![]() |
ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ Sheik Istana ဟိုတယ်တွင် မေ ၂၉ရက်က တွေ့ဆုံမှုအပြီး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း နှင့် RCSS ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ယွက်ဆစ်တို့ကို တွေ့ရစဉ်။ (ဓာတ်ပုံ-ဖနိဒါ) |
ချင်းမိုင် (မဇ္ဈိမ) ။ ။ ရှမ်းပြည်ပြည်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ယွပ်ဆစ်နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးလုပ်ငန်းဖော်ဆောင်ရေးကော်မတီ (UPWC) ဒုဥက္ကဋ္ဌ ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော အဖွဲ့တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ Sheik Istana ဟိုတယ်တွင် မေ ၂၉ရက်က တစ်နာရီကျော်ကြာ တွေ့ဆုံရာတွင် လော်ခီးလာညီလာခံသို့ RCSS တက်ရောက်သင့်ကြောင်း ဝန်ကြီးဦးအောင်မင်းက တိုက်တွန်းခဲ့သည်ဟု ဆိုသည်။
ပြည်ထောင်စုငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်းကော်မတီ (UPWC)၏ ဒုတိယ ဥက္ကဋ္ဌ ဦးအောင်မင်းက RCSSကို တိုက်တွန်းချက်အား RCSSကလည်း ပြန်လည်သုံးသပ်မည်ဟု ဆွေးနွေးခဲ့သည်ဟု မြန်မာ့ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး ဗဟိုဌာန (MPC)၏ အကြီးတန်းအကြံပေး ဦးလှမောင်ရွှေက သတင်းထောက်များကို ပြောသည်။
“အဓိကတော့ သမ္မတအနေနဲ့ ရွေးကောက်ပွဲ မတိုင်မီမှာ နိုင်ငံရေး ဆွေးနွေးပွဲတွေ ဆောင်ရွက်လို တယ်ဆိုတဲ့ ကိစ္စကိုလည်း ရှင်းပြတဲ့ထဲမှာ ပါပါတယ်။ ဒါကြောင့် မလို့ ဒီ NCA လက်မှတ် ရေးထိုးဖို့ အရေးကြီးတယ်။ ကန့်သတ်တဲ့ အချိန်အတွင်းမှာ လက်မှတ်ရေးထိုးနိုင်ဖို့ကိုလည်း ဝိုင်းပြီးတော့ ကြိုးစားဖို့ ဝန်ကြီး ဦးအောင်မင်းက တိုက်တွန်းတယ်။ သူတို့လည်း အကောင်းဆုံး ပူးပေါင်းဆောင်ရွက်ပါ့မယ်လို့ ပြောတယ်”ဟု ၎င်းက ပြောသည်။
RCSS အနေဖြင့် အစိုးရ လုပ်ဆောင်နေသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်သွားရန် အဆင်သင့် ဖြစ်သည်ဟု RCSS ဥက္ကဋ္ဌ ဒု ဗိုလ်ချုပ် ယွပ်ဆစ်က ပြန်လည် ပြောဆိုခဲ့ကြောင်း RCSS၏ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလှက ပြောသည်။
"လော်ခီးလာမှာ ကျင်းပမယ့် တိုင်းရင်းသားထိပ်သီးညီလာခံအကြောင်းနဲ့ NCA မူကြမ်း ကိစ္စမှာ ကျွန်တော်တို့ RCSS အဖွဲ့ကို ထောက်ခံပေးဖို့နဲ့ NCA process မှာပါဝင်သွားဖို့။ ပြည်ထောင်စုဝန်ကြီးအဖွဲ့ကနေ လာပြီးတော့ တွေ့ဆုံဆွေးနွေးခြင်း ဖြစ်ပါတယ်"ဟုလည်း ၎င်းက ဆိုသည်။
RCSS သည် NCCT အဖွဲ့ဝင် မဟုတ်သော်လည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ကျင်းပသော ညီလာခံများတွင် လေ့လာသူအနေဖြင့် တက်ရောက်ခဲ့သော်လည်း လာမည့် ဇွန်လ ၂ ရက်မှ ၆ ရက်တွင် ကျင်းပမည့် လောခီးလာ ညီလာခံသို့ တက်ရောက်မည် မဟုတ်ကြောင်း ယခုရက်ပိုင်းက ထုတ်ဖော်ပြောဆိုထားသည်။
ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း နှင့် RCSS ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်ဆစ်တို့၏ တစ်နာရီကျော်ကြာ တွေ့ဆုံပွဲတွင် လော်ခီးလာညီလာခံကိစ္စ၊ တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ်မူကြမ်း (NCA)မူကြမ်းကို ဆွေးနွေးခြင်း နှင့် NCAကိစ္စတွင် အစိုးရက RCSSကို ထောက်ခံပေးရေး ဆွေးနွေးခဲ့သည်ဟု RCSS၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းလှက ပြောသည်။
ထို့ပြင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများက တိုက်ပွဲများ လျော့ချပေးရေး နှင့် NCA အပေါ် ပြန်လည်ပြင်ဆင်ရမည့် အချက်များ မရှိ၍ လော်ခီးလာညီလာခံအပြီး ဇွန်လမကုန်မီ NCA လက်မှတ်ထိုးနိုင်ရေး မျှော်လင့်ထားသည်ဟုလည်း အစိုးရဘက်က ဆွေးနွေးခဲ့ကြောင်း ဦးလှမောင်ရွှေက သတင်းထောက်များကို ပြောသည်။
တွေ့ဆုံဆွေးနွေးမှုတွင် RCSS ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ယွပ်ဆစ်၊ အတိုင်ပင်ခံ ဦးခွန်ဆိုင်းနှင့် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းလှတို့ အပါအဝင် ၄ ဦး တက်ရောက် ဆွေးနွေးခဲ့ပြီး UPWCဘက်မှ ဒုဥက္ကဋ္ဌ ဝန်ကြီး ဦးအောင်မင်း၊ ဒုတိယ ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ ဦးခင်မောင်ကြီး၊ ဦးသန်းဌေးတို့နှင့် မြန်မာ့ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးဗဟိုဌာန (MPC) မှ ဦးလှမောင်ရွှေ၊ ဦးမင်းဇော်ဦး၊ ဒေါက်တာ ကျော်ရင်လှိုင်၊ ဦးအောင်နိုင်ဦးနှင့် ဦးညိုအုန်းမြင့်တို့ ပါဝင်ဆွေးနွေးခဲ့သည်။
ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော ကိုယ်စားလှယ်များသည် မေလ ၂၈ ရက်က NCCT အဖွဲ့နှင့် တွေ့ဆုံကာ နိုင်ငံရေးဆွေးနွေးမူဘောင်ကိစ္စ ဆွေးနွေးခဲ့သည်။ မေလ ၂၉ ရက် ညနေပိုင်းတွင် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ခေါင်းဆောင်များနှင့် တွေ့ဆုံရန် စီစဉ်ထားသော်လည်း တွေ့ဆုံနိုင်ခြင်း မရှိခဲ့ပေ။
Credit - Mizzima News
No comments:
Post a Comment