– ထက်မြက်
တွေ့ဆုံဆွေးနွေးခြင်းကို ငြင်းနေရသည်မှာ ထိုတွေ့ဆုံဆွေးနွေးခြင်း ခေါင်းစဉ်သည် “၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ဖို့ အတွက် တွေ့ဆုံဆွေးနွေးလိုခြင်း” ဖြစ်နေရာ စစ်အစိုးရ၏ အမွေကို ဆက်ခံသော အစိုးရသစ်အဖို့ ခေါင်းခြောက်စရာဖြစ်နေ . . .
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ယခုနှစ် ဇန်န၀ါရီလ ၁၂ ရက်နေ့က သမ္မတ အိမ်တော်တွင် သမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်၊ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး ခေါင်းဆောင်များ၊ ပြည်နယ်၊
တိုင်းများမှ တိုင်းရင်းသားရေးရာ ၀န်ကြီးများ၊ နိုင်ငံရေးပါတီ ခေါင်းဆောင်များ ၏ တွေ့ဆုံပွဲနှင့် ပတ်သက်ပြီး ဇန်န၀ါရီလ ၁၃ ရက်တွင် NLD ပါတီ က သဘောထား ထုတ်ပြန်ခဲ့သည်။ ထို ၄၈ ဦး တွေ့ဆုံပွဲမှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု ဆက်လက် ဖြစ်ထွန်းရေး၊ ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပနိုင်ရေး၊ ၂၀၁၅ တွင် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲများ ကျင်းပနိုင်ရေးတို့ကို အခြေခံဆွေးနွေးဖို့ သမ္မတက တင်ပြခဲ့သဖြင့် သွားရောက် တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။ ထိုဆွေးနွေးပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က တင်ပြခဲ့ရာတွင် ပြုပြင်ပြောင်းလဲမှုများ ရပ်တန့်နေခြင်းမှာ ““(၁) ပြုပြင်ပြောင်းလဲလိုသော ဆန္ဒ အားနည်းခြင်း (၂) ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးနှင့် ပတ်သက်၍ ပြည်ထောင်စု အစိုးရက ဆန္ဒထက်သန်မှု မရှိခြင်း [ဤကိစ္စနှင့် ပတ်သက်၍ ပြည်သူလူထု၏ ဆန္ဒကို အလေးထားမှု အားနည်းခြင်း၊] (၃) လူတစ်ဦးချင်းစီ၏ အခွင့်အရေးများကို အလေးထား ဆောင်ရွက်မှု အားနည်းခြင်း၊ (၄) နိုင်ငံ၏ လူဦးရေအများစုဖြစ်သော တောင်သူ လယ်သမားများ၏ ရေရှည်အကျိုး ဖြစ်စေ မည့် ဆောင်ရွက်မှုများ အားနည်းခြင်း၊ (၅) ဗဟိုချုပ်ကိုင်မှု ဆက်လက်ကျင့်သုံးနေခြင်းနှင့် လွှတ်တော်နှင့် ပူးပေါင်း ဆောင်ရွက်မှု အားနည်းခြင်း၊ (၆) အဂတိ လိုက်စားမှု မထိန်းချုပ်နိုင်ခြင်း၊ (၇) တရားစီရင်ရေး မဏ္ဍိုင်ကို အုပ်ချုပ်ရေးမဏ္ဍိုင်က ၀င်ရောက် စွက်ဖက်ခြင်းနှင့် (၈)ပြည်ထောင်စု လွှတ်တော်၏ အတည်ပြုချက်နှင့်အညီ ၆ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး ဖြစ်မြောက်စေရန် ပြည်ထောင်စု အစိုးရက ယခုအထိ ဆောင်ရွက်မှုမရှိခြင်း၊
ငြိမ်းချမ်းရေး ဖြစ်စဉ်နှင့် အမျိုးသား ပြန်လည် စည်းလုံး ညီညွတ်ရေး ဆွေးနွေးပွဲများကို တစ်ပြိုင်နက် ညှိနှိုင်း ဆောင်ရွက်သင့်ကြောင်း၊ ငြိမ်းချမ်းရေးဖြစ်စဉ်ကို အကြောင်းပြုပြီး ၆ ပွင့်ဆိုင် တွေ့ဆုံရေးလို အမျိုးသား ပြန်လည် ညီညွတ်ရေး ဆွေးနွေးပွဲများကို ရှောင်ရှားခြင်းမျိုး မဖြစ်သင့်ကြောင်း””၊ ဒေါ်အောင်ဆန်းစုကြည်က ဆွေးနွေးခဲ့သည်ဟု NLD ၏ ထုတ်ပြန်ချက်တွင် ပါရှိလေသည်။ ဆက်လက်၍ လွတ်လပ်ပြီး တရားမျှတသော ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲများ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး၊ မြင်သာသော အသွင်ပြောင်းမှု နိုင်ငံရေး လုပ်ငန်းစဉ်များ ပေါ်ပေါက်ရေးအတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြည်သူများ၏ ဆန္ဒနှင့်အညီ ပြုပြင်ပြောင်းလဲရေးမှာ အရေးအကြီးဆုံး လိုအပ်ချက်ဖြစ်သည်။ ပြည်ထောင်စု ရွေးကောက် ပွဲ ကော်မရှင်က စည်းမျဉ်းစည်းကမ်း ဥပဒေနှင့် မကိုက်ညီသော အပြုအမူ၊ အပြောအဆိုများကို ထိရောက်စွာ ဟန့်တား ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ အုပ်ချုပ်ရေး အာဏာပိုင်များက နိုင်ငံရေး ပါတီများအပေါ် ဘက်လိုက်ခြင်းများ ရပ်တန့်ရန် လိုအပ်သည်ဟု NLD ၏ ထုတ်ပြန်ကြေညာချက်၌ ပါရှိလေသည်။
ဇန်န၀ါရီ ၁၂ရက်နေ့က တွေ့ဆုံသော ၄၈ ဦး တွေ့ဆုံပွဲမှာ ယခင်တွေ့ဆုံခဲ့သော ၁၄ ဦးတွေ့ဆုံပွဲနှင့် သိသိသာသာ ထူးခြား တိုးတက်သည်ဟု မဆိုနိုင်ပေ။ သမ္မတက အကြောင်းအရာ ၃ ခုကို အခြေခံဆွေးနွေးရန် ကြိုတင် အချက်အလက် ပေးလိုက်သည်ကသာ ထူးခြားမှုရှိ၏။ မတူသည့် သဘောထားများကို ဆွေးနွေးခြင်း၊ လက်ခံခြင်း၊ လက်မခံခြင်း၊ အတည်ပြုခြင်း သဘောထားများ မပါဝင်ပေ။ ၄ ပွင့်ဆိုင် တွေ့ဆုံရေးကို ဒေါ်အောင်ဆန်းစုကြည် စတင်တောင်းဆိုစဉ်က သမ္မတနှင့် ကာကွယ်ရေး ဦးစီးချုပ်က ၄ ပွင့်ဆိုင် တွေ့ဆုံဖို့မှာ ဘောင်ကျဉ်းသည်။ နိုင်ငံရေးပါတီ ၆၅ ပါတီစလုံး ပါဝင် ဆွေးနွေးမှသာ ဒီမိုကရေစီကျသည်ဟု အကြောင်းပြကာ ငြင်းဆိုခဲ့၏။ ထိုသို့ ငြင်းဆို လိုက်ခြင်းမှာ ယခင်စစ်အစိုးရ ကာလတစ်လျှောက်လုံး စစ်အာဏာရှင်များက တွေ့ဆုံ ဆွေးနွေးရေးကို ငြင်းဆိုခဲ့သည်နှင့် ဘာမျှထူးခြား ပြောင်းလဲခြင်း မရှိပေ။ ယခင်က ဒေါ်အောင်ဆန်း စုကြည်နှင့် တွေ့ဆုံခဲ့ခြင်းမှာလည်း စကားပြောဆို ဓာတ်ပုံရိုက် မီဒီယာများထံ ချပြကာ တွေ့ဆုံ ဆွေးနွေးသည့် သဘော သက်ရောက်အောင် ဗိုလ်သန်းရွှေ၊ ဗိုလ်မောင်အေး၊ ဗိုလ်ခင်ညွန့်တို့က ဒေါ်စုနှင့် တွေ့လိုက်သည်ဟု အဆုံးသတ်ကာ နောက်ဆုံး နေအိမ်အကျယ်ချုပ် ချလိုက်ပါသည်။ ဘာမှ မည်မည်ရရ ဆွေးနွေးခဲ့ခြင်း မရှိသော ကြောင့် တိုင်းပြည်မှာ အနာကြီးနာခဲ့ရပါသည်။ ထိုကဲ့သို့ တွေ့ဆုံ ဆွေးနွေးခြင်းများသည် ဒီမိုကရေစီ ပြောင်းလဲရေးအတွက် ညှိနှိုင်း မရခဲ့သဖြင့် အနှစ် ၂၀ ကျော်၊ ၃၀ နီးပါး ပြည်သူများ ဒုက္ခပင်လယ်ဝေခဲ့ရခြင်း ဖြစ်လေသည်။ ၁၄ ပွင့်ဆိုင် တွေ့ဆုံရေးသည် ၄ ပွင့်ဆိုင် တွေ့ဆုံရေးအား ပြည်သူလူထုကိုရော၊ ကမ္ဘာကိုရော မျက်စိလည်အောင် ထိုးနှက်ခြင်းဖြစ်သလို ယခု ၄၈ ဦး တွေ့ဆုံပွဲမှာ လွှတ်တော်က တစ်ခဲနက် တောင်းဆို ခဲ့သော ၆ ပွင့်ဆိုင် တွေ့ဆုံရေးကို တန်ပြန်လိုက်ခြင်းဖြစ်သည်ဟု နိုင်ငံရေး အကဲဖြတ်သူများက သုံးသပ် ကြသည်။ တိုက်ဆိုင်မှုပင် ဆိုဆို၊ ရည်ရွယ်ချက်ရှိရှိပင် လုပ်လုပ်၊ ပြည်ထောင်စု လွှတ်တော်က တညီ တညွတ်တည်း တောင်းဆိုသော ၆ ပွင့်ဆိုင် တွေ့ဆုံရေးကို အစိုးရနှင့် စစ်တပ်ကလက်ခံပြီး ခေါင်းညိတ်ခြင်းမ ပြုခဲ့သဖြင့် ၆ ပွင့်ဆိုင်ကို လက်မခံဟု လူထုက ယူဆနေကြပါသည်။ ထို့ကြောင့် ၄၈ ဦး တွေ့ဆုံပွဲမှာ ၆ ပွင့်ဆိုင် တွေ့ဆုံမှုကို ထိုးနှက်လိုက်ခြင်းများ ဖြစ်နေသလားဟု သံသယ ဖြစ်လာကြပါသည်။
စင်စစ်အားဖြင့် ယခင်စစ်အစိုးရ၏ တာဝန်ကို ယူလာရသော ယခုအစိုးရသစ်အဖို့ တွေ့ဆုံဆွေးနွေးခြင်းကို ငြင်းနေရသည်မှာ ထိုတွေ့ဆုံ ဆွေးနွေးခြင်း ခေါင်းစဉ်သည် “၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ဖို့ အတွက် တွေ့ဆုံ ဆွေးနွေးလိုခြင်း” ဖြစ်နေရာ စစ်အစိုးရ၏အမွေကို ဆက်ခံသော အစိုးရသစ်အဖို့ ခေါင်းခြောက်စရာ ဖြစ်နေရ ပါတော့သည်။ ထိုခေါင်းစဉ် မဟုတ်ဘဲ ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေး လိုပါသည်၊ သို့မဟုတ် စီးပွားရေး ပြုပြင် ပြောင်းလဲရေးအတွက်၊ ဒီမိုကရေစီ တည်ဆောက် ရေးအတွက် စသည်စသည်ဖြင့် တခြား အကြောင်း အရာများနှင့် ပတ်သက်ပြီး တွေ့ဆုံဆွေးနွေး လိုပါသည်ဆိုလျှင် သမ္မတနှင့် ကာကွယ်ရေး ဦးစီးချုပ်တို့က လွယ်ကူစွာပင် လက်ခံကြပေမည်။ ယခုမူ သူတို့ မတို့ရဲ၊ မထိရဲသော ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်ဖို့ ဖြစ်သဖြင့် တွေ့ဆုံ ဆွေးနွေးဖို့ ကို ငြင်းဆန်နေကြခြင်းဖြစ်၏။ ထို့ကြောင့် ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးမှာ အလွန် ခက်ခဲသော ကိစ္စဖြစ်သည်ကို နားလည် သဘောပေါက်ဖို့ လိုလေသည်။ သို့သော် ဒီမိုကရေစီ အင်အားစုများ အနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးမှာ မဖြစ်မနေ အောင်မြင်အောင် လုပ်ရမည့်အလုပ် ဖြစ်နေပါသည်။ ယခင် စစ်အစိုးရနှင့် ပတ်သက်သူများက ၂၀၀၈ ဖွဲ့စည်းပုံကို အကန့်အသတ်များဖြင့် ဒီမိုကရေစီ လမ်းကြောင်း ကို သွားလိုကြ၏။
ထို့ကြောင့်လည်း စည်းကမ်းပြည့်ဝသော ဒီမိုကရေစီတို့၊ လမ်းညွှန်ဒီမိုကရေစီတို့ စသော သတ်မှတ်ချက်များဖြင့် ဒီမိုကရေစီကို ပုံဖော်နေကြပါသည်။ ဒီမိုကရေစီ လိုလားသူများကမူ အာဏာကို ပြည်သူကသာ ချုပ်ကိုင်ရမည်။ အာဏာကို ပြည်သူ့ထံကသာ သွားရမည်။ ပြည်သူ့အစိုးရဖြစ်ရမည်။ ထိုအစိုးရကို ပြည်သူက ရွေးချယ် တင်မြှောက် ရမည်ဆိုသည့် ဒီမိုကရေစီ ထုံးတမ်းစဉ်လာအတိုင်း၊ လွှတ်တော်တွင်လည်း ပြည်သူရွေးချယ် တင်မြှောက်သည့်အတိုင်း ခွဲတမ်းနှင့် မဟုတ်ဘဲ ပြည်သူက ရွေးချယ် တင်မြှောက်သော လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်ရပေမည်။ အစိုးရအဖွဲ့ကို လွှတ်တော်က ဖွဲ့စည်းခွင့်ရှိသည်။ ခွဲတမ်းဖြင့် တက်လာသော ကိုယ်စားလှယ် ဟူ၍မရှိပေ။ ထိုအခါတွင် ၂၀၀၈ ဖွဲ့စည်းပုံကို ကာကွယ် လိုသူများနှင့် ဖွဲ့စည်းပုံကို ဖျက်သိမ်း ပြင်ဆင်လိုသူများကြား ပဋိပက္ခ ဖြစ်လာရသည်မှာ အဆန်းမဟုတ်တော့ပေ။ လက်ရှိအစိုးရတွင် ပါဝင်နေသူများ၊ စစ်တပ်ကို ဦးဆောင်နေသူများအဖို့ စစ်အစိုးရက အစိုးရသစ်ကို ပြောင်းပေးတော့မည် ဆိုသောအခါတွင် အကျိုးစီးပွား ကာကွယ်ရေးအတွက် ကတိသစ္စာပြု၊ အာမခံချက်များ ပေးခဲ့ရလေသလားမသိပေ။ ထိုသို့ တစ်ဖက်နှင့် တစ်ဖက် သံသယစိတ်များ ရှိနေလျှင် ညှိနှိုင်းဆွေးနွေးသည်က အကောင်းဆုံး ဖြစ်ပေမည်။ ၂၀၀၈ ဖွဲ့စည်းပုံမှာ ပြင်မှဖြစ်မည့် ဖွဲ့စည်းပုံ၊ လူထုကိုလည်း အခြေမခံသော ဖွဲ့စည်းပုံဟု အထိုက်အလျောက် သဘောပေါက် လက်ခံမည်ဆိုလျှင် ဘယ်ဟာပြင်မည်၊ ဘယ်ဟာမပြင်၊ ဘယ်တော့ ပြင်မည်၊ ဘယ်လိုပြင်မည် စသည်ဖြင့် ညှိနှိုင်းဆောင်ရွက်လျှင် ပြဿနာ အတော်များများကို ဖြေရှင်းနိုင်ကြပေမည်။ ထိုဖြေရှင်းချက်မှာ လူတစ်အုပ်တစ်မကြီးနှင့် ဖြေရှင်း၍ မရပေ။ လူများပြီး ပွဲမစည်သည့် သင်ခန်းစာကိုလည်း သမိုင်းတွင် ရရှိခဲ့ကြပြီး ဖြစ်ပါသည်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၊ တိုင်းရင်းသား နိုင်ငံရေးပါတီများ ကလည်း ထိုက်သင့်သော သူတို့ကို ကိုယ်စားပြုသည့် ကိုယ်စားလှယ် ၁ ဦး၊ ၂ ဦး ပေးလိုက်လျှင် လက်ခံကြမည်ဖြစ်သည်။ ယခုဆိုလျှင် ဖက်ဒရယ် ပြည်ထောင်စု၊ ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်၊ တန်းတူညီမျှခွင့်၊ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် စသည်တို့မှာ တိုင်းရင်းသားတို့၏ အာသီသပြင်းပြသော ဆန္ဒများ ဖြစ်ပါသည်။ လက်နက်ကိုင် တပ်ဖွဲ့ အားလုံးကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ကိုယ်စားပြုသည်။ တစ်နိုင်ငံလုံး အုပ်ချုပ်မှု အားလုံးကို သမ္မတက ကိုယ်စားပြုသည်။ လွှတ်တော်များကိုလည်း လွှတ်တော်ဥက္ကဋ္ဌက ကိုယ်စားပြုသည်။ ဒီမိုကရေစီ လှုပ်ရှားမှု အားလုံးကို ဒေါ်အောင်ဆန်း စုကြည်က ကိုယ်စားပြုသည် ဆိုသည်ကို ငြင်းမရပေ။ ထို့ကြောင့် ၄၈ ဦး တွေ့ဆုံပွဲသည် သင်္ကြန်အမြောက်များလို ဖြစ်နေသည်ဟု ဆိုရပေသည်။ ထို့ ကြောင့် ၆ ပွင့်ဆိုင် တွေ့ဆုံရေးကို အမြန်ဆုံး အကောင်အထည်ဖော်ဖို့ လိုအပ်ပါတော့သည်။
မြန်မာသံတော်ဆင့်သတင်းဌာန – http://www.facebook.com/myanmarherald
No comments:
Post a Comment