~~~~~~~~~~~~~~~~~~~~~~~~~~
လက်ရှိဖြစ်ပေါ်နေသည့် မြန်မာ့နိုင်ငံရေး အကျပ်အတည်းများ ကို ဖြေရှင်းနိုင်ရန်အတွက် ပြည်ထောင်စု လွှတ်တော်က တောင်းဆိုထားသော သမ္မတ၊ လွှတ်တော်နှစ်ရပ်ဥက္ကဋ္ဌ၊
ကာကွယ်ရေးဦးစီးချုပ်၊ ဒေါ်အောင်ဆန်း စုကြည်နှင့် တိုင်းရင်းသား ကိုယ်စားလှယ်တစ်ဦးတို့ ပါဝင်သည့် ၆ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးနှင့် ပတ်သက်၍ သမ္မတ ဦးသိန်းစိန်က ဇန်န၀ါရီလ ၁၉ ရက်တွင် လွှတ်တော်သို့ ပြန်လည် အကြောင်းကြားခဲ့သည်။
ယင်းသို့ အကြောင်းပြန်ကြားရာ၌ ““စုပေါင်း ညှိနှိုင်းဖြေရှင်းသည့် သဘောတရား”” ကို အခြေခံထားပါသဖြင့် မိမိအနေဖြင့် ကြိုဆိုပါသည်ဟု ပါရှိသော်လည်း ““တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အကျိုးသက်ရောက်မှု ရှိသည့်ကိစ္စရပ်အပေါ် လွှတ်တော် ကိုယ်စားလှယ်များ၊ အစိုးရအဖွဲ့နှင့် တပ်မတော်တို့မှ တာဝန်ရှိသူများ သာမက ပါဝင်သင့် ပါဝင်ထိုက်သူများ ပါဝင်ရေး လိုအပ်မည်”” ဟုလည်း ပါရှိသည်။
ထိုသို့ သမ္မတ၏ ပြန်ကြားချက်မှာ ၆ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးကို သွယ်ဝိုက်သည့် နည်းဖြင့် ငြင်းဆို လိုက်ခြင်းဖြစ်ကြောင်း ဝေဖန်မှုများ ထွက်ပေါ်လာခဲ့ပြီး နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲအား အဓိကကျပြီး ဆုံးဖြတ်ချက် ပေးနိုင်မည့်သူများဖြင့်သာ စတင်သင့်ကြောင်းလည်း သုံးသပ်မှုများလည်း ထွက်ပေါ်ခဲ့သည်။ ယင်းဝေဖန် သုံးသပ်မှုများနှင့် ပတ်သက်၍ နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များ၏ ဝေဖန် သုံးသပ်မှုများကို စုစည်း၍ မြန်မာသံတော်ဆင့်မှ ဖော်ပြလိုက်ပါသည်။
ရှိန်းဝေနောင်
● ဦးအေးသာအောင် (ညီညွတ်သော တိုင်းရင်းသားများ မဟာမိတ်အဖွဲ့- UNA)
မြန်မာ့နိုင်ငံရေး အကျပ်အတည်း၊ နိုင်ငံရေးပြဿနာကို ဖြေရှင်းဖို့ဆိုတဲ့ နေရာမှာ အဓိက က တွေ့ဆုံဆွေး နွေးရေးနဲ့ ဖြေရှင်းတာက အကောင်းဆုံး ပဲ။ တွေ့ဆုံ ဆွေးနွေးရေးဆိုတဲ့ နေရာမှာလည်းပဲ ပါဝင်သင့် ပါဝင်ထိုက်တဲ့ အဖွဲ့အစည်းအားလုံး လိုအပ်တယ်။ ပထမအဆင့်မှာတော့ အပစ်ရပ်ထားတဲ့ အဖွဲ့အစည်းတွေရဲ့ ခေါင်းဆောင်ပိုင်းတွေ တွေ့ဆုံဆွေးနွေးဖို့ လိုတယ်။ ပြီးတော့ အဓိကကျတဲ့ ခေါင်းဆောင်ပိုင်း ဆိုတဲ့နေရာမှာ ကျတော့ အခုန တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ နိုင်ငံတော်သမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌ၊ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်၊ တိုင်းရင်းသား ကိုယ်စားလှယ်ထဲမှာတော့ ကျွန်တော်တို့ ဖြစ်စေချင်တာက တိုင်းရင်းသား လူမျိုးကလည်း များတယ်။ အဲဒါကြောင့် များတဲ့အတိုင်း အရေအတွက် အများကြီးပါဖို့တော့ မလိုဘူး။ သင့်တင့်လျှောက်ပတ်တဲ့ ကိုယ်စားလှယ် တစ်ယောက်မကတော့ ပါသင့်တယ်။ နောက်လက်ရှိ ပထမအဆင့်မှာ ဆွေးနွေးပြီးတော့ ဖြေရှင်းဖို့ လိုမယ်။ နောက်ပိုင်း နောက်ပိုင်း နိုင်ငံရေး ဆွေးနွေးပွဲတွေမှာတော့ ပါသင့်ပါထိုက်တဲ့ အဖွဲ့အစည်း၊ ပုဂ္ဂိုလ်တွေ ပါဖို့လိုမယ်။ ဒီနေရာမှာ ကျွန်တော် တစ်ခု ပြောချင်တာက အရေအတွက်ထက်၊ ဘယ်နှပွင့် ဆိုတာထက် တကယ့် မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းလိုတဲ့ ဆန္ဒ သဘောထား ပိုအရေးကြီးတယ်။ ဘယ်နှပွင့်ပဲဖြစ်ဖြစ် လက်ရှိမြန်မာ့ နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းဖို့ ရည်ရွယ်ချက် မရှိဘဲနဲ့ တွေ့ရုံ သက်သက်၊ ဆွေးနွေးရုံသက်သက် တွေ့တာမျိုးကတော့ ဘယ်နှပွင့်ပဲ တွေ့တွေ့ အဓိပ္ပာယ်မရှိဘူး။ အကျိုးသက်ရောက်မှု မရှိနိုင်ဘူး။ ဒါ ကြောင့် တွေ့ဆုံ ဆွေးနွေးပွဲဆိုတဲ့ နေရာမှာ အဓိက နိုင်ငံရေး ပြဿနာတွေ ကို ဖြေရှင်းဖို့ ရည်ရွယ်ချက်၊ ဦးတည်ချက်ပါရမယ်။ အဲဒီပြဿနာတွေ ကို ပြေလည်အောင် ဖြေရှင်းမယ့် သဘောထားပါဖို့ လိုမယ်လို့ ပြောချင်ပါတယ်။
● ဦးဉာဏ်ဝင်း (ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်- NLD ပါတီ)
ကျွန်တော်တို့က ၆ ပွင့်ဆိုင်မှာ ပါတဲ့ပုဂ္ဂိုလ်တွေ။ သမ္မတရော၊ လွှတ်တော် နှစ်ရပ်ရော ဘာရော အားလုံး။ အဲဒီိဟာတွေဟာ တစ်ပြည်လုံး အတိုင်းအတာနဲ့ ၀င်ဆံ့တယ်လို့တော့ ကျွန်တော်တို့က ယူဆတယ်လေ။ သီးခြားနောက်ထပ် အားလုံး ပါဝင်အောင်ဆိုတဲ့ အဓိပ္ပာယ်ကို အန်ကယ်လ်တို့ ယူလို့မရပါဘူး။ ဒါအားလုံးနဲ့ ဆိုင်တဲ့၊ အားလုံးနဲ့ အကျုံးဝင်တဲ့ ပုဂ္ဂိုလ်များဖြစ်တဲ့အတွက် တစ်နိုင်ငံလုံးနဲ့ အားလုံး ပါဝင်နိုင်တဲ့ အခြေအနေလို့ အဲဒီအတိုင်းပဲ အန်ကယ်လ်တို့ ယူဆတယ်။ ဒီကိစ္စတွေက အားလုံးပါဝင်တဲ့ လူတွေပေါ့။ ပါဝင်တဲ့ လူတွေ အားလုံးက စေတနာ အရေးကြီးပါတယ်။ ဒီတိုင်းပြည်အတွက် စေတနာထားမယ် ဆိုရင် အောင်မြင်မှာပါ။ လူနည်းတာ၊ များတာထက်ကို စေတနာပါဖို့ကလည်း အရေးကြီးတယ်။
● ဦးခွန်ထွန်းဦး (ဥက္ကဋ္ဌ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် – SNLD ပါတီ)
လွှတ်တော်တစ်ခုတည်း ဘာလုပ်လို့ရမလဲ။ အကုန်လုံးပါရမှာပေါ့။ အပြင်က လူတွေနဲ့ ပေါင်းပြီး လုပ်ရမယ့် ကိစ္စပဲဟာ။ အပြင်မှာလည်း တတ်သိတွေ အများကြီးပဲဟာ။ လွှတ်တော် တစ်ခုတည်းနဲ့ ဘာလုပ်လို့ရမှာလဲ။ လွှတ်တော်ကလည်း ပြောရရင် ကျွန်တော်ပါ ထောင်ထဲ ပြန်ဝင်ရမယ်။ လွှတ်တော်က အစိုးရက လက်မခံရင် အကုန်လုံး ပြန်ဖျက်ရတာချည်းပဲ။ ဥပဒေပြုရမယ့်နေရာကို ဒီလူတွေရောက်နေတာ ဘယ်လိုလုပ် ဥပဒေပြုလို့ ရမလဲ။ တိုင်းပြည်က အကျပ်အတည်း တွေ့နေတာ အဲဒီဟာပဲလေ။ ဒီလွှတ်တော် တစ်ခုတည်းတော့ မပြီးဘူး။ အခုလူတွေက အမျိုးမျိုးဖြစ်နေတာ။ ကျွန်တော်တို့လည်း နားမလည်ဘူး။
● ပဒိုမန်းငြိမ်းမောင် (ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်၊ ကရင်အမျိုးသားအစည်းအရုံး၊ KNU )
၆ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးကတော့ ကျွန်တော်တို့ တိုင်းရင်းသားဘက်က ခေါင်းဆောင်တစ်ယောက်၊ ပုဂ္ဂိုလ် တစ်ယောက်အနေနဲ့ ပြောရရင် မပြည့်စုံဘူးလို့ ထင်ပါတယ်။ ဘာဖြစ်သလဲ ဆိုလို့ရှိရင် အဲဒီမှာ တိုင်းရင်းသား ကိုယ်စားလှယ်တစ်ယောက် ရွေးထားတာ ရှိပါတယ်။ အဲဒီတိုင်းရင်းသား ကိုယ်စားလှယ်က ဥပမာ ဆိုပါတော့ဗျာ …။ ကျွန်တော်တို့ ကရင့်တော်လှန်ရေး၊ ကရင့်အဖွဲ့အစည်း၊ ကရင်ခေါင်းဆောင်တွေနဲ့ တစ်ခါမှ ထိတွေ့ ဆက်ဆံဖူးတာ မရှိပါဘူး။ ထိတွေ့ ဆက်ဆံဖူးတာ မရှိတော့ တိုင်းရင်းသားတွေကို ကိုယ်စားပြုတယ် ဆိုလို့ရှိရင် လုံလောက်တယ်လို့၊ ပြည့်စုံတယ်လို့ ကျွန်တော်တို့က အဲဒီလိုမမြင်ပါဘူး၊ မယူဆဘူး။ အဲဒီတော့ တိုင်းရင်းသားတွေကို ကိုယ်စားပြုတဲ့ ခေါင်းဆောင် တစ်ယောက်က၊ ပုဂ္ဂိုလ်တစ်ယောက်က တိုင်းရင်းသား အကုန်လုံးနဲ့ ထိတွေ့ဆက်ဆံဖူးတာ မရှိတဲ့အတွက် တိုင်းရင်းသားတွေရဲ့ ခံစားချက်၊ လိုအပ်ချက်၊ ဖြစ်ပေါ် တိုးတက်မှုတွေကို ပြည့်ပြည့်စုံစုံ သိနိုင်မယ်လို့ မထင်ပါဘူး။ ယေဘုယျလောက်ပဲ သိနိုင်မှာပါ။ ယေဘုယျ လောက်ပဲ ကိုယ်စားပြုနိုင်မှာဆိုတော့
● ဒေါက်တာတူးဂျာ (ဥက္ကဋ္ဌ၊ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ)
တွေ့ဆုံဆွေးနွေးပွဲဆိုတာ အရေးကြီးတာ ထိရောက်မှုရှိဖို့ပါပဲ။ တိုင်းပြည်မှာ တကယ်လိုအပ်တဲ့ အကြောင်းအရာ တွေကို ထိထိမိမိ ဆွေးနွေးနိုင်ဖို့က လူပုဂ္ဂိုလ် ရွေးချယ်တာက ထိထိမိမိ ဆွေးနွေးနိုင်ဖို့၊ အဖြေကောင်းရရှိဖို့ သင့်တော်တဲ့ ပုဂ္ဂိုလ်ရွေးဖို့ လိုတာပေါ့နော်။ ရွေးတဲ့ နေရာမှာတော့ လွှတ်တော်လည်း ပါသင့်ပါထိုက်တဲ့ လူလည်းပါ၊ အပြင်က လူလည်းပါပေါ့။ အပွင့်ကိုတော့ အန်ကယ်လ်က သိပ်မပြောချင်ဘူးနော်။ အရေးကြီးတာ လူပုဂ္ဂိုလ်သာ အဓိကကျတယ်။ ထိထိမိမိပေါ့နော်။ အကျိုးရှိရှိ တင်ပြနိုင်မယ့်၊ ဆုံးဖြတ် နိုင်မယ့် ပုဂ္ဂိုလ်တွေ ပေါ့နော်။ အဲဒီလို ပုဂ္ဂိုလ်တွေ ဆုံကြရင်တော့ ကောင်းတာပေါ့။ အန်ကယ့်လ် သဘောထား ပြောဆို ရင်တော့ ဘယ်တစ်ဦး၊ ဘယ်သူဆိုတဲ့ဟာက အဓိကမကျဘူးပေါ့။ ဘယ်အဖွဲ့က၊ ဘယ်ဟာတွေက အဓိကမကျဘူး။ အရေးကြီးတာက တစ်တိုင်းပြည်လုံးက ဆွေးနွေးတဲ့နေရာမှာ ထိထိမိမိ ဆွေးနွေးနိုင်ဖို့၊ အဖြေကောင်း ရလဒ် ကောင်းရဖို့ အရေးကြီးတယ်လို့ မြင်တယ်။
● ဒေါက်တာရန်မျိုးသိမ်း (မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ)
ကျွန်တော့်အမြင်ကတော့ လက်ရှိတိုင်းပြည်ရဲ့ အခြေအနေက နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးပြီး အဖြေရှာဖို့ အရေးတကြီး လိုအပ်နေတဲ့ အခြေအနေလေ။ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေး အဖြေရှာပြီးတော့ ယေဘုယျ သဘောတူညီချက် တစ်ခုကို ရပြီးတဲ့ အခါကျတော့မှ အဲဒီ သဘောတူညီချက် အပေါ်မှာ မူတည်ပြီးတော့မှ နိုင်ငံရေးအရ လမ်းပြမြေပုံတစ်ခုကို အသစ်ရေးဆွဲဖို့ လိုအပ်နေတဲ့ အခြေအနေလို့ မြင်တယ်။ အဲဒီနေရာမှာ ဘယ်လိုလူမျိုးတွေနဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုကို စမလဲဆိုတဲ့ ပြဿနာကကျတော့ အစ်ကို့အမြင် ကတော့ နည်းနည်းနဲ့ ကျဲကျဲဝိုင်းတာက အကောင်းဆုံးပဲ လို့မြင်တယ်။ ဥပမာ နိုင်ငံရေးမှာ ကိုယ်စားပြုမှု အရပေါ့လေ။ သော့ချက်ကျတဲ့ပုဂ္ဂိုလ်၊ ၁၀ ဦးထက်မပိုတဲ့ ပုဂ္ဂိုလ်တွေ တွေ့ ဆုံ ဆွေးနွေးပြီးတော့ နိုင်ငံရေးအရ သဘောတူညီချက် တစ်ခုရအောင်လုပ်တာ လက်တွေ့ကျမယ်လို့ မြင်တယ်။ လူများပြီး ပွဲမစည်တဲ့ သဘောမျိုး၊ ငါးသိုင်းများပြီး ဟင်းဟုန်တဲ့ သဘောမျိုး ဖြစ်မယ်ဆိုရင် တိုင်းပြည် နဲ့ ပြည်သူလူထုအတွက် ပိုပြီးနစ်နာမယ်လို့ မြင်တယ်။ အဲဒီအခါကျတော့ ဥပမာ ဒေါ်အောင်ဆန်းစုကြည် နဲ့ ပြည်ထောင်စု လွှတ်တော်က အဆိုပြုတဲ့ ၆ ဦး တွေ့ဆုံဆွေးနွေးမှုထက် ၂ ယောက်၊ ၃ ယောက်လောက်ပိုတဲ့၊ အဲဒီလို ပိုထည့်လိုက်တဲ့ လူတွေဟာလည်းပဲ တကယ်တိုင်းရင်းသားတွေထဲမှာ တကယ်ကိုယ်စားပြုနိုင်တဲ့ လူမျိုးတွေ ဖြစ်ဖို့လိုတယ်လို့ မြင်တယ်။ အဲဒီလို ပုံစံမျိုးကသာလျှင် တိုင်းပြည်နဲ့ ပြည်သူလူထုအတွက် တကယ်အကျိုးရှိမယ့် နည်းလမ်းကြောင်းပဲလို့ ထင်တယ်။
မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/

No comments:
Post a Comment