Sunday, May 24, 2015

နိုင်ငံရေးဆွေးနွေးပွဲများကို ရွေးကောက်ပွဲမတိုင်မီ အစပြုလိုကြောင်း သမ္မတပြော

ရန်ကုန်၊ မေ ၁၉

အစိုးရ လိုလားသည့် ဖက်ဒရယ်ပြည်ထောင်စု ပုံဖော်နိုင်ရေးနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အလို့ငှာ နိုင်ငံရေး ဆွေးနွေးပွဲများကို ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ မတိုင်မီ အစပြုထားလိုကြောင်း သမ္မတ ဦးသိန်းစိန်က မေလ ၁၈ ရက်က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး ၌ ပြုလုပ်ခဲ့သော သမ္မတနှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲတွင် ထည့်သွင်း ပြောကြားလိုက်သည်။

““ကျွန်တော်တို့ အနေနဲ့ကတော့ နိုင်ငံရေး ဆွေးနွေးပွဲတွေကို လာမယ့် ရွေးကောက်ပွဲများ မတိုင်မီမှာ အစပြု ထားလိုပါတယ်။ ဒီနိုင်ငံရေး ဆွေးနွေးပွဲများက တစ်ဆင့် ကျွန်တော်တို့ ရည်မှန်းတဲ့ ပြည်ထောင်စုကို ပုံဖော်ဖို့ အတွက်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အပါအ၀င် ကိစ္စများစွာကို အားလုံးရဲ့ ကိုယ်စားပြုမှု သဘောတူညီမှုတွေနဲ့ ပြင်ဆင်ရမှာ ဖြစ်ပါတယ်။ အားလုံးပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေ ဖြစ်အောင်
ကြိုးပမ်း နေတဲ့အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန် အချက်တွေမှာလည်း အခက်အခဲ မရှိနိုင်ဘူးလို့ ကျွန်တော့် အနေနဲ့ ယူဆမိပါတယ်””ဟု သမ္မတဦးသိန်းစိန်က ပြောကြားလိုက်ခြင်း ဖြစ်သည်။

ထို့ပြင် ချင်းမိသားစု နိုင်ငံရေးပါတီများကလည်း နိုင်ငံရေး ဆွေးနွေးပွဲများကို ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ မတိုင်မီ ကျင်းပရန်နှင့် နိုင်ငံရေး ဆွေးနွေး ပွဲကို အကြောင်းပြု၍ ရွေးကောက်ပွဲကို ရွေ့ဆိုင်းခြင်း မပြုရန် နိုင်ငံတော် အစိုးရနှင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အား တိုက်တွန်းကြောင်း သဘောတူညီချက်ကို မေလ ၁၆ ရက်က ထုတ်ပြန်ထားသည်။

““နိုင်ငံရေး ဆွေးနွေးပွဲက တစ်ပွဲတည်းနဲ့ ပြီးနိုင်မှာ မဟုတ်ဘူး။ အဲဒီတော့ အစတော့ ပျိုးချင်တယ်။ နောက် ဘယ်အစိုးရ တက်လာ တက်လာ အစပျိုးထားတဲ့ဟာကို ဘယ်သူပဲကိုင်ပြီး မောင်းသည်ဖြစ်စေ ဆက်သွားချင် တယ်။ ဒုတိယအချက်က နိုင်ငံရေး ဆွေးနွေးပွဲ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ။ ဒါတင်မကဘူး အပစ်အခတ် ရပ်စဲသည်ဖြစ်စေ၊ မရပ်စဲသည်ဖြစ်စေ ရွေးကောက်ပွဲတော့ ရှိစေချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ရွေးကောက်ပွဲက တစ်ခုခုဖြစ်မယ်ဆိုရင် လွှတ်တော်က တစ်ခုခုဖြစ်သွားနိုင်တယ်။ ၅ နှစ်တာအတွက်ကို တစ်ခုခု သွားထိရှမိမယ်ဆိုရင် ဒီမိုကရေစီ လုပ်ငန်းစဉ်တွေကို တော်တော်လေး ဂယက်ရိုက်သွားမှာ စိုးရိမ်လို့ လုပ်ရခြင်းဖြစ်တယ်””ဟု ချင်းတိုးတက်ရေး ပါတီဥက္ကဋ္ဌ ဦးနိုထန်ကပ်က မြန်မာသံတော်ဆင့်သို့ ပြောသည်။

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကို အောက်တိုဘာလ ကုန် နိုဝင်ဘာလဆန်းတွင် ကျင်းပရန် စီစဉ်ထားပြီး ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ကာလကို ရွေးကောက်ပွဲမတိုင်မီ ရက်ပေါင်း ၉၀ သတ်မှတ်ထားသော ကြောင့် ဇွန်လအတွင်း၌ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုး နိုင်ရန်နှင့် ဇူလိုင်လအတွင်း နိုင်ငံရေး ဆွေးနွေးပွဲများ စတင်နိုင်ရန် နိုင်ငံရေးပါတီများက လိုလားလျက်ရှိသည်။

ဝိုင်းမော်

- သမ္မတနှင့်နိုင်ငံရေးပါတီများတွေ့ဆုံပွဲတွင် လယ်ယာ စိုက်ပျိုးရေးနှင့်မွေးမြူရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်က သမ္မတဦးသိန်းစိန်အား သောက်ရေငှဲ့ပေးနေစဉ်။

မြန်မာသံတော်ဆင့်သတင်းဌာန – http://www.facebook.com/myanmarherald

 
 

No comments:

Post a Comment