Tuesday, January 20, 2015

သစ်ခိုးသူ တရုတ်နိုင်ငံသားတွေ လုံခြုံရေး တရုတ်အစိုးရ တောင်းဆို

ကချင်ပြည်နယ်မှာ တရားမဝင် သစ်ခိုးမှုနဲ့ ဖမ်းဆီးခံထားရတဲ့ တရုတ်နိုင်ငံသားတွေကို လုံခြုံမှုရှိအောင် စောင့်ရှောက်ထားဖို့၊ တရားဥပဒေနဲ့အညီဆောင်ရွက်ဖို့ တရုတ်အစိုးရက တိုက်တွန်းလိုက်ကြောင်း ဆင်ဝှာ သတင်းက ဖော်ပြပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ Hong Lei က တရုတ်နိုင်ငံသားတွေ ဖမ်းဆီးခံခဲ့ရတဲ့ကိစ္စနဲ့ ပတ်သက်လို့ ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး၊ ဖမ်းဆီးခံထားရသူတွေရဲ့လုံခြုံရေးနဲ့

ဥပဒေအရခံစားခွင့်တွေပေးဖို့ မြန်မာ အာဏာပိုင်တွေကို တိုက်တွန်းခဲ့ကြောင်း၊ မြန်မာဘက်ကလည်း ထိန်သိမ်းထားသူတွေအပေါ် ကောင်းကောင်းမွန်မွန်ဆက်ဆံမှာဖြစ်တယ်ဆိုတဲ့ တုံ့ပြန်ချက်ရရှိထားကြောင်း၊ လက်ရှိအနေနဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနဲ့ ကောင်စစ်ဝန်ရုံးတွေက အမှုနဲ့ပတ်သက်လို့ လိုက်ပါဆောင်ရွက်နေကြောင်း သတင်းစာရှင်းလင်းပွဲမှာ မနေ့က ပြောဆိုခဲ့ပါတယ်။

ကချင်ပြည်နယ်အတွင်း တရုတ်နိုင်ငံသား ၁၂ဝ ဝန်းကျင်နဲ့ သစ်တင်ကား ၅ဝဝ နီးပါးကို သစ်မှောင်ခိုမှုနဲ့ ဖမ်းဆီးထားကြောင်း အစိုးရက ကြေညာခဲ့ပါတယ်။

ဒီအတွင်း KIA ကချင်တပ်ဖွဲ့တွေနဲ့ မြန်မာစစ်တပ်တို့ကြား တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေတဲ့ ကချင်ပြည်နယ် အရပ်သားတွေထဲမှာ တရုတ် နိုင်ငံသားတွေ ပါဝင်နေကြောင်း အင်္ဂလိပ်ဘာသာနဲ့ထုတ်ဝေတဲ့ တရုတ်အစိုးရ အာဘော် Global Times သတင်းစာက ဖော်ပြခဲ့ပါတယ်။

Credit -  RFA Burmese

 
 

No comments:

Post a Comment