ချင်းမိုင်၊ မေ ၂၇
။ ။ ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ထိန်းချုပ်နယ်မြေအတွင်းရှိ
ကချင်စစ်ပြေးဒုက္ခသည် ငါးသောင်းခန့်အတွက် အထောက်အပံ့ပေးနေသည့်
အန်ဂျီအိုများက စားနပ်ရိက္ခာ လျော့ချခဲ့သဖြင့် စားဝတ်နေရေး အခက်အခဲ
ရှိနေသည်ဟု KIO စစ်ပြေးဒုက္ခသည်များ ကူညီရေးကော်မတီ၏ တာဝန်ခံ ဒုတိယ
ဗိုလ်မှူးကြီး ဟိန်းဝေါမ်က မဇ္ဈိမကို ပြောသည်။

ကချင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းတစ်ခုကို တွေ့ရစဉ်။ ဓာတ်ပုံ-အီးပီအေ
တရုတ်-မြန်မာနယ်စပ် နယ်ခြား မှတ်တိုင် ၆၊ ဇိုင်းအောင်၊ မဂါးယန်၊ ဒွမ်ဘွမ် စသည့် ဒုက္ခစခန်းများမှ စစ်ပြေး ဒုက္ခသည် ၅ သောင်းခန့်သည် ဆန်ထောက်ပံ့မှုသာ ရရှိပြီး ပြီးခဲ့သည့် ဧပြီလမှ စတင်၍ ဟင်းဖိုး၊ ပဲ၊ ဆီး၊ ဆား စသည့် ရိက္ခာများ ရရှိခြင်း မရှိတော့သဖြင့် ဒုက္ခသည်များ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ရှာဖွေစားသောက်နေရသည်ဟု သူက ပြောဆိုသည်။
“ရိက္ခာတွေ လျော့သွားတာက မနှစ်က စက်တင်ဘာလလောက်က အခုဆို ၁၀ လလောက် ရှိသွားပြီ ဟင်းဖိုး၊ ပဲ၊ ဆီ၊ ဆား၊ ကြက်သွန်တွေ မပေးတော့ဘူး။ ဒါကြောင့် ကျွန်တော်တို့ကို ကူညီနေတဲ့ ဂရုဏာအဖွဲ့ ဒီနှစ်အတွက် ဆန်ပဲလုံလောက်အောင်တော့ ပေးနေတယ်။ ထောက်ပံ့မှု နည်းနည်းရနေတာက HPA တွေပဲ ရှိတော့တယ်”ဟု ဒုဗိုလ်မှူးကြီး ဟိန်းဝေါမ်က မဇ္ဈိမကို ပြောသည်။
ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် စက်တင်ဘာလမှစတင်၍ အစိုးရမဟုတ်သော အဖွဲ့အစည်းများထံမှ စားနပ်ရိက္ခာ ထောက်ပံ့မှု လျော့နည်းလာသည်မှာ ၁၀ လခန့် ကြာမြင့်လာပြီ ဖြစ်ကြောင်း သိရသည်။
အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးပြီးသော်လည်း စစ်ပြေးဒုက္ခသည်များ ပြောင်းရွှေ့ခြင်း သို့မဟုတ် နေရပ် မပြန်နိုင်သေးမီ စားနပ်ရိက္ခထောက်ပံ့မှုကို ဆက်လက် ရစေလိုကြောင်း သူက ပြောသည်။
ကျောင်းပိတ်ချိန်တွင် ကေအိုင်အေဌာနချုပ် လိုင်ဇာသို့ စစ်ပြေးဒုက္ခသည် ကျောင်းသူကျောင်းသား ၅၀၀ ခန့် တိုးမြင့်ရောက်ရှိနေပြီး လိုင်ဇာမြို့ပေါ်ရှိ ဒုက္ခသည်စခန်းများမှ ပျက်စီးနေသည့် နေအိမ် အလုံး ၅၀၀ကိုလည်း မိုးတွင်းရောက်ပြီဖြစ်၍ ပြန်လည်ဆောက်လုပ်ရန် လိုအပ်နေသည်ဟု ဒုဗိုလ်မှူးကြီး ဟိန်းဝေါမ်က ဆိုသည်။
“အခု စစ်ပြေးဒုက္ခသည်တွေ ခက်ခဲနေပြီ။ ဘယ်တော့ ပြောင်းရွှေ့ရမယ်ဆိုတာ မသိတော့ နေအိမ်တွေ ပျက်ဆီးသွားတာတွေလည်း ပြန်ဆောက်ရမယ်။ အင်ခေါင်းပါ စခန်းမှာလည်း မုန်တိုင်းတိုက်လို့ ဒုက္ခရောက်နေတယ်။ ကျွန်တော်တို့ သွပ်အဟောင်းတွေ၊ သစ်တွေ၊ ဝါးတွေ တတ်နိုင်သလောက် ဝယ်ယူပြီးတော့ ပြန်ဆောက်နေကြတယ်”ဟု ၎င်းက မဇ္ဈိမကို ပြောသည်။
KIO ထိန်းချုပ်နယ်မြေအတွက် စစ်ပြေးဒုက္ခသည် ၇၅၀၀၀ကျော် ရှိနေပြီး ယခုနှစ်ကုန်အထိ ဆန်ထောက်ပံ့မှုက ရရှိထားပြီ ဖြစ်သော်လည်း လာမည့် ၂၀၁၆ ခုနှစ်အတွက် စားနပ်ရိက္ခာများ ရရှိရန် လိုအပ်နေသည်ဟု သူက ပြောသည်။
အလှူရှင်များထံမှ အလှူငွေထောက်ပံ့မှု လျော့ချခဲ့သဖြင့် စစ်ပြေးဒုက္ခသည်များကို ထောက်ပံ့နေသော စားနပ်ရိက္ခာများ လျော့ကျသွားခြင်း ဖြစ်မည်ဟု ဒုက္ခသည်များကို ကူညီပေးနေသော မေတ္တာဖောင်ဒေးရှင်း၏ အမှုဆောင် ဒါရိုက်တာ ဆိုင်းအောင်ခမ်းက ပြောသည်။
“ကျွန်တော်တို့ သိတလောက် အလှူငွေတွေ လျော့ချတဲ့ အနေအထားတွေ ရှိနေတယ်။ အဲဒါကြောင့် စားနပ်ရိက္ခာ လျော့ချသွားမယ့် အနေအထားတွေ ရှိနေတယ်။ နဂိုကတည်းက ကျွန်တော်တို့ လုံလောက်အောင် ပေးနိုင်တာမရှိဘူး။ ဟင်းဖိုး ငွေကိုတော့ ကျွန်တော်တို့ ပေးတာရှိတယ်။ အဲဒါက ခုနပြောသလိုပဲ တခါတလေ ကျွန်တော်တို့ အလှူရှင်တွေဆီကို အဆိုပြုလွာတွေ ပို့ထားတာ ရှိတယ်။ ဒါပေမယ့် ပရောဂျက်က ကျမလာဘူး။ အဲဒီလိုမျိုးတွေ ရှိတယ်။ တခါတလေက ကြန့်ကြာနေတယ်။ တချို့ဆိုရင် ပရော်ပူဆာတွေ ၂ နှစ်လောက်ကြာအောင် ညှိနှိုင်းနေရတာရှိတော့ မပေးနိုင်တာတွေ ရှိတယ်။ အခြေခံ အစားအစာဖြစ်တဲ့ ဆန်၊ ဆီ၊ ဆားက မပြတ်အောင်တော့ တတ်နိုင်တလောက် ကြိုးစားတယ်”ဟု သူက မဇ္ဈိမကို ပြောသည်။
မေတ္တာဖောင်ဒေးရှင်းအဖွဲ့က ဗန်းမော်၊ မိုးမောက်၊ ရွှေဂူ ဒုက္ခသည်စခန်းများနှင့် KIO ထိန်းချုပ်ရာ နယ်မြေရှိ ဂျေယန်း၊ ဝိုင်ကြိုင်၊ ဖွန်လုံယန် ဒုက္ခသည်စခန်းများရှိ ဒုက္ခသည်များအတွက် စားနပ်ရိက္ခာများ ထောက်ပံ့ပေးနေခြင်း ဖြစ်သည်။
Credit - Mizzima News
No comments:
Post a Comment