Friday, January 23, 2015

ဆီဈေးကျသော်လည်း သယ်ယူပို့ဆောင်ရေးစရိတ်များ မကျ

 ရန်ကုန်၊ ဇန်န၀ါရီ ၁၃

စက်သုံးဆီ ဈေးနှုန်းများ ဆက်တိုက် ကျဆင်းနေသော်လည်း သယ်ယူပို့ဆောင်ရေး စရိတ်များ လုံးဝ ကျဆင်းမှု မရှိသေးကြောင်း စုံစမ်းသိရှိရသည်။

လောင်စာဆီ ဈေးနှုန်းများမှာ ယခင်ထက် သုံးပုံတစ်ပုံနီးပါးမျှ ကျဆင်းသွားသော်လည်း မြို့တွင်းနှင့် အဝေးပြေး ယာဉ်လိုင်းများ၊ ကုန်တင်ယာဉ်များ၏ သယ်ယူပို့ဆောင်ရေး စရိတ်များ ကျဆင်းမှု မရှိသေးပေ။

ရန်ကုန်မြို့ပေါ်ရှိ ဆီဆိုင်ကြီးများတွင် ဆီဈေးကျဆင်းနေပြီ ဖြစ်သော်လည်း နယ်ဘက်ဒေသများတွင် လက်ရှိအချိန်ထိ လောင်စာဆီ ဈေးနှုန်းများ ကျဆင်းလျက် မရှိသေးကြောင်း ဧရာဝတီတိုင်း၏ ကုန်တင် ယာဉ်အသင်းနှင့် ကုန်တင်ယာဉ် ပိုင်ရှင်များအသင်း၏ (ယာယီ)ဥက္ကဋ္ဌ ဖြစ်သူ ဦးအောင်ခိုင်က မြန်မာသံတော်ဆင့်သို့ ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် လောင်စာဆီ ဈေးနှုန်း ကျဆင်းလျက် ရှိသော်လည်း နယ်ဘက် ဒေသများတွင် ကျဆင်းမှု မရှိသေးကြောင်း ဦးအောင်ခိုင်က

““အခုက ဆိုင်ကြီးတွေမှာ ဆီဈေးက ဒီလောက် ထင်သလောက် မကျဘူး။ အပြင်မှာ ဆီဈေးတွေက ကျတယ်ပေါ့နော်။ ဆိုင်ကြီးတွေက ညှိထားလား ဘာလားမသိဘူး။ ထင်သလောက် မကျဘူး””ဟု ၎င်းမှ မြန်မာသံတော်ဆင့်သို့ပြောသည်။

အဆိုပါ လောင်စာဆီ ဈေးနှုန်းများအနေဖြင့် အရင်တစ်ဂါလံ ၄၂၀၀ မှ ၄၃၀၀ကျပ် ရောင်းချနေရာမှ လက်ရှိ အချိန်တွင် ၃၄၀၀ ကျပ်သာ ကျဆင်းလျက်ရှိပြီး နိုင်ငံတကာ ဈေးနှုန်းများဖြင့် အဆပေါင်းများစွာ ကွာဟကြောင်း ၎င်းမှ မြန်မာသံတော်ဆင့်သို့ ထပ်မံပြောကြားခဲ့သည်။

ပြီးခဲ့သည့် ရက်ပိုင်းက နေပြည်တော်သို့ သွားရောက်ခဲ့သည့် အငှားယာဉ်မောင်း ဦးစိုးဝင်းကလည်း နယ်ဒေသ များတွင် ဆီဈေး မကျသေးကြောင်းကို ““နယ်ဘက်တွေက ဈေးမကျသေးဘူး။ နယ်တွေမှာက သူတို့ ဘာလို့ မချပေးသေးလဲ မေးတော့ သူတို့အရင် ဈေးကြီးမိထားတဲ့ဟာတွေ အဲဒါကြောင့် မချပေးသေးတာ။ ရန်ကုန်မှာ လည်း ပြီးခဲ့တဲ့ရက်တွေကမှ ချပေးတာလေ။ နိုင်ငံတကာမှာတော့ ကျနေပြီ။ နောက်ဆုံးဟိုကအော် ဒီကအော် ဂျာနယ်တွေက ရေးတော့မှ ပြန်ချပေးတာ အစတုန်းက အဲဒီလိုပဲ မှေးနေသေးတာ””ဟု မြန်မာသံတော်ဆင့်သို့ ပြောသည်။

ဆီဈေးကျနေသော်လည်း အဝေးပြေး ကုန်စည်ပို့ဆောင်ခနှုန်း များ လျော့ချပေးနိုင်ခြင်း မရှိသေးပေ။ ပွင့်လင်းရာသီ ဖြစ်သဖြင့် ကုန်စည်သယ်ယူပို့ဆောင်ခ နှုန်းထား များ မြင့်တက်ရမည့် ရာသီ ဖြစ်သော်လည်း ဆီဈေး ကျဆင်းနေသဖြင့် ကုန်စည်သယ်ယူခနှုန်း များ မြင့်တက်မှုမရှိခြင်းဖြစ်ကြောင်း ဘုရင့်နောင် ကုန်တင်ယာဉ် အသင်းမှ အတွင်းရေးမှူးဖြစ်သူ ဦးကိုကိုနိုင်က ပြောကြားသည်။

““အခုသွားနေတဲ့ ကုန်စည်ပို့ဆောင်ခက မိုးတွင်းမှာ သွားနေတဲ့ ဈေးနှုန်းပဲ ဖြစ်နေတယ်။ ပွင့်လင်းရာသီ ဈေးနှုန်း မဟုတ် နှစ်စဉ်ဆိုရင် ဥပမာ-ဘားအံလိုင်းမှာ မိုးတွင်းကို တစ်ပိသာ ၂၅ ကျပ်နဲ့ သွားနေရင် ပွင့်လင်းရာသီ ရောက်ရင် တစ်ပိသာ၃၅ကျပ်၊ ၄၀ ဖြစ်ပြီ၊ အဲဒီတော့ ကုန်စည် ပို့ဆောင်ခက တက်ဖို့ပဲရှိတယ် ကျဖို့မရှိဘူး””ဟု ဆိုသည်။

ထို့ပြင် ဆီဈေးမှာ သိသိသာသာ ကျဆင်းခြင်း မရှိသေးသဖြင့် ကုန်စည်သယ်ဆောင်ခများ ကျဆင်းခြင်း မရှိသေးကြောင်းကို ““ဆီဈေးနှုန်းကျရင် ကုန်ဈေးနှုန်းက မဖြစ်မနေကိုကျရမှာ။ ကားသမား အချင်းချင်း ရေချိန်ဆွဲကြမယ်။ ကားတအား များလာတဲ့အတွက် ဒီလိုအခြေအနေမှာ အခုတည်းကချဖို့ သင့်နေပြီ။ မှေးလို့ရတဲ့သူက မှေးထား တာပေါ့နော်။ မဖြစ်မနေ သူက ၁၀၀ ကျလိုက်၊ ကိုယ်က ၁၀၀ ကျလိုက် မဖြစ်မနေကို ကျရမှာ၊ ဆီဈေးကိုက မှေးနေတဲ့ သဘောရှိတယ်။ ဆီဈေးက ကျသင့်တာလောက် မကျဘူး။ အဲဒီတော့လက်ရှိ တန်ဆာခက ကျလည်းမကျဘူး။ ဘာဖြစ်လဲဆိုတော့ ဆီဈေးက လှုပ်လှုပ်ရှားရှားကိုကျတဲ့ အနေအထား ဖြစ်နေ တယ်”” ၎င်းက မြန်မာသံတော်ဆင့်သို့ ပြောသည်။

ထိုကိစ္စနှင့် ပတ်သက်၍ ၎င်းမှ ထပ်မံ၍ ““ပန့်တွေမှာ မကျတာ ကားသမားတွေက ပြောတာပဲလေ။ ဦးတို့ကတော့ မသိဘူးပေါ့လေ။ အဲဒါကတော့ ဦးတို့က ဒီဟာသက်ဆိုင်ရာ အသင်းမေးမှ သိမှာပဲလေ။ ဦးတို့ဘယ်ဖြေတတ်မလဲ။ ဒီဆီဈေး ပန့်တွေမှာ မကျတဲ့ကိစ္စကတော့ ဦးတို့ မဖြေတတ်ဘူးလေ။ ဘာကြောင့် မကျရလဲဆိုတာ သူတို့ပေါ်မှာ မူတည်တာပေါ့လေ။ ပန့်တွေမှာတော့ တစ်ပေပါကို ၃၀၀၀၀ လောက် ကွာတယ် ပြောတယ်။ ကားသမားတွေ ပြောတာနော်။ ဦးကတော့ လက်တွေ့မထည့်ကြည့်တော့ ဦးကတော့ မသိဘူး။ ဒါတစ်ဆင့်စကားပေါ့ ကားသမားတွေပြောတဲ့ စကားပေါ့။ ဦးကတော့ဒါကို တိုက်ရိုက်မသိဘူး””ဟု ၎င်းမှ ထပ်မံ ပြောကြားခဲ့သည်။

““ဆီဈေးက ကျပေမယ့် ငွေတွင်းက နက်လာတယ်””ဟု သင်္ဃန်းကျွန်းမြို့နယ်နေ တက္ကစီယာဉ်မောင်း ဦးစိုးဝင်းက ညည်းတွားသည်။

ဆီဈေးကျသဖြင့် အိမ်စီးကားများ ထုတ်စီးလာရာ တက္ကစီစီးနင်း သူ လျော့သွားသည်သာမက ယခင်ရပ်ပြီး ခရီးသည် စောင့်လေ့ရှိသော ကားများက မြို့တွင်းလှည့်ပတ်ပြီး အပြိုင်အဆိုင် ခရီးသည် ရှာလာခြင်းကြောင့် ၀င်ငွေ နည်းပါးလာကြောင်း ဦးစိုးဝင်းက ဆိုသည်။

““ဆီဈေးကျပေမယ့် ဆီဈေးမကျခင်တုန်းက ၀င်ငွေမျိုးရဖို့ နှစ်နာရီလောက် ပိုမောင်းရတယ်။ အိမ်မှာ သိမ်းထားတဲ့ ကားတွေကလည်း ဆီဈေးကျတော့ ထုတ်စီးလာတယ်။ အဲတော့လမ်းတွေလည်း ပိုပိတ်လာတော့ ပိုရှာရ ခက်လာတယ်””ဟု ၄င်းကဆိုသည်။

ချမ်းမြေ့ခိုင်၊ ကျော်ကျော်မင်း
မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald

No comments:

Post a Comment