ ဗုဒ္ဓက တော့ မိမိကိုယ်ကို အရင်ငြိမ်းချမ်းအောင် ကျင့်ခိုင်းခဲ့ပါတယ်ပေါ့။ ကျွန်တော်ဖြင့် ကြက်သီးထအောင်နှစ် ခြိုက်မိတယ်။ တစ်ကိုယ်ကောင်း အတ္တတွေ ထွန်းကားနေ သမျှ အေးချမ်းဖို့ ဝေးနေဦးမှာပါပဲ။ ကိုယ်စီတစ် ကိုယ်စာ အေးချမ်းနိုင်သရွေ့ မိသားစု၊ ပတ်ဝန်းကျင်နဲ့ လူ့အသိုင်းအဝိုင်း တစ်ခုလုံး အေးချမ်းမှာ မြေကြီး လက်ခတ်မလွဲပါပဲ။

အနာနဲ့ဆေး မတွေ့သေးတဲ့ ကျွန်တော်တို့ တိုင်းပြည်ရဲ့ ပြည်တွင်းငြိမ်းချမ်းရေးဟာ "အပျက်အပျက်နဲ့ နှာခေါင်းသွေးတင်မက နှလုံးသွေးတွေပါ ထွက်ကုန်ပါပြီ။ အပွင့်ဆိုင် ဆွေးနွေးပွဲတွေ လုပ်နေတုန်း၊ ဒုတိယ ပင်လုံလို့အော်နေတုန်း၊ ၂၁ ရာစု ပင်လုံလို့ ထအော်တုန်းမှာပဲ တိုက်ပွဲအသစ်တွေ ဆင်နွှဲပြနေပြန်ပါတယ်။

ပါးစပ်ကတော့ သာတူညီမျှရေးဆိုပြီး လက်ကသေနတ်မောင်းတွေပေါ်က မဆင်းကြသေး၊ တိုင်းပြည်ရဲ့ သယံဇာတ အမွေအနှစ်တွေကို လုပ်ချင်တိုင်းလုပ်ကြ၊ လူထုရဲ့ နှလုံးသွေးကို စုပ်ချင်တိုင်းစုပ်ကြ သူတစ်လူ ငါတစ်မင်း ဇာတ်လမ်းကြီးရပ်ဖို့ အချိန်တန်ပါပြီ။

လူဆိုတာကလည်း ကမ္ဘာဦး အစက တည်းက လက်နက်အားကိုးလာလိုက်ကြတာ မဟုတ်လား။ ထစ်ကနဲဆို နီးရာ လက်နက်နဲ့ ဖြေရှင်းကြတဲ့ ရပ်ကွက်ထဲကနေ "စစ်ပွဲတွေ အထိထွန်းကားနေတဲ့ လက်နက်အားကိုး ဝါဒကျဆုံးဖို့ အချိန်တန်ပါပြီ"။

ကမ္ဘာတစ်ဖက်မှာ လင်းနေတဲ့အချိန် ကမ္ဘာတစ်ဖက်မှာ မှောင်နေသလို၊ သေနတ် သံတွေမကြားရတဲ့ ဒေသမှာ မိသားစု ထမင်းဝိုင်းတွေ အေးချမ်းသာယာနေပေမယ့် ယမ်းနံ့တွေနဲ့ ကျီးလန့်စာစားနေရတဲ့ စစ်ဘေးသင့်နေတဲ့ ဒေသတွေ ရှိတယ်။

သူသူကိုယ်ကိုယ် အေးချမ်းသာယာတဲ့ မိသားစုထမင်းဝိုင်းလေးကိုတော့ တောင့်တ ကြမှာပဲ။ ဒုက္ခသည် စခန်းလို့ပဲဆိုဆို၊ စစ်ရှောင်စခန်းလို့ပဲ သုံးသုံး မိသားစုတွေမစုံတဲ့ မိတ ကွဲဖတကွဲတွေ၊ ထမင်းတောင်နပ် မမှန်တော့တဲ့ ဒုက္ခတရားတွေ၊ နူရာဝဲစွဲလဲရာသူခိုးထောင်းဆိုသလို အိုးပျောက်အိမ်ပျောက် မိသားစုရသ တွေပျောက်နေကြရတဲ့သူတွေ၊ တိုင်းပြည်ရဲ့ အနာဂတ်အကြောင်းထက် ခလေးတွေရဲ့ အနာဂတ် အ ကြောင်းတရားတွေထဲက အရေးအကြီးဆုံးတစ်ခုဖြစ်တဲ့ ပညာရေးဆိုတာလည်း မှုန်ရုံဝါးရုံတင်မက မြင်တောင် မမြင်ရတော့တဲ့ အခြေအနေဆိုတော့ နာတာရှည်ရောဂါကြီးက ဘာဆေးနဲ့မှ ပျောက်မှာတဲ့လဲ။

လူဆိုတာက ကိုယ့်မိသားစုလေးကိုခင်တွယ်ကြတယ်။ ကိုယ့်ရပ်ကိုယ်ရွာနဲ့ ကိုယ့် မြို့တွေကိုလည်း ခင် တွယ်ကြတယ်။ ဆရာ လူထုစိန်ဝင်း ပြောသွားသလိုပဲ မြို့ချစ်စိတ်ကနေ မျိုးချစ်စိတ်အထိဆိုသလို။ ကိုယ့် ကိုယ်ကိုချစ်နေရုံနဲ့မပြီးသေး ကိုယ့်မိသားစု၊ ကိုယ့်လူမျိုးနဲ့ ကိုယ့်တိုင်းပြည်ကို အစွန်းလွတ်အောင်ချစ်ဖို့ လိုပါတယ်။ အစွန်းဆိုတာက မျက်ကန်းမျိုးချစ်စိတ်ဓာတ်ကို ပြောတာပါ။ အတ္တနည်းပြီး ပရအားကောင်းတဲ့ မျိုးချစ်စိတ်ဓာတ်က လူသာဓုခေါ် နတ်သာဓုခေါ် စိတ်ဓာတ်ပါ။

မိသားစုတွေ တကွဲတပြားနဲ့စားရတဲ့ ညစာတွေ၊  သောကဗျာပါဒတွေနဲ့ လုံးထွေး နေတဲ့ထမင်းလုပ်တွေ၊ မျက်ရည်နဲ့အတူ အိပ်ရာဝင်ခဲ့ရတဲ့ ညတွေ၊ အရုဏ်တက် တာတောင် အိပ်မက်ဆိုးတွေ မက်နေရတဲ့ မနက်ခင်းတွေ၊ စစ်ပွဲတွေနဲ့ အတူမွေးလာခဲ့ကြတဲ့ မျိုးဆက်တွေ၊ ကျွန်တော် ကိုယ်ချင်း စာမိပါတယ်။


  •     မနက်ကျုပ်ပြန်အလာ
  •     ကျုပ်မျက်လုံးအစုံကို ကောက်ယူတော့-
  •     မျက်ရည်တွေရွှဲလို့
  •     ဒါပေမဲ့ နှင်းတွေပေနေတဲ့
  •     မျက်မှန်လေးက ဖြေသိမ့်ရှာတယ်
  •     မြက်ခင်းပြင်ကလည်း
  •     နှင်းသီးတွေ တွဲခိုနေတာပါတဲ့
  •     မျက်ရည်စက်တွေ မဟုတ်ရပါဘူးတဲ့
  •     သူတို့ မငိုခဲ့ပါဘူးတဲ့
  •     တွင်တွင်ငြင်းကြတယ်
  •     ခေါင်ရည်တိုက်တဲ့  "နီးမြာနဲ့စဲရယ်"
  •     ကတော့
  •     မနေ့ညက
  •     လားဆိုတောင်ကြီးကိုကြည့်ပြီး
  •     ကျုပ် မျက်ရည်ဝဲခဲ့တယ်တဲ့လေ။
  •     မဏိမေခလာ
  •     အုပ်ဆောင်းကြီးကို အပြီးရွှေ့လိုက်ပါ
  •     ''အောက်သေ ‘အန်တယန်း''
  •     ခေါင်သောက်ပါ၊ ထမင်းစားပါ
  •     ကျုပ်တို့ဖို့ ညစာတည်ခင်းပါ။ ။

                                          မောင်အောင်ပွင့်

အောက်သေ=ခေါင်သောက်ပါ။

အန်တယန်း= ထမင်းစားပါ။

ကဗျာဆရာ မောင်အောင်ပွင့်ရဲ့ "ငြိမ်းချမ်းရေးညစာ" ကဗျာထဲက ကဗျာတစ်ပိုဒ် လို.. လားဆိုတောင်ကြီး ကိုကြည့်ပြီး မျက်ရည်တွေ နှင်းလို ကျနေရတဲ့ ပူပင်သောက ဒေသတွေ အမြန်ဆုံးအေးချမ်းဖို့ မိသားစုတွေ စုံတဲ့ ငြိမ်းချမ်းရေး ထမင်းဝိုင်းတွေ ပျော်ရွှင်မြိန်ယှက်စွာ ဝိုင်းဖွဲ့ ထိုင်နိုင်ကြဖို့ အရေးတကြီး လိုအပ်နေတာကတော့ ဘယ်သူမှ မငြင်းနိုင်ပါဘူး။

Credit - Mizzima News

No comments:

Post a Comment