
အိန္ဒိယသမုဒ္ဒရာအတွင်းဖြစ်ပွားနေသည့် လှေစီးရွှေ့ပြောင်းသူများအရေး ဖြေရှင်းရာ၌ ကူညီပေးမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံ နိုင်ငံခြားရေး လက်ထောက်ဝန်ကြီး အန်းရစ်ချတ်က ယနေ့ပြောဆိုလိုက်သည်။
ငွေကြေးနှင့် အခြားလိုအပ်မည့် ရုပ်ပစ္စည်းများ ထောက်ပံ့မည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ယနေ့ ကျင်းပနေသည့် ပုံမှန်မဟုတ်သည့် ပြောင်းရွှေ့သူများအရေး အစည်းအဝေးတွင် ပြောဆိုလိုက်ခြင်းဖြစ်သည်။
ထို့ပြင် ဒေသတွင်း အစိုးရများအနေဖြင့် လှေစီးရွှေ့ပြောင်းသူများအရေး ကိုင်တွယ်ဖြေရှင်းရာတွင် အကူအညီဖြစ်စေရန် ကုလဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ ဦးဆောင်မှုဖြင့် ပြန်လည်နေရာချထားရေး အစီအစဉ်အတွက်လည်း အကူအညီများကို ပြင်ဆင်နေသည်ဟု ထိုင်းနိုင်ငံထုတ် The Nation သတင်းစာက ယနေ့ ဖော်ပြသည်။
ပုံမှန်မဟုတ်သည့် ပြောင်းရွှေ့သူများအရေး အစည်းအဝေးသို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန လူဦးရေ၊ ဒုက္ခသည်နှင့် ရွှေ့ပြောင်းသူများဆိုင်ရာ လက်ထောက်ဝန်ကြီး ရစ်ချတ်လည်း တက်ရောက်သည်။
အမေရိကန်နိုင်ငံသည် နိုင်ငံတကာရွှေ့ပြောင်းသူများအဖွဲ့ IOM နှင့် ကုလဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံးသို့ အများဆုံးလှူဒါန်းနေပြီး
ရိုဟင်ဂျာခေါ် ဘင်္ဂါလီများအပါအ၀င် မြန်မာနိုင်ငံမှ ရွှေ့ပြောင်း၏ ဒုက္ခသည်များအတွက် အမေရိကန်ဒေါ်လာ ၁၀၉ သန်းတန် အကူအညီများကို
ပြီးခဲ့သည့် နှစ်နှစ်အတွင်း ပေးအပ်ပြီးဖြစ်ကြောင်း ရစ်ချတ်ကပြောသည်။
ယခုထပ်ပေးမည့် အကူညီများထဲ၌ ဒေသတွင်း ကင်းလှည့်စောင့်ကြည့်မည့် လေယာဉ်များ ပါဝင်မည်ဖြစ်ပြီး မလေးရှားအစိုးရနှင့် ပူးပေါင်းဆောင်ရွက်မည်ဟုသိရသည်။
ယနေ့ကျင်းပနေသည့်အစည်းအဝေးအပြီး အန်းရစ်ချတ်သည် မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံများသို့ ဆက်လက် ထွက်ခွာသွားမည်ဖြစ်ပြီး
လက်ရှိအခြေအနေအပေါ် ယင်းနိုင်ငံအစိုးရများနှင့် ဆွေးနွေးမည်ဟု သတင်း၌ ဖော်ပြထားသည်။
Credit - Mizzima News
No comments:
Post a Comment