မန္တလေး (မဇ္ဈိမ)။ ။ မန္တလေးမြို့အတွင်း ကုန်တင်ကားဂိတ်များ
ဖွင့်လှစ်လုပ်ကိုင်နေခြင်းကို စိစစ်အရေးယူမှုများ လုပ်ဆောင်လျက်ရှိရာ
ဇန်နဝါရီ ၂ဝ ရက်အထိ ကုန်တင်ကားဂိတ် ၁၅ ဂိတ်ကို အရေးယူထားပြီး
ဆက်လက်စိစစ်လျက် ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ယာဉ်လုပ်ငန်းများ
ကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး ဦးထွန်းဝင်းအောင်က ပြောသည်။

ပြည်ကြီးမင်္ဂလာကားဝင်း ကုန်တင်ယာဉ်ရပ်နားစခန်းကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဖြိုး၊ မဇ္ဈိမ)
မြို့တွင်းတွင် ကုန်ဂိတ်များဖွင့်လှစ်၍ ကုန်တင်ကုန်ချများ ပြုလုပ်နေခြင်းကြောင့် ယာဉ်ကြောများ ပိတ်ဆို့ခြင်း၊ ခရီးသွားပြည်သူများ စိတ်အနှောင့်အယှက် ဖြစ်စေခြင်းနှင့် ပတ်ဝန်းကျင် နေထိုင်သူများ သွားလာမှု ခက်ခဲစေခြင်းတို့ကြောင့် စိစစ်အရေးယူနေခြင်း ဖြစ်သည်။ မန္တလေးမြို့ စည်ပင်သာယာရေး ကော်မတီမှတာဝန်ရှိ သူ တစ်ဦးက ''ကျွန်တော်တို့ စည်ပင်နယ်နိမိတ်အတွင်း စွယ်တော်ဘုရားအနီးမှာ ကုန်တင်ကားကြီးကွင်း တည်ဆောက် ပေးထားတယ်။ အဲဒီမှာ မလုပ်ဘဲ မြို့ထဲမှာပဲ ကုန်လက်ခံဂိတ်တွေ ဖွင့်နေကြတယ်။ ဒါတွေ ကို ခွင့်ပြုပေးထားတာ မရှိသလို ဖွင့်တာကလည်း တရားမဝင်ပါဘူး'' ဟု ပြောသည်။
ချမ်းအေးသာစံမြို့နယ်ရှိ ၈၅ လမ်း၊ ၈၆ လမ်း၊ ၈၇ လမ်း နှင့် ၃၄ လမ်း တစ်လျှောက် ဖွင့်လှစ်ထားသော ကုန်လက်ခံခြင်းနှင့် ကုန်တင်ကားဂိတ် ခုနစ်ဂိတ်နှင့် အောင်မြေသာစံမြို့နယ်ရှိ ၈၈ လမ်းနှင့် ၈၉ လမ်းကြား ၂၄ လမ်း တစ်လျှောက်တွင် လုပ်ကိုင်နေသော ကုန်တင်ဂိတ် ရှစ်ဂိတ်ကို ရှောင်တစ်ခင် စစ်ဆေးအရေးယူမှုများ ပြုလုပ်ခဲ့သည်။
အရေးယူခံထားရသော ကုန်လက်ခံဌာနမှ မန်နေဂျာ ကိုနေဝင်းက "ကျွန်တော်တို့ ထုထည်တွေနဲ့ ကုန်တွေအများကြီး လက်ခံနေတာ မဟုတ်ဘူး။ ကျွန်တော်တို့က မြို့တွင်းမှာနေတဲ့ ပစ္စည်းတွေကိုပဲ လက်ခံနေတာပါ။
ပို့တဲ့သူတွေအနေနဲ့ကလည်း ပစ္စည်းတစ်ခုတည်း မြို့ပြင်ထွက်ပို့ဖို့ဆိုတာ မလွယ်ဘူး။ ဒါကြောင့် စုပြီးအကျိုးဆောင်တဲ့ သဘောပါ။ အရေးယူတာကျတော့ အခက်တွေ့တာပေါ့ဗျာ။ ကုန်ဂိတ်အကြီးတွေက မြို့တွင်းမှာ မရှိပါဘူး၊ နည်းတယ်" ဟု ပြောသည်။
တရားမဝင် ကုန်တင်ဂိတ်များ ဖမ်းဆီး အရေးယူသောအဖွဲ့တွင် ယာဉ်လုပ်ငန်းများ ကြီးကြပ်ရေးကော်မတီ (ကုန်တင်) ဌာနမှ အဖွဲ့ခေါင်းဆောင်အဖြစ် ဆောင်ရွက်ပြီး စည်ပင်သာယာ ရဲတပ်ဖွဲ့များလည်း စစ်ဆေး လျက်ရှိပြီး စည်ပင်သာယာရေး ဥပဒေဖြင့် အရေးယူခြင်း ဖြစ်သည်။
Credit - Mizzima News
No comments:
Post a Comment