ဂျီနီဗာ (၂၇ မေ ၂၀၁၅) ။
။ အမျိုးဘာသာသာသနာ ထိန်းသိမ်းစောင့်ရှောက်ရန် ကြိုးပမ်းသည့်
ဥပဒေကြမ်းလေးခုအနက် ပထမဆုံးဥပဒေကြမ်းဖြစ်သည့် လူဦးရေတိုးပွားမှုနှုန်း
ထိန်းညှိရေး ကျန်းမာရေးစောင့်ရှောက်မှုဥပဒေ (Population Control Healthcare
Bill) ကို ပြဋ္ဌာန်းလိုက်သည်ကို စိုးရိမ်ကြောင်း ကုလသမဂ္ဂ
လူ့အခွင့်အရေးကျွမ်းကျင်သူများက ထုတ်ဖော်ပြောကြားလိုက်ကြသည်။

ယင်းဥပဒေများမှာ အမျိုးသမီးများအပါအ၀င် လူနည်းစု လူမျိုးနှင့် ဘာသာရေးကိုသာ ဆိုးရွားစွာ ခွဲခြားဆက်ဆံခြင်းဖြစ် သည်ဟုလည်း ကုလလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးက မေလ ၂၇ ရက်နေ့ ထုတ်ပြန်ချက်အတွင်း ပြောဆို ထားခြင်းဖြစ်သည်။
"ဒီဥပဒေကြမ်းတွေက မြန်မာနိုင်ငံက လူနည်းစုတွေအပေါ် နက်နက်ရှိုင်းရှိုင်း ခွဲခြားဆက်ဆံတာ ဖြစ်စေနိုင်တဲ့ အန္တရာယ် ရှိသလို အမျိုးသမီးတွေရဲ့ အခွင့်အရေးကို လည်းလျော့ပါးစေနိုင်ပါတယ်။ " "ထောင်နဲ့ချီတဲ့ ရိုဟင်ဂျာ (ဘင်္ဂါလီ) တွေ လှေနဲ့နိုင်ငံကနေ ထွက်ပြေးနေချိန်မှာ ဒီဥပဒေပြုမှုက မှားယွင်းတဲ့ အချက်ပြမှု တခုလိုဖြစ်ပါ တယ်။" ဟု မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလအထူးကိုယ်စားလှယ် ယန်ဟီလီး ကပြောသည်။
လူနေမှုအဆင့်အတန်းမြင့်မားရန်၊ ဆင်းရဲမွဲတေမှုလျှော့ချရန်၊ ကျန်းမာရေးစောင့်ရှောက်မှု အရည်အသွေး ကောင်းမွန်ရန်၊ မိခင်နှင့် ကလေးကျန်းမာရေး တိုးတက်စေ ရန် ဥပဒေကြမ်းက ရည်ရွယ်ချက်သည်ဟု ဖော်ပြထားသော်လည်း ပြဋ္ဌာန်းသတ်မှတ်ချက်များမှာ မရေရာသည့်အပြင် ခွဲခြားဆက်ဆံမှုခံရခြင်းမှ ကာကွယ်ထားခြင်း လည်း မတွေ့ရဟု လွတ်လပ်သော လူ့အခွင့်အရေး ကျွမ်းကျင်သူများက ပြောသည်။
အသစ်ပြဋ္ဌာန်းလိုက်သည့် ဥပဒေအရ သားဆက်ခြားခြင်းအပါအ၀င် ကျန်းမာရေး အထူးစောင့်ရှောက်မှု လုပ်ငန်းများ ပြုလုပ်ပေးရန် နေရာများရွေးချယ် သတ်မှတ် လာနိုင်သည်ဟုလည်း ကုလလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရုံးက မေလ ၂၇ ရက်နေ့က ထုတ်ပြန်ပြောဆိုခြင်းဖြစ်သည်။
"မိသားစုစီမံကိန်းပြုလုပ်ဖို့ ရည်ရွယ်ချက်နဲ့ သားဆက်ခြားဖို့ အတင်းအကျပ်ပြဋ္ဌာန်းတာဟာ မျိုးဆက်ပွားကျန်းမာရေး အပါအ၀င် အမျိုးသမီးတွေရဲ့ လူ့အခွင့်အရေးတွေမှာ မမျှတတဲ့ စွက်ဖက်မှုတွေ ရှိလာပါလိမ့်မယ်။ ဒါက အမျိုးသမီး တွေရဲ့အခွင့်အရေးကို ချိုးဖောက်တဲ့အထိ ဖြစ်နိုင်ပါတယ်။" ဟု ကျန်းမာမှု အခွင့်အရေးဆိုင်ရာ ကုလအထူး ကိုယ်စားလှယ် ဒေးနီးယပ်စ်ပူရက်စ်က ပြောသည်။
အိမ်ထောင်ရှင်များအနေဖြင့် ကိုယ်ဝန်တစ်ခုနှင့် တစ်ခုအကြား ၃၆ လ သားဆက်ခြားရန် မြို့နယ်စုများကို ဥပဒေကြမ်းက စီစဉ်ခွင့် ပေးထားသည့်အပေါ်ကိုလည်း "အမျိုးသမီးတွေဟာ သူတို့ရဲ့ကလေးအရေအတွက်၊ သားဆက်ခြားတာတွေကို လွတ်လွတ်လပ်လပ်နဲ့ တာဝန်သိသိ ရွေးချယ်ခွင့်ရှိသင့်တယ်။" ဟု ၄င်းက ဆိုသည်။
လူဦးရေနှင့် ပတ်သက်၍ ဆန္ဒအလျောက် စည်းမျဉ်းစည်းကမ်းတစ်ခုကို အခြေခံသော မူဝါဒနှင့် ချဉ်းကပ်ခြင်းကသာ အမျိုးသမီးများ၏ အခွင့်အရေး၊ စီးပွားရေးနှင့် လူမှုရေး စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးအတွက် ထိရောက်သော ကာကွယ် စောင့်ရှောက်မှုများ ပြုလုပ်နိုင်မည်ဟု ကျွမ်းကျင်သူများက အလေးအနက်ပြောကြသည်။
ယင်းကဲ့သို့သော မူဝါဒများ၌ အမျိုးသမီးများအတွက် မိသားစုစီမံကိန်းနှင့် လွတ်လပ်စွာ သန္ဓေတားခွင့်၊ ကျန်းမာရေး စောင့်ရှောက်မှု၊ ပညာသင်ခွင့်၊ လိင်ပညာပေးရေးနှင့် အလုပ်အကိုင်အခွင့်အလမ်း အပါအ၀င် အာဟာရပြည့်ဝမှုတို့ ပါဝင်သင့်သည်ဟု ဖော်ပြသည်။
"အထောက်အထားတွေအရ လူဦးရေကြီးထွားမှုကို ထိန်းချုပ်ဖို့ ရည်ရွယ်တဲ့ မဟာဗျူဟာတွေပြဋ္ဌာန်းဖို့ ကြိုးပမ်းမှုတွေ ဟာ လူနည်းစုအုပ်စုတွေအပေါ် မမျှမတ ပစ်မှတ်ထားလေ့ရှိပြီး ခွဲခြားဆက်ဆံတဲ့၊ အဓမ္မဒဏ်ခတ်တာတွေ ရှိနိုင်ပါတယ်။ ဒါတွေဟာ အခြေခံအခွင့်အရေးနဲ့ လွတ်လပ်ခွင့်တွေ အထူးသဖြင့် အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေကို ဆန့်ကျင်နေပါတယ်။" ဟု ကုလလူ့အခွင့်အရေးကျွမ်းကျင်သူများက ထုတ်ပြန်ချက်အတွင်း ထည့်သွင်း ပြောကြားထားသည်။
မြန်မာပါလီမန်က လက်ခံစဉ်းစားနေသော အခြားဥပဒေကြမ်းသုံးခုဖြစ်သည့် ဘာသာကူးပြောင်းခြင်းဆိုင်ရာဥပဒေကြမ်း၊ ဗုဒ္ဒဘာသာအမျိုးသမီးများ၏ ထိမ်းမြားခြင်း ဆိုင်ရာအထူးဥပဒေကြမ်းနှင့် တစ်လင်တစ်မယားစနစ် ဥပဒေကြမ်းတို့နှင့်ပတ်သက်၍လည်း လေးလေးနက်နက် စိုးရိမ်လျက်ရှိကြောင်းဆိုသည်။
ယင်းဥပဒေကြမ်းများမှာ လူမျိုးနှင့် ဘာသာအနည်းစုအပေါ် အထူးတလည် ခွဲခြားဆက်ဆံခြင်းဖြစ်ပြီး နိုင်ငံတွင်း ရှိပြီး ဖြစ်သော တင်းမာမှုများကို မီးထိုးပေးနိုင်သည့် အလားအလာရှိသည်ဟု လူနည်းစုဆိုင်ရာ ကုလအထူးကိုယ်စားလှယ် ရီတာအစ်ဇ်ဆက်က ပြောသည်။
ဘာသာကူးပြောင်းခြင်းဥပဒေကြမ်းသည် နိုင်ငံတော်က စည်းမျည်းသတ်မှတ်သည့် စနစ်တစ်ခုကို ထူထောင်ခြင်းဖြစ်ပြီး ကူးပြောင်းမှုအတွက် ကျိုးကြောင်းပြချက်၊ မှတ်ပုံတင်ခြင်း၊ တွေ့ဆုံမေးမြန်းမှု၊ လေ့လာမှုနှင့် အတည်ပြုမှုတို့ ပါဝင်သည်။ ဘာသာကူးပြောင်းခွင့်တွင် နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေအရ ချွင်းချက်မရှိ အကာအကွယ်ပေးမှု ရှိရမည်ဟု လွတ်လပ်စွာ ကိုးကွယ်ခွင့်ဆိုင်ရာ ကုလအထူးကိုယ်စားလှယ် ဟိန်နာဘီလေဖဲလ်ကလည်း ပြောသည်။
ဗုဒ္ဓဘာသာမြန်မာအမျိုးသမီးများ၏ အထူးထိမ်းမြားမှုဆိုင်ရာဥပဒေကြမ်းက ဗုဒ္ဓဘာသာဝင်အမျိုးသမီးများကို ဘာသာခြားများနှင့် လက်ထပ်ခြင်းမှ ကာကွယ်ရန် ဖြစ် သည်။ "ဒီဥပဒေကြမ်းက ဗုဒ္ဓဘာသာဝင်အမျိုးသမီးတွေရဲ့ လက်ထပ်မှုအခွင့်အရေးကို ကန့်သတ်လိုက်ခြင်းနဲ့ အမျိုးသမီးတွေကို ခွဲခြားဆက်ဆံတာပါ။ ဘာသာခြားနဲ့ လက်ထပ်ချင်တဲ့ အဲဒီအမျိုးသမီးတွေအပေါ် ကန့်သတ်မှုတွေ လုပ်လိုက်တာပါ။" ဟု အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံမှုဆိုင်ရာ အလုပ်အဖွဲ့ အကြီးအကဲ အဲမ်နာအောင်းယစ်ဂ်ျက ပြောသည်။
လက်တွေ့အားဖြင့် ယင်းဥပဒေကြမ်းက ဗုဒ္ဓဘာသာမဟုတ်သည့် အမျိုးသားများအပေါ် မမျှတသည့် ပြစ်ဒဏ်များ ချမှတ်ခြင်းဖြင့် ဗုဒ္ဓဘာသာဝင်အမျိုးသမီးများနှင့် ဘာသာခြားအမျိုးသမီးများ လက်ထပ်မှုများကို ဟန့်တားရာ ရောက်နေသည်။ ထို့အပြင် ယင်းဥပဒေအရ အတူနေစုံတွဲ တစ်တွဲတွင် အမျိုးသမီးက ဗုဒ္ဓဘာသာဖြစ်ပြီး အမျိုးသားက ဘာသာခြားဖြစ်လျင် လက်ထပ်ထားသည်ဟု ယူဆထားသည်။
တစ်ဘက် သို့မဟုတ် နှစ်ဘက်စလုံးက လက်ထပ်ရန် ဆန္ဒမရှိလျင်လည်း တရားရုံးက အဓမ္မလက်ထပ်စေမည်ဖြစ်သည်။ ယင်းသို့ပြုမူခြင်းက မိမိဆန္ဒအပြည့်အ၀ဖြင့် လက်ထပ်မှုပြုနိုင်သည့် အခွင့်အရေးကို ကြီးမားစွာ စွက်ဖက်ခြင်း ဖြစ်သည်ဟု ဆိုသည်။
အိမ်ထောင်ရေးဖောက်ပြန်မှုကို ပြစ်မှုစာရင်းသွင်းသော ဥပဒေများ ပြဋ္ဌာန်းခြင်းသည် အမျိုးသမီးများအပေါ် ခွဲခြား ဆက်ဆံမှုနှင့် အကြမ်းဖက်မှုတို့ဆီ ဦးတည်လေ့ရှိ ပြီး အထောက်အထားများအရ လက်တွေ့တွင် အိမ်ထောင်ရေး ဖောက်ပြန်မှုဆိုင်ရာဥပဒေပြဋ္ဌာန်းမှုက အမျိုးသမီးများအပေါ် မမျှတသည့် ပြစ်မှုဆိုင်ရာ ၀န်ထုပ်ဝန်ပိုး ကို ဖြစ်စေသည်ဟု မစ္စအောင်းယစ်ဂ်ျက ဆိုသည်။
နိုင်ငံတကာ လူ့အခွင့်အရေးစံချိန်စံညွှန်းများအရ မြန်မာနိုင်ငံကလိုက်နာရမည့် တာဝန်များကို ချိုးဖောက်စေမည့် အဆိုပါဥပဒေများအား ပယ်ဖျက်ရန် လွတ်လပ်သော ကျွမ်းကျင်သူများက မြန်မာအစိုးရကို တောင်းဆိုလျက်ရှိသည်။
မြန်မာနိုင်ငံရှိ အခြေခံအခွင့်အရေးများနှင့် လွတ်လပ်မှုများအပေါ် သက်ရောက်ထိခိုက်သည့် ဥပဒေပြုခြင်း၊ အရေးယူ ဆောင်ရွက်မှုများနှင့် ပတ်သက်၍ နည်းပညာ ဆိုင်အကြံပေးမှုများ ပြုလုပ်ပေးနိုင်ကြောင်းလည်း ကျွမ်းကျင်သူများက ထပ်မံပြောကြားခဲ့သည်။
"ဒီလို ရွေးကောက်ပွဲပြုလုပ်မဲ့နှစ်မှာ ဥပဒေတွေဟာ အခြေခံလူ့အခွင့်အရေးပြဋ္ဌာန်းချက်တွေနဲ့ ညီဖို့လိုပါတယ်။ ပိုပြီးသဘောထားကြီးတဲ့၊ ဘက်စုံအားလုံးပါဝင်တဲ့ လူ့အဖွဲ့အစည်းဆီကို သွားဖို့၊တိုးတက်မှုအတွက် အနှောင့် အယှက်ဖြစ်စေဖို့ထက် ကူညီမှုတွေပေးရမှာဖြစ်ပါတယ်။" ဟု မြန်မာဆိုင်ရာကုလ အထူးကိုယ်စားလှယ် က သုံးသပ်ပြောဆိုထားသည်။
(ဆီလျော်သလို ဘာသာပြန်ဖော်ပြခြင်းဖြစ်ပါသည်)
Credit - Mizzima News
No comments:
Post a Comment