
မြန်မာ့လွတ်လပ်ရေးသမိုင်းကို မှတ်တမ်းတင်ရေးသားသည် ရှိသော် ၁၉၄၇ ခုနှစ် နှစ်ဆန်းက ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တစ်ဖွဲ့သည် မြန်မာ့လွတ်လပ်ရေးကိစ္စ
အရေးဆို ရန်ရန်ကုန်မြို့မှ ဗြိတိန်နိုင်ငံ လန်ဒန်မြို့သို့ သွားရောက်ခဲ့သည်ကို လည်းကောင်း၊ ဗိုလ်ချုပ်တို့အဖွဲ့နှင့် ဗြိတိသျှနန်းရင်းဝန် (၀န်ကြီးချုပ်) မစ္စတာအက်တလီ ဦးဆောင်သည့် ဗြိတိသျှကိုယ်စားလှယ် အဖွဲ့တို့ ၁၉၄၇ ခုနှစ် ဇန်န၀ါရီလ ၁၃ ရက်နေ့မှစ၍ လန်ဒန်မြို့ရှိ ကမ္ဘာကျော် လိပ်စာတစ်ခုဖြစ်သော အမှတ် ၁၀ ဒေါင်းနင်းလမ်း (No.10, Downing Street) တွင် စတင်ဆွေးနွေးခဲ့သည်ကို လည်းကောင်း ချန်လှပ်ထားလိုက်ပါက ပြီးပြည့်စုံမည် မဟုတ်ချေ။ထိုနှစ်ဆန်းက သမိုင်းတွင်ရစ်မည့် ရက်စွဲတစ်ခုကား ၁၉၄၇ ခုနှစ် ဇန်န၀ါရီလ ၂၇ ရက်နေ့ပင် ဖြစ်သည်။ အကြောင်းမူကား ထိုနေ့တွင် ဗြိတိသျှအစိုးရက မြန်မာနိုင်ငံအား တစ်နှစ်အတွင်း လုံးဝလွတ်လပ်ရေး ပေးပါတော့မည်ဟု အာမခံချက်ပေးသည့် ‘အောင်ဆန်း-အက်တလီစာချုပ်’ ကို အောင်မြင်ချောမောစွာ လက်မှတ်ရေးထိုးလိုက်ကြသောကြောင့်ပင်တည်း။
‘လုံးဝလွတ်လပ်ရေး’ ဆိုသည်မှာကား မြန်မာပြည်မနှင့်တကွ တောင်တန်းဒေသရှိ လူမျိုးစုများနေထိုင်ရာ ဒေသ (ပြည်နယ်) များ အပါအ၀င် UNION ‘ယူနီယံ’ ခေါ် ‘ပြည်ထောင်စု’ ပုံစံအဖြစ် လွတ်လပ်ရေးပေးခြင်းကို ဆိုလိုပေသည်။
မှတ်ချက် ။ ။ ၂၇-၁-၄၇ နေ့တွင် ‘အောင်ဆန်း-အက်တလီစာချုပ်’ လက်မှတ်ရေးထိုးပြီးနောက် ၁၉-၇-၄၇ နေ့တွင် ဗိုလ်ချုပ်နှင့်တကွ အပေါင်းပါ အာဇာနည်ခေါင်းဆောင်ကြီးများ လုပ်ကြံခံရ၍ ကျဆုံးသွားကြလင့်ကစား ဗိုလ်ချုပ်၏ ဦးဆောင်မှုဖြင့် ဆွေးနွေးတောင်းဆိုရာမှ ရရှိခဲ့သော ‘အောင်ဆန်း- အက်တလီစာချုပ်’ သည် ပျက်ပြယ်မသွားခဲ့ချေ။ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ ညပိုင်းမှာပင် ဗိုလ်ချုပ်အောင်ဆန်းနေရာ ဆက်ခံရန်၊ တာဝန်ဆက်လက်ယူရန် ဗြိတိသျှဘုရင်ခံ ကဖဆပလအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ သခင်နု(ဦးနု)ကို ဖိတ်ခေါ်ခန့်ထားပြီးနောက် မကြာမီ ဦးနုကိုယ်တိုင် ဗြိတိသျှအစိုးရ၏ ဖိတ်ခေါ်ချက်အရ လန်ဒန်မြို့သို့ သွားရောက်၍ လွတ်လပ်ရေး အပြီးသတ် အစီအစဉ်အဖြစ် ‘နု-အက်တလီစာချုပ်’ ကို လက်မှတ်ရေးထိုးနိုင်ခဲ့ပါသည်။
မည်သို့ပင်ဖြစ်စေ တစ်နှစ်အတွင်း လုံးဝလွတ်လပ်ရေးပေးပါမည်ဟု ဗြိတိသျှအစိုးရက အာမခံချက်ပေးခဲ့သည့် ‘အောင်ဆန်း- အက်တလီစာချုပ်’ အရ မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့ နံနက် ၄ နာရီ မိနစ်၂၀ မှစ၍ ‘ပြည်ထောင်စုသမ္မတ နိုင်ငံအဖြစ် လွတ်လပ်သော အချုပ်အခြာအာဏာပိုင်နိုင်ငံ ဖြစ်လာခဲ့သောကြောင့် ယင်းကဲ့သို့ လွတ်လပ်ရေးရချိန်၌ သူအသက်ထင်ရှား မရှိတော့လင့်ကစား သူ၏ ဦးဆောင်ကြိုးပမ်းမှုကြောင့် လွတ်လပ်ရေးရခဲ့ခြင်းဖြစ်လေရာ ဗိုလ်ချုပ်အောင်ဆန်းအား ‘လွတ်လပ်ရေး ဗိသုကာ’ ဟု ဂုဏ်ပြုတင်စား ခေါ်ဝေါ်နေကြခြင်း ဖြစ်ပါသည်။
ယနေ့လူငယ်များ အထူးသိရှိ မှတ်သားကြစေချင်သည်ကား လွတ်လပ်ရေးအတွက် ၂၇-၁-၄၇ နေ့က လန်ဒန်မြို့တွင် လက်မှတ်ရေးထိုး ချုပ်ဆိုခဲ့သော ‘အောင်ဆန်း- အက်တလီစာချုပ်’ ကို ဗိုလ်ချုပ်အောင်ဆန်းအနေဖြင့် အခက်အခဲမရှိ လွယ်ကူချောမောစွာ ချုပ်ဆိုနိုင်ခဲ့ခြင်း မဟုတ်ဟူသော အချက်ပင်တည်း။
ဗိုလ်ချုပ်အောင်ဆန်းသည် လန်ဒန်မြို့သို့ရောက်ပြီး ၀န်ကြီးချုပ် မစ္စတာအက်တလီ ခေါင်းဆောင်သော ဗြိတိသျှအစိုးရအဖွဲ့နှင့် စတင်ဆွေးနွေးကြသည့် ၁၉၄၇ ခုနှစ် ဇန်န၀ါရီလ ၁၃ ရက်နေ့ကပင် သူ၏လိုလားချက်ကို ဘွင်းဘွင်းနှင့် ပြတ်သားစွာပင် တောင်းဆိုခဲ့သည်။ သူ့အနေဖြင့် မြန်မာနိုင်ငံ ပြည်မအတွက်သာမက တောင်တန်းဒေသရှိ တိုင်းရင်းသားလူမျိုးစု အတွက်ပါ ကိုယ်စားပြု၍ လာရောက်ခြင်းဖြစ်ကြောင်း၊ လိုချင်သည့် လွတ်လပ်ရေးပုံစံကလည်း ပြည်မနှင့်တောင်တန်းဒေသနေ လူမျိုးစုများ၏ ဒေသနယ်ပယ် (ပြည်နယ်)များ စုပေါင်းဖွဲ့စည်းအပ်သည့် UNION ‘ပြည်ထောင်စု’ အသွင်မျိုး ဖြစ်ကြောင်းကို ရဲဝံ့ပြတ်သားစွာ ပြောခဲ့ခြင်းဖြစ်သည်။
ယင်းသို့ ဆွေးနွေးပွဲတွင် စတင်အရေးဆိုနေဆဲမှာပင် အနှောင့်အယှက် အထစ်အငေါ့တစ်ခု ပေါ်လာတော့သည်။
ယင်းကား ဗြိတိသျှ အစိုးရထံသို့ မြန်မာနိုင်ငံမှ ကြေးနန်းတစ်စောင် ရောက်လာခြင်းပင်ဖြစ်သည်။ ကြေးနန်းစာတွင် ယခု လန်ဒန်ရောက်နေသူ အောင်ဆန်းသည် တောင်တန်းဒေသ တိုင်းရင်းသား လူမျိုးစုများကို ကိုယ်စားမပြု၊ အထူးသဖြင့် ရှမ်းပြည်နယ်ကို ကိုယ်စားပြုသူမဟုတ်၊ မြန်မာပြည်မ၏ ကိုယ်စားလှယ်သာဖြစ်ကြောင်း ပါရှိပြီး ကြေးနန်းစာ၏အောက်တွင် ရှမ်းစော်ဘွားနှစ်ဦး၏အမည် ပါလာသည်။
ဤတွင် ဗြိတိသျှအစိုးရက အဆိုပါ ကြေးနန်းစာကိုပြပြီး ဗိုလ်ချုပ်အောင်ဆန်းအား ‘မင်းပြောသလို တိုင်းရင်းသား လူမျိုးစုများကို ကိုယ်စားပြု အရေးဆိုပိုင်ခွင့် မရှိ’ ဟု ပြောပါသည်။
ကြေးနန်းစာကြောင့် သခင်မြစသော မြန်မာကိုယ်စားလှယ် အဖွဲ့ဝင်များသည် အထူးစိုးရိမ် တုန်လှုပ်သွားမိသော်လည်း ဗိုလ်ချုပ်အောင်ဆန်းကမူ ယခုကြေးနန်းရိုက်သူ စော်ဘွားနှစ်ဦးသည် လူနည်းစုသာဖြစ်ကြောင်း သိသဖြင့် အိနြေ္ဒမပျက်ချေ။ ရှမ်းစော်ဘွားနှစ်ဦးက ဗြိတိသျှအစိုးရထံ ကြေးနန်းရိုက်လိုက်ကြောင်းကို ရန်ကုန်မြို့ရှိ ဖဆပလဌာနချုပ်မှ တာဝန်ရှိလူကြီးများက ကြားသိလေရာ ချက်ချင်းပင် တန်ပြန်လှုပ်ရှားမှုတစ်ခုကို ပြုလုပ်ခဲ့ကြပါသည်။
ရှမ်းပြည်နယ် လွတ်လပ်ရေးအဖွဲ့ချုပ်မှ ဦးတင်အေး (နောက်ပိုင်းနိုင်ငံတော် ကောင်စီဝင်)၊ ဦးထွန်းမြင့် (တောင်ကြီး)တို့နှင့် တိုင်ပင်၍ ဗိုလ်ချုပ်အောင်ဆန်းအား အလေးအနက် ထောက်ခံသည့် လူထုအစည်းအဝေးပွဲတစ်ရပ် ပြုလုပ်ရန် ဗိုလ်မှူးအောင် (ရဲဘော်သုံးကျိပ်)၊ ဗိုလ်ထွန်းလင်း (ပြည်သူ့ရဲဘော်) နှင့် ဦးဖေခင် (နောက်ပိုင်းသံအမတ်ကြီး၊ အငြိမ်းစား)တို့အား တောင်ကြီးမြို့သို့ စေလွှတ်လိုက်ပါသည်။ ဦးတင်အေးနှင့် ဦးထွန်းမြင့် (တောင်ကြီး)တို့သည် ဗိုလ်ချုပ်အောင်ဆန်း၏ ခေါင်ဆောင်မှုကို အကြွင်းမဲ့ လက်ခံယုံကြည်သူများ ဖြစ်သည့်အပြင် အလွန်တက်ကြွသော လူငယ်များဖြစ်သည့်အလျောက် သူတို့ခေါင်းဆောင်သည့် ရှမ်းပြည်နယ် လွတ်လပ်ရေးအဖွဲ့ချုပ် (SHAN STATE FREEDOM LEAGUE) သည် ရှမ်းပြည်နယ်တွင် အထူးပင်သြဇာညောင်းပြီး လူငယ်ထုအား စည်းရုံးသိမ်းသွင်းနိုင်ခဲ့ပါသည်။ ထို့ကြောင့် ဦးတင်အေးအမှူးပြုသော အဖွဲ့ချုပ်ခေါင်းဆောင်များက ပြည်နယ်အတွင်းရှိ မြို့နယ်အဖွဲ့ခွဲများအား စော်ဘွားနှစ်ဦး ဘိလပ်သို့ ကြေးနန်းရိုက်ခြင်းကို ကန့်ကွက်ရှုတ်ချသည့် အစည်းအဝေးများပြုလုပ်၍ ဆန္ဒပြကြရန် ညွှန်ကြားလိုက်သည်။ ထို့ပြင် တောင်ကြီးမြို့နယ်တွင် လူတန်းစာအလွှာ အသီးသီး ပါဝင်သည့် လူထုအစည်းအဝေးကြီးတစ်ရပ် ကျင်းပရန် စီစဉ်လိုက်သည်။ ယင်းလူထု အစည်းအဝေးပွဲသို့ တက်ရောက်သူ လူဦးရေမှာ ၂၀၀၀ ကျော်ရှိရာ မြန်မာပြည်မတွင်ဆိုလျှင် ပရိသတ်မများလှဟု ဆိုနိုင်သော်လည်း ရှမ်းပြည်နယ်အဖို့မှာမူ မကြုံစဖူး ထူးကဲစွာ အင်အားပြလိုက်သော ဆန္ဒပြမှု (သို့မဟုတ်) နိုင်ငံရေး လှုပ်ရှားမှုကြီးတစ်ရပ် ဖြစ်ခဲ့သည်။ ယင်းအစည်းအဝေးကြီးက ရှမ်းပြည်နယ်အနေဖြင့် မြန်မာပြည်မနှင့်အတူ တစ်ပြိုင်တည်း လုံးဝလွတ်လပ်ရေး တောင်းဆိုကြောင်းနှင့် ပြည်မနှင့်အတူ တောင်တန်းဒေသပြည်နယ်များ စုပေါင်းဖွဲ့စည်းအပ်သော ‘ပြည်ထောင်စု’ အသွင်ဖြင့် လုံးဝလွတ်လပ်ရေး ရလိုကြောင်း ဗိုလ်ချုပ်အောင်ဆန်း၏ တောင်းဆိုချက်ကို အကြွင်းမဲ့ ထောက်ခံပါကြောင်း တစ်ခဲနက် ဆုံးဖြတ်ချက် ချလိုက်ကြပါသည်။ အစည်းအဝေးကို ကြွေးကြော်သံများဖြင့် ရုပ်သိမ်း၍ စနစ်တကျ တန်းစီလှည့်လည်ကာ ဗြိတိသျှအစိုးရ တောင်တန်းဒေသ အုပ်ချုပ်ရေးရုံးရှေ့သို့ သွားပြီး ကိုလိုနီနယ်ချဲ့ ဆန့်ကျင်ရေး ကြွေးကြော်သံများ၊ ဟစ်အော်ကြွေးကြော် ဆန္ဒပြခဲ့ကြသေးသည်။ ဤသည်ကား ရှမ်းပြည်နယ်သမိုင်းတွင် ပထမဆုံးအကြိမ် ပြည်သူလူထု၏ နိုင်ငံရေးဆန္ဒပြမှုကြီးပင် ဖြစ်တော့သည်။
ထိုနေ့မှာပင် ဦးတင်အေး၊ ဦးဖေခင်တို့ အဖွဲ့က ရန်ကုန်ဖဆပလ ဌာနချုပ်နှင့် လန်ဒန်မြို့ရောက် ဗိုလ်ချုပ်အောင်ဆန်းထံသို့ လူထုစည်းဝေးပွဲကြီး၏ ဆုံးဖြတ်ချက်ကို အမြန်ကြေးနန်းရိုက် အကြောင်းကြားလိုက်ကြသည်။
ဗိုလ်ချုပ်ကလည်း ဗြိတိသျှဝန်ကြီးချုပ် မစ္စတာအက်တလီအား တောင်ကြီးမြို့လူထု အစည်းအဝေးကြီးမှ ဆုံးဖြတ်ချက်ကြေးနန်းစာကို ထုတ်ပြလိုက်သောအခါ “အောင်ဆန်းသည် ရှမ်းပြည်နယ်ကို ကိုယ်စားမပြု” ဟူသော စော်ဘွားနှစ်ဦး၏ ကြေးနန်းသည် အလိုအလျောက် ပျက်ပြယ်သွားလေတော့သည်။
သို့နှင့်ပင် ဗိုလ်ချုပ်တို့ မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် ဗြိတိသျှအစိုးရတို့ ညှိနှိုင်းဆွေးနွေးပွဲ ဆက်လက်ကျင်းပနိုင်ခဲ့ရာ နောက်ဆုံး၌ ဗြိတိသျှတို့သည် မတက်သာဘဲ မြန်မာနိုင်ငံအား ‘ပြည်ထောင်စု’ ပုံစံဖြင့် လုံးဝလွတ်လပ်ရေးပေးရန် သဘောတူကြောင်း အတည်ပြုသည့် ‘အောင်ဆန်း-အက်တလီစာချုပ်’ ကို ၂၇-၁-၁၉၄၇ နေ့တွင် လက်မှတ်ရေးထိုး ချုပ်ဆိုလိုက်ရတော့သည်။
သို့ရာတွင် မစ္စတာအက်တလီ ဦးဆောင်သော ဗြိတိသျှအစိုးရသည် ၀န်ကြီးချုပ်ဟောင်း ချာချီဦးဆောင်သည့် ကွန်ဆာဗေးတစ်ပါတီ၏ ဖိအားပေးမှုကြောင့် အောင်ဆန်း-အက်တလီ စာချုပ်တွင် မသိမသာ လှည့်ကွက်သဖွယ် ‘၀ှက်ဖဲ’ တစ်ခု ထည့်သွင်းရေးသားထားလေသည်။ ယင်းဝှက်ဖဲကတော့ ဤသို့ဖြစ်သည်။
‘အောင်ဆန်း-အက်တလီစာချုပ်’ အပိုဒ် ၃၊ ၈ တွင် . . .
‘တောင်တန်းဒေသ ပြည်နယ်များအတွက်မူ သက်ဆိုင်ရာလူမျိုးစု ခေါင်းဆောင်များကိုယ်တိုင်က မြန်မာပြည်မနှင့်အတူ လွတ်လပ်ရေးရယူကာ ‘ယူနီယံ’ ခေါ် ‘ပြည်ထောင်စုပုံစံဖြင့် နေလိုကြောင်း အခိုင်အမာ စာချုပ်တစ်ခု လက်မှတ်ရေးထိုး ချုပ်ဆိုပေးကြရမည်’ ဟု ထည့်သွင်းထားခြင်းပင်ဖြစ်သည်။
ဤကား တောင်တန်းဒေသမှ တိုင်းရင်းသားလူမျိုးစုများ နေထိုင်ရာ ပြည်နယ်များနှင့် ပတ်သက်၍ ဗိုလ်ချုပ်အောင်ဆန်းအား စိန်ခေါ်လိုက်ခြင်းပင်ဖြစ်သည်။ ဗိုလ်ချုပ်ကလည်း ယင်းစိန်ခေါ်ချက်ကို ရဲဝံ့စွာပင် လက်ခံကာ ၁၉၄၇ ဖေဖော်ဝါရီ ၂ ရက်နေ့အရောက် ရန်ကုန်သို့ ပြန်လာခဲ့ပါသည်။
ထိုအချိန်၌ တိုင်းရင်းသားလူမျိုးစု ခေါင်းဆောင်များ၏ စုံညီအစည်းအဝေးကို ရှမ်းပြည်နယ်ပင်လုံမြို့၌ ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျင်းပရန် စီစဉ်ထားပြီးဖြစ်ရာ ဗြိတိသျှတို့က ဗိုလ်ချုပ်အောင်ဆန်းအား အဆိုပါ “ပင်လုံအစည်းအဝေး၌ လူမျိုးစုခေါင်းဆောင်များ၏ သဘောတူလက်ခံကြောင်း စာချုပ် လက်မှတ်ရေးထိုးကြောင်း တတ်နိုင်လျှင် လုပ်ပြပါတော့” ဟု စိန်ခေါ်လိုက်ခြင်းပင် ဖြစ်သည်။
ဗိုလ်ချုပ်တို့ ဗြိတိန်ရောက်နေချိန်တွင် မြန်မာပြည်ရှိ ဗြိတိသျှအစိုးရ တောင်တန်းဒေသ အုပ်ချုပ်ရေးဌာနမှ ‘စတီဗင်ဆင်’ ဆိုသူ ဦးဆောင်သော နယ်ချဲ့လက်ပါးစေများသည် တိုင်းရင်းသားလူမျိုးစု ခေါင်းဆောင်များအား နည်းမျိုးစုံဖြင့် စည်းရုံးသွေးခွဲနေခဲ့ကြသည်။
“အောင်ဆန်းကို မယုံကြနဲ့ သူနဲ့ပေါင်းရင် ခင်ဗျားတို့ ဒုက္ခရောက်မှာပဲ၊ ဗြိတိသျှ အုပ်စိုးမှုအောက်မှာနေမှ ခင်ဗျားတို့ သက်သာမယ်” စသည်ဖြင့် ခြေထိုးသွေးခွဲသလို တစ်ဖက်ကလည်း နိုင်ငံခြားမှ အကောင်းဆုံး အရက်ယာမကာများ၊ စားကောင်းသောက်ဖွယ်များဖြင့် ဖြားယောင်းစည်းရုံးမှုကြောင့် လူမျိုးစုခေါင်းဆောင် တချို့သည် ဖေဖော်ဝါရီလ ၁၂ ရက်တွင် ပင်လုံစာချုပ် လက်မှတ်ထိုးသင့်၊ မထိုးသင့် စဉ်းစားရာ၌ တွေဝေလျက် ရှိကြသည်။
ထို့ကြောင့်လည်း ဗိုလ်ချုပ်သည် လန်ဒန်မြို့၌ တစ်လလုံးလုံး အလွန်ပင်ပန်းစွာ အလုပ်လုပ်ခဲ့ရပြီးနောက် ရန်ကုန်ပြန်ရောက်သောအခါ အနားယူ အပန်းဖြေရန် စိတ်မကူးတော့ပဲ။ ပင်လုံသို့ ဖေဖော်ဝါရီလ ၈ ရက်နေ့အရောက် ခရီးထွက်ခဲ့ပါသည်။
ဗိုလ်ချုပ်ပင်လုံသို့ ရောက်သွားချိန်၌ အခြေအနေမှာ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ကျင်းပမည့် ပင်လုံညီလာခံကြီးတွင် တိုင်းရင်းသားလူမျိုးစု ခေါင်းဆောင်များ စည်းလုံးညီညွတ်စွာဖြင့် လက်မှတ်ရေးထိုးကြပါ့မလားဟု စိုးရိမ်ဖွယ် ဖြစ်နေသည်မှာ အမှန်ပင်ဖြစ်ပါသည်။
ယင်းအခြေအနေကို ကောင်းစွာသိပြီး ဗိုလ်ချုပ်အောင်ဆန်း၏ ခေါင်းဆောင်မှုကို အကြွင်းမဲ့ ယုံကြည်ထောက်ခံသူ ကချင်ခေါင်းဆောင် ဆမားဒူဝါဆင်ဝါးနောင်၊ မိုင်းပွန်စော်ဘွားကြီး(အာဇာနည်ခေါင်းဆောင်)နှင့်တကွ ရှမ်းပြည်နယ် လွတ်လပ်ရေးအဖွဲ့မှ ဦးတင်အေး၊ ဦးထွန်းမြင့်(တောင်ကြီး)၊ အိုင်စီအက်စ် ဦးတင်ထွဋ်၊ ဦးဖေခင် စသောပုဂ္ဂိုလ်များက ပင်လုံရောက် ကိုယ်စားလှယ်များအား အလျင်အမြန် စည်းရုံးလှုပ်ရှားမှုဖြင့် နှစ်နာရီအတွင်း ကိုယ်စားလှယ်ပေါင်းစုံ ပါဝင်သော အစည်းအဝေးတစ်ခု ဖြစ်မြောက်သွားပါတော့သည်။
ယင်းအစည်းအဝေးသို့ ဗိုလ်ချုပ်ကိုယ်တိုင် တက်ရောက်ပြီး ယူနီယံ(ခေါ်) ပြည်ထောင်စုအသွင်ဖြင့် ပြည်နယ်များနှင့် ပြည်မသို့ ပူးပေါင်းဖွဲ့လျက် လွတ်လပ်ရေး ရယူခြင်းသည်သာလျှင် အကောင်းဆုံးဖြစ်ကြောင်း အချက်အလက် စုံလင်စွာဖြင့် ရှင်းလင်းပြောပြရာ အားလုံးက နားလည်သဘောပေါက်သွားပြီး လက်ခံ သဘောတူညီသွားကြလေတော့သည်။
ထိုနေ့က ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်နေ့ပင် ဖြစ်သည်။
တစ်နည်းအားဖြင့် ပြည်ထောင်စုနေ့ (ဖေဖော်ဝါရီလ ၁၂) ဖြစ်ပေါ်လာစေသည့် ပင်လုံညီညွတ်ရေးစာချုပ်ကြီး ဖြစ်မြောက်အောင်မြင်ရန် ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ညနေကျမှပင် သေချာသွားခဲ့ပါသည်။
ထိုအချိန်၌ စတီဗင်ဆင် ဦးဆောင်သော ဗြိတိသျှနယ်ချဲ့ လက်ပါးစေအုပ်စုကတော့ နောက်ဆုံးအခြေအနေကို မသိကြသေး။ သူတို့ သွေးခွဲခြေထိုးထားသည့်အတိုင်း ပင်လုံစာချုပ် မည်သို့မှ ဖြစ်မြောက်နိုင်မည် မဟုတ်ဟု တစ်ထစ်ချ ထင်နေကြဆဲပင်ဖြစ်သည်။
တိုင်းရင်းသားလူမျိုးစု ခေါင်းဆောင်များနှင့်တကွ ကချင်ဒူဝါများ၊ ရှမ်းပြည်မှ နယ်ရှင်စော်ဘွားများသည် ဗိုလ်ချုပ်၏ နှလုံးသားအတွင်း အခိုင်အမာ ကိန်းအောင်းနေသည့် ‘ပြည်ထောင်စုစိတ်ဓာတ်’ အကြောင်း ကောင်းစွာသိမြင် သဘောပေါက်သွားကြပြီ ဖြစ်လေသည်။
ထို့ကြောင့်ပင် နောက်တစ်နေ့ ဖေဖော်ဝါရီ ၁၂ ရက် နံနက် ၁၀ နာရီအချိန်တွင် ဗိုလ်ချုပ်အောင်ဆန်း အမှူးပြုသော ကိုယ်စားလှယ် ၂၂ ဦးတို့သည် သမိုင်းဝင် ပင်လုံညီညွတ်ရေး စာချုပ်ကြီးကို တစ်ယောက်ပြီးတစ်ယောက် ဆက်တိုက် လက်မှတ်ရေးထိုးလိုက်ကြသည်။
ဤကား ၁၉၄၂ ခုနှစ် ဗမာ့လွတ်လပ်ရေးတပ်မတော် (ဘီအိုင်အေ) ခေတ်မှစ၍ ဗိုလ်ချုပ်အနေဖြင့် အထူးကြိုးစား တည်ဆောက်ခဲ့သော တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ စစ်ပြီးခေတ် ဖဆပလအဖွဲ့ချုပ် သို့မဟုတ် အမျိုးသားတပ်ဦးကြီး၏ ဥက္ကဋ္ဌအဖြစ် တိုင်းရင်းသားလူမျိုးစုများအား တရင်းတနှီး စည်းရုံးခဲ့ခြင်း၊ ၂၆-၉-၄၆ နေ့တွင် အစိုးရ အာဏာရရှိပြီးနောက်တွင်လည်း တောင်တန်းဒေသများသို့ ကိုယ်တိုင်သွားရောက်လျက် သွေးချင်းလူမျိုးစုများအား အပင်ပန်းခံ စည်းရုံးခဲ့ခြင်းတို့၏ ရလဒ်ပင်တည်း။
တစ်နည်းအားဖြင့် ဗိုလ်ချုပ်သည် သူ၏ စည်းရုံးရေးစွမ်းရည်ဖြင့် ‘ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်’ ဟူသော လွတ်လပ်သည့် အချုပ်အချာအာဏာပိုင် နိုင်ငံတစ်နိုင်ငံကို ကမ္ဘာမြေပုံပေါ်တွင် ထင်ရှားပေါ်လွင်စွာ ရေးဆွဲ ဖန်တီးနိုင်ခဲ့ခြင်းပင် ဖြစ်ပါသတည်း။
No comments:
Post a Comment