ကမ္ဘာ့တိုက်မည်းကြီးဟု တင်စားခေါ်ဆိုခံရသည့် အာဖရိကတိုက်မြေပေါ်က ကင်ညာနိုင်ငံမှာ ကျောင်းမြေအသိမ်းခံရခြင်းအပေါ် မကျေနပ်သည့်အတွက် ကျောင်း သားများက ဆန္ဒပြကြသည့်အခါ ရဲများက မျက်ရည်ယိုဗုံးများအသုံးပြုပြီး လူစုခွဲသည့် အတွက် ကျောင်းသားများ ဆေးရုံရောက်ရသည့်သတင်းကို မိမိတို့ ဖတ်ခဲ့ကြရပါသည်။
ဒီသတင်းကိုဖတ်ရသည့် တစ်ချိန်တည်းမှာပဲ မိမိတို့နိုင်ငံမှာလည်း မကြာမီကမှ ပြဋ္ဌာန်းလိုက်သည့် အမျိုးသားဥပဒေမူကြမ်းကို မကျေနပ်သည့် အတွက် ကျောင်းသားများက
ဆန္ဒပြချီတက်မှုများပြုလုပ်လာကြသည်ဟူသောသတင်းကို ကြားရသည့်အခါ မိမိတို့အဖို့ စိတ်ပူပန်မှုတွေ ရှိလာ ရပါသည်။ အဘယ်ကြောင့်ဆိုသော် ၂၀၁၄ ခုနှစ်အတွင်း အချို့အချို့သောနေရာများ၊ အချို့အချို့သောကိစ္စရပ်များကို သက်ဆိုင်ရာ တာဝန်ရှိသူများ ကိုင်တွယ်ဖြေရှင်း အရေးယူဆောင်ရွက်ပုံများမှာ သွေးထွက်သံယိုဖြစ်သည်အထိ ပြင်းထန်ခဲ့သည်များကို တွေးမိပြီး မိမိတို့က စိုးရိမ်ပူပန်စိတ်ဖြစ်ကြရခြင်း ဖြစ်ပါသည်။ တာဝန်ရှိသူများသည် ကျောင်းသားလူမမယ်များအား ညင်သာမှန်ကန်သည့် ဖြေရှင်းမှု
ဖြင့်၊ တွေ့ဆုံဆွေးနွေး အဖြေရှာသည့် နည်းဖြင့် ဖြေရှင်းဆောင်ရွက်ပါစေကြောင်း မျှော်လင့်မိသည်။
မိမိတို့နိုင်ငံတွင် ပညာရေးစနစ်များ မှားယွင်းမှုကြောင့် မိမိတို့လူမျိုး ပညာဉာဏ်နိမ့်ပါးက ကမ္ဘာ့အလယ်တွင် မျက်နှာငယ်ခဲ့ရသည်ကို ရိုးသားသူတိုင်းက လက်ခံကြပါသည်။ အမျိုးသား ပညာရေးအဆင့်အတန်း နိမ့်ပါးရခြင်း၏ လက်သယ်တရားခံမှာ ခေတ်အ ဆက်ဆက် ပြဋ္ဌာန်းကျင့်သုံးခဲ့သည့် ပညာရေးစနစ်များ မှားယွင်းမှုကြောင့်ဖြစ်သည် ဆိုသည်ကိုလည်း မည်သူမျှငြင်းနိုင်လိမ့်မည်မထင်ပါ။ ယခုအခါ ပြုပြင်ပြောင်းလဲရေး ကာလနှင့်အညီ တစ်ချိန်က မှားယွင်းခဲ့သည့် ပညာရေးစနစ်ကို ခေတ်မီပြီး ဒီမိုကရေစီ ပညာရေးစနစ်ဖြစ်ရေး ကြိုးပမ်းကြရာမှာ ဒီမိုကရေစီနှင့် ခေတ်မီရေးအပေါ် မလွဲမသွေအခြေခံကြရမည်သာ ဖြစ်ပါသည်။
မိမိတို့တိုင်းပြည် လူမျိုးခြားလက်အောက် သူ့ကျွန်ဘဝ နေထိုင်ခဲ့ကြရစဉ်က နယ်ချဲ့ အစိုးရ၏ ကျွန်သက်ရှည်ရေး ပညာရေးစနစ်ကို ဆန့်ကျင်ခဲ့ကြသည်။ ကျောင်းသားသပိတ် အရေးတော်ပုံများ ပေါ်ပေါက်ခဲ့သည်။ ထိုကျောင်းသားတို့၏ ကျေးဇူးကြောင့် မိမိတို့တစ်မျိုးသားလုံး အမျိုးသားရေးစိတ်ဓာတ်များ ပိုမိုမြင့်မားခဲ့ရခြင်းသည် ထိုကျောင်းသားတို့၏ ကျေးဇူးနှင့် မကင်းချေ။ နယ်ချဲ့အစိုးရသည် ကျောင်းသားထုကို
ဖိနှိပ်သည့်နည်းဖြင့်သာ ဖြေရှင်းခဲ့ဖူးသည်။ တစ်ဖန်လွတ်လပ်ရေးရပြီးနောက် ဒီမိုကရေ စီပညာရေးအတွက် ကျောင်းသားများသည် ငြိမ်းချမ်းသည့်နည်းဖြင့် ခေတ်အဆက်ဆက် တောင်းဆိုခဲ့ကြရသည်။ ထိုအခါ ဇူလိုင် ၇ ရက်လို သွေးမြေကျသမိုင်းကို ရေးခဲ့ကြရ
သည်။ ခေတ်အဆက်ဆက် အစိုးရအဆက်ဆက်သည် ဒီမိုကရေစီ ပညာရေးတောင်းဆိုသည့် ကျောင်းသားများကို ဖိနှိပ်ဖြိုခွဲသည့် နည်းဖြင့်သာ ဖြေရှင်းဆောင်ရွက်ခဲ့ကြသည်။ ထို့ကြောင့်သမိုင်းမှာ အရုပ်ဆိုးအကျည်းတန်ခဲ့ကြရပါသည်။
ယခုအခါ လွန်ခဲ့သည့် နှစ် ၆၀ ကျော် တစ်နည်းအားဖြင့် မြန်မာ့ လူ့သက်တမ်း တစ်ခုနီးပါးဟု တင်စားပြောဆိုလို့ရနိုင်သည့် အချိန်ကာလ တစ်ခုအတွင်း အာဏာရှင် အဆက်ဆက်၏ မှားယွင်းသော ပညာရေးစနစ်သည် မိမိတို့လူမျိုး၊ မိမိတို့တိုင်းပြည်၏ အထွေထွေနိမ့်ကျလာမှု၏ လက်သည်တရားခံဖြစ်သည့်အတွက် အာဏာရှင် ပညာရေး စနစ်အစား ဒီမိုကရေစီ ပညာရေးစနစ်သို့ ပြောင်းလဲချမှတ် ကျင့်သုံးရန် အခြေအနေပေးလာခဲ့ပါသည်။
သို့သော် လက်ရှိပြဋ္ဌာန်းလိုက်သည့် အမျိုးသားပညာရေးဥပဒေအပေါ် ကျောင်းသားများ ဝေဖန်ဆန်းစစ်ခဲ့ကြပါသည်။ တချို့ဥပဒေများမှာ ဒီမိုကရေစီ ပညာရေးစနစ် မဟုတ်ဟူ၍ ထောက်ပြလာကြပါသည်။ ထို့ပြင် ကျောင်းသားလူမမယ်များသည် လမ်းပေါ်တက်၍ပင် မိမိတို့၏ လိုလားချက်များကို တောင်းဆိုလာကြရပြန်သည်။ လက်ရှိကာလမှာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကာလဖြစ်ပါသည်။ တာဝန်ရှိသူများ
သည် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးတာဝန် ယူထားကြသူများဖြစ်ပါသည်။ သို့အတွက် တာဝန်ရှိပုဂ္ဂိုလ်များသည် သည် ကျောင်းသား ထု၏ တောင်းဆိုမှုအပေါ် တွေ့ဆုံဆွေးနွေးညှိနှိုင်း အဖြေရှာသည့်နည်းဖြင့်သာ ဆွေးနွေးဖြေရှင်းဆောင်ရွက်နိုင်စေကြောင်း အကြံပြု
တင်ပြလိုက်ပါသည်။
Credit - Mizzima News
No comments:
Post a Comment