Monday, May 25, 2015

၂၀၁၅ ရွေးကောက်ပွဲအတွက် အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်များ၏ မျှော်လင့်ချက်

ထက်ထက်အောင်  စုစည်းသည်။
၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ နီးကပ်လာတဲ့ အချိန်မှာ ဝင်ရောက် ရွေးချယ်ခံမယ့် ကိုယ်စားလှယ်လောင်း အမျိုးသမီးတွေကလည်း မိမိတို့သက်ဆိုင်ရာ မဲဆန္ဒနယ်အလိုက် ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေကြပြီဖြစ်သလို ပြီးခဲ့တဲ့ ရွေးကောက်ပွဲကာလက ရွေးချယ်ခံ ကိုယ်စားလှယ်တွေဖြစ်တဲ့ လွှတ်တော်ကိုယ်စားလှယ် အမျိုးသမီးတွေကလည်း မိမိတို့ရဲ့ တာဝန်တွေ အသီးသီးထမ်းဆောင်လာခဲ့ကြတာဟာ အခုဆိုရင် လွှတ်တော် သက်တမ်းရဲ့ ၉၀ ရာခိုင်နှုန်းကို ကျော်လာခဲ့ပါပြီ။ ဒီလိုဖြတ်သန်းလာခဲ့တဲ့ ကာလမှာ သူတို့ ဘယ်လိုဖြတ်သန်းခဲ့သလဲ၊ လာမယ့် ရွေးကောက်ပွဲမှာရော ဘာတွေမျှော်မှန်း ထားကြလဲဆိုတာကို ပြောထားတဲ့ အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်အချို့ရဲ့ အသံတွေကို ဒီကဏ္ဍကနေ စုစည်းတင်ဆက်လိုက်ပါတယ်။


Woman-4

ဒေါ်ခင်ဝိုင်းကြည် ( အမျိုးသားလွှတ်တော် ကိုယ်စားလှယ်၊ အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ၊ မဲဆန္ဒနယ် အမှတ် ၁)
ပါတီတော်တော်များများမှာ တိုင်းရင်းသားအရေး၊ လူငယ်အရေး၊ အမျိုးသမီးအရေး ဦးစားပေး လုပ်ဆောင်လာတာ တွေ့ရလို့ ၂၀၁၅
ရွေးကောက်ပွဲမှာတော့ ၂၀၁၀ ထက်ပိုပြီး အမျိုးသမီးတွေ နိုင်ငံရေးမှာ ပိုမိုပါဝင်လာမယ်လို့ ယူဆမိတယ်။ ကျွန်မ အနေနဲ့
ပြောရရင်တော့ လာမယ့် ရွေးကောက်ပွဲမှာ အမျိုးသမီးတွေဟာ ပိုမိုပါဝင် ယှဉ်ပြိုင်လာခြင်းနဲ့အတူ အမျိုးသမီး Leadership (ခေါင်းဆောင်မှု စွမ်းရည်) ကလည်း ပိုတိုးတက်လာမယ်လို့ မျှော်လင့်မိတယ်။ အမျိုးသမီး အခွင့်အရေးလည်း ပိုပြီးပီပြင်လာမယ်။ နိုင်ငံရဲ့ လူဦးရေ ၅၀ ရာခိုင်နှုန်းကျော် ၆၀ ရာခိုင်နှုန်းနီးပါးရှိတဲ့ အမျိုးသမီးတွေရဲ့ အင်အားကို မှန်ကန်စွာ အသုံးချနိုင်ဖို့အတွက်၊ အမျိုးသမီးတွေကလည်း ကိုယ့်အရည်အသွေးကို ထုတ်ပြဖို့အတွက် ၂၀၁၅ ရွေးကောက်ပွဲက တကယ့် အခွင့်အရေးကောင်းပဲလို့
မျှော်လင့်ထားပါတယ်။ ကျွန်မ အတွေ့အကြုံနဲ့ ယှဉ်ပြောရရင် အမျိုးသမီးမို့ မဲမထည့်ချင်ဘူးလို့ ပြောင်ပြောင်ပြောခံရတာ ကြုံဖူးတယ်။ အမျိုးသမီးပဲဖြစ်ဖြစ် အမျိုးသားပဲဖြစ်ဖြစ် အရည်အချင်းရှိခြင်းနဲ့ နိုင်ငံရေးမှာနှံ့စပ်မှု၊ အနစ်နာခံနိုင်မှု စတဲ့အပြောမပါသော အလုပ်နဲ့ သက်သေပြခြင်းတွေနဲ့သာ တည်ဆောက်သွားရတာပါ။

လာမယ့် ရွေးကောက်ပွဲမှာတော့ အခုသက်တမ်းက အမျိုးသမီး ကိုယ်စားလှယ်တွေရဲ့ လုပ်ဆောင်မှုတွေကိုလည်း မြင်ခဲ့ကြရပြီ။ ပါတီတွေကလည်း အမျိုးသမီးပါဝင်မှုကို ပိုမိုလုပ်ဆောင် ပေးလာကြပြီဖြစ်လို့ အမျိုးသမီး ကိုယ်စားလှယ်လောင်းတွေအတွက် မဲထောက်ခံရရှိမှု ပိုမိုများလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

ဒေါ်နန်းစေးအွာ (ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ ဘားအံမဲဆန္ဒနယ်၊ ဖလုံ - စဝေါ် ဒီမိုကရက်တစ် ပါတီ)
အမျိုးသမီး အခန်းကဏ္ဍက တကယ်ဆို လုပ်ဆောင်ပေးရမှာ အများကြီးရှိတယ်။ အမျိုးသမီးဆိုတာက ထိရှလွယ်တယ်၊ ဥပမာ - လူကုန်ကူးတာ ဆိုရင်တောင် အမျိုးသမီးက ပိုများတယ်။ အခုဆို လွှတ်တော်မှာ အမျိုးသမီးက ၅ ရာခိုင်နှုန်းပဲ ရှိနေတယ်။ ဒါပေမဲ့ တစ်ချိန်မှာ ၃၀ ရာခိုင်နှုန်း ပါလာဖို့ အရေးကြီးတယ်၊ နေရာပေးကို ပေးရမယ်၊ အမျိုးသမီးဦးရေက နိုင်ငံမှာပိုများတဲ့အတွက် လွှတ်တော်မှာ ပိုမိုပါဝင်လာနိုင်ရေး လိုအပ်တယ်။

ဒီအတွက် နိုင်ငံရေးပါတီတွေမှာ အမျိုးသမီး ကိုယ်စားလှယ်လောင်းတွေအတွက် မူဝါဒတွေ သေချာချမှတ် လုပ်ဆောင်လာကြတာ
တွေ့လာရပြီ။ ဒါကို ကြိုဆိုတယ်။ ဒါပေမဲ့ အစဉ်အလာကလာတဲ့ အကြောက်တရားနဲ့ နေလာတာကြာပြီဖြစ်လို့ စိတ်ဝင်စားမှုနည်းပြီး အမျိုးသမီး ပါဝင်မှုနှုန်းကတော့ နည်းနေဦးမှာပဲ၊ အမျိုးသမီးတွေအနေနဲ့ နိုင်ငံရေးယုံကြည်မှု နည်းနေသေးပြီး အမျိုးသားတွေနဲ့ ယှဉ်ပြီး ဝင်ပြိုင်ရင် မဲမရဘဲ ရှုံးမှာပဲဆိုတဲ့ စိတ်မျိုးရှိနေသေးတယ်။ အမျိုးသမီးက အမျိုးသမီးကို အားကိုးယုံကြည်ဖို့ လိုနေသေးတယ်။

ဒီလို ယုံကြည်ဖို့အတွက် အမျိုးသမီး ကိုယ်စားလှယ်လောင်းတွေဟာ ယုံကြည်ထိုက်တဲ့ သူတွေဆိုတာ ပြသဖို့ ရှေ့ထွက်လာဖို့ လာမယ့် ရွေးကောက်ပွဲက အကောင်းဆုံး အခွင့်အရေး တစ်ခုပဲလို့ မျှော်လင့်မိတယ်။ ကျွန်မတို့ ဒီလွှတ်တော်သက်တမ်းမှာ မဖြစ်နိုင်ခဲ့တာတွေ များတယ်။ ဒါဟာလည်း ပထမဆုံးအကြိမ် သက်တမ်းမို့ လွဲချော်ခဲ့တာလို့ပဲ သုံသပ်မိတယ်။

လာမယ့် ရွေးကောက်ပွဲမှာတော့ ဒီအမှားတွေကို သင်ခန်းစာယူပြီး ပြုပြင်မယ့် အတွေးအခေါ်တွေ၊ ယူဆချက်တွေနဲ့ ဝင်ရောက်ယှဉ်ပြိုင်လာမယ့် သူတွေ ပါဝင်လာပြီး အရေးပါတဲ့ ကဏ္ဍတွေအတွက် အပြောင်းအလဲတွေ ဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်။

ဒေါ်ဖြူဖြူသင်း (ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် - မင်္ဂလာတောင်ညွှန့် မဲဆန္ဒနယ်)
ရွေးကောက်ပွဲနဲ့ အမျိုးသမီးကဏ္ဍက ပြောရရင် ၂၀၁၂မှာ ပါဝင်မှုနှုန်းနည်းတယ်။ ၂၀၁၅ မှာတော့ အမျိုးသမီး အခွင့်အရေး လှုပ်ရှားမှုတွေ ပိုများလာတယ်။ ကျွန်မတို့ အန်အယ်ဒီပါတီအနေနဲ့ နဂိုကတည်းက အမျိုးသမီးတွေအတွက် မူဝါဒရှိတယ်။ လက်ရှိလွှတ်တော်မှာ အမျိုးသမီးက နည်းတယ်၊ အမျိုးသား များတယ်။ အမျိုးသမီးများများ ပါလာရင်တော့ အင်အားတစ်ရပ်ဖြစ်မယ်၊ ဒီအခါ အမျိုးသမီး ကဏ္ဍသာမက အခြားကဏ္ဍတွေမှာလည်း ပိုကောင်းလာပါလိမ့်မယ်။

လာမယ့် ရွေးကောက်ပွဲအတွက် အခုလောလောဆယ်မှာ CSO တွေက စိတ်ဝင်တစားနဲ့ လှုပ်ရှားမှုတွေ၊ သင်တန်းတွေ Vote for Women တွေ လုပ်ပေးနေတာတွေ့ရတယ်၊ ကျွန်မကိုယ်တိုင်တောင် ဒီသင်တန်းတွေက ဖိတ်လို့ စကားသွားပြောပေးရတာတွေတောင် ရှိတယ်၊ ပြောရရင်တော့ အမျိုးသမီးတွေက လာမယ့်ရွေးကောက်ပွဲအတွက် အရင်ကထက်ပိုပြီး စိတ်ဝင်တစားရှိလာပြီ၊ ပံ့ပိုးမှုတွေလည်း ရလာပြီလို့ မြင်မိတယ်၊ အမျိုးသမီးတွေ ရွေးကောက်ပွဲမှာ ၃၀ ရာခိုင်နှုန်းလောက် ပါဝင်ဖို့ မျှော်မှန်းထားတယ် ဆိုပေမယ့် ၂၀
ရာခိုင်နှုန်းလောက်ပဲ ပါနိုင်ဖို့ မျှော်လင့်မိတယ်၊ ရွေးကောက်ပွဲက ဘယ်လောက်မျှော်လင့်လို့ရလဲ ဆိုတာကတော့ နိုင်ငံရေး အကြပ်အတည်း၊ ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားနိုင်မှု၊ စီးပွားရေးပြဿနာဒါတွေပေါ် မူတည်ပြီးမှ သေချာပြောနိုင်မှာပါ။

ဝင်ရောက်ယှဉ်ပြိုင်မယ့် အမျိုးသမီး ကိုယ်စားလှယ်လောင်းတွေကတော့  တော်တော်ရုန်းကန်ရမယ်လို့ ထင်တယ်။ အခုထိ နိုင်ငံမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍက နည်းပါးနေသေးတယ်။ အချို့ဒေသတွေမှာ ဖွံ့ဖြိုးမှု နိမ့်ကျနေသေးတယ်။ အဲဒီဒေသက အမျိုးသမီးတွေရဲ့ ကဏ္ဍတွေကလည်း တအားကို အားနည်းနေသေးတယ်။ အမျိုးသမီး ကိုယ်စားလှယ်လောင်းတွေက ဒါတွေအတွက် ကောင်းကောင်း စွမ်းဆောင်ပေးနိုင်တဲ့သူ ဖြစ်ဖို့လိုတယ်။ ဒီလိုဆောင်ရွက်နိုင်ဖို့ အမျိုးသမီး ကိုယ်စားလှယ်လောင်းတွေက မြန်မာ့နိုင်ငံရေး၊ ကမ္ဘာ့နိုင်ငံရေး ကောင်းကောင်း သုံးသပ်နိုင်ရမယ်၊ ကိုယ့်အရည်အချင်း ပြည့်နေအောင် ဖြည့်ထားဖို့ လိုအပ်ပါတယ်။ ကိုယ်စားလှယ် တစ်ဦးဟာ အရွေးမခံရရင်လည်း ကိုယ်ရောက်နေတဲ့ နေရာကနေပြီးတော့ တိုင်းပြည်အတွက် အကောင်းဆုံး လုပ်ပေးနိုင်ဖို့  အမြဲအဆင်သင့်ရှိနေဖို့က အဓိက လိုအပ်တယ်လို့ထင်ပါတယ်။

ဒေါ်စန္ဒာမင်း (ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ ဇမ္ဗူသီရိမြို့နယ်)
ကျွန်မ သဘောထားပြောရရင် ၂၀၁၅ ရွေးကောက်ပွဲအတွက် ကျား၊မ ခွဲခြားမှုမရှိဘူး၊ ပါဝင်ခွင့်ကိုက ဆန္ဒအလျောက် ပါဝင်ခွင့် ပါဝင်ခွင့်ရတာ၊ နိုင်ငံရေးမှာ ပါဝင်ဆောင်ရွက်ခွင့်က အမတ်ဖြစ်မှ မဟုတ်ပါဘူး၊ ကိုယ်ကျရာကနေ ပါဝင်ခွင့်ရှိပါတယ်၊ မြန်မာ့နိုင်ငံရေးမှာ အရင်ကဆို အမျိုးသမီးတွေ ပါဝင်မှုနည်းတယ်၊ အခုကျတော့ လွှတ်တော်ထဲအထိသာမက သမ္မတရာထူးအထိ ပါဝင်ခွင့်ရလာနိုင်ပြီ၊ စိတ်ပါဝင်စားတဲ့ သူဆိုရင် သတ္တိရှိရင် ပါဝင်ဖို့လိုတယ်၊ ကြိုက်တဲ့ ကဏ္ဍပေါင်းစုံက ပါဝင်ပါ။ ကိုယ်ပါဝင်တဲ့ နေရာမှာ ကိုယ်က တကယ် ကျွမ်းကျင်စေတနာထားရင် လုပ်ပိုင်ခွင့်ရမှာပါပဲ၊ အမတ်ဖြစ်မှ လုပ်ပိုင်ခွင့်ရမယ်ဆိုတာ မှားနေမယ်၊ အခုဆို နိုင်ငံရေးကို အရင်ကထက်ပို စိတ်ဝင်စားလာကြပြီ၊ တိုင်းပြည်အတွက် နေရာကဏ္ဍပေါင်းစုံမှာ လုပ်ကိုင်နိုင်တဲ့ သူတွေ လိုအပ်နေပါတယ်။

ကိုယ်စားလှယ်လောင်းတွေက အဓိကက ငွေကြေးတောင့်တင်းမှ ဖြစ်မယ်။ အမျိုးသား အမျိုးသမီး ဘယ်သူပဲဖြစ်ဖြစ်ပေါ့၊ ဘာလို့လဲဆိုတော့ ကိုယ်စားလှယ်လောင်းတွေဆိုတာ ကိုယ်ရတဲ့ လစာထက်စာရင် ကိုယ်လုပ်ရတဲ့အလုပ်က ပိုပြီး ငွေကုန်ကြေးကျများလို့ပါ၊ ကိုယ်ပိုင်ဝင်ငွေ မရှိဘူးဆိုရင် မလွယ်ဘူး၊ ဒါကိုတော့ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေအနေနဲ့ သဘောပေါက်ထားဖို့လိုတယ်။

ပြီးတော့ ကိုယ့်ဘက်က ဝမ်းစာ (နိုင်ငံရေး၊ စီးပွားရေး၊ ကဏ္ဍပေါင်းစုံက အသိတွေ) ပြည့်နေအောင် ဖြည့်ထားဖို့လိုတယ်၊ ကျရာနေရာက တိုင်းပြည်အတွက် လုပ်ပေးမယ်ဆိုပြီး စိတ်ဓာတ်ကိုလည်း ကြိုတင်ပြင်ဆင်ထားဖို့ လိုပါတယ်။

ဒေါ်လဲ့လဲ့ဝင်းဆွေ (ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ - တာမွေမြို့နယ်)
လွှတ်တော် ကိုယ်စားလှယ် တစ်ယောက်အနေနဲ့ ပြောရရင်တော့ အမျိုးသမီး ၃၀ ရာခိုင်နှုန်းလောက်ကို မျှော်မှန်းထားတယ်။ ဒါပေမဲ့ လာမယ့် ရွေးကောက်ပွဲမှာ ၂၅ ရာခိုင်နှုန်းလောက်ပဲ ပါဝင်လာမယ်လို့ မျှော်လင့်လို့ရမယ်၊ ကျွန်မအနေနဲ့ကတော့ ဘယ်ပါတီကပဲ ဖြစ်ဖြစ်ပါ အမျိုးသမီးတွေ ပါဝင်လာမယ်ဆို ကြိုဆိုပါတယ်၊ ကျွန်မတို့ တိုင်းပြည်ရဲ့ လူဦးရေ ထက်ဝက်ကျော်က အမျိုးသမီးတွေ ဖြစ်တယ်၊ သူတို့ စွမ်းအားကို နိုင်ငံ့အရေးမှာ လွှတ်တော်ထဲမှာ အသုံးပြုနိုင်ရင် နိုင်ငံမျက်နှာပန်းလှမယ်၊ အမျိုးသမီးတွေရဲ့ အားသာချက်က ဖြတ်ထိုးဉာဏ်ပိုင်းနဲ့ အမှားအယွင်း ကင်းစင်အောင် စေ့စပ်သေချာ စဉ်းစားတတ်ခြင်း ပါပဲ၊ ဒါကို အားယူအသုံး ချတတ်ရင်တော့ နိုင်ငံအတွက် အတိုင်းထက်အလွန်ပါပဲ။

လာမယ့် ရွေးကောက်ပွဲအတွက် ပြောရရင် လွှတ်တော်မှာ ထိုင်နေသူတွေထဲမှာ အမျိုးသမီး အရေအတွက်က နည်းနေသေးတယ်၊ ပြိုင်မယ့်သူတွေကို ရဲရဲ ဝင်ပြိုင်စေချင်တယ်၊ အခုလက်ရှိ ကိုယ်စားလှယ်လောင်းတွေ လုပ်တာကိုင်တာကြည့်ပြီး လိုအပ်မယ့်ဟာတွေကို ကြိုတင်ပြင်ဆင်ပြီး ဝင်ပြိုင်လာမယ်လို့လည်း မျှော်လင့်ထားတယ်။…

ကျွန်မက အခုလွှတ်တော်မှာဆိုရင် လူမှုဖွံ့ဖြိုးရေးနဲ့ ဥပဒေပြုရေး ကော်မတီမှာ တာဝန်ယူထားရတယ်၊ မတရားတာ၊ လာဘ်ပေး လာဘ်ယူတာ သိပ်မုန်းတယ်၊ ဒီလာဘ်ပေးလာဘ်ယူအတွက် ထိရောက်တဲ့ ဥပဒေ ပေါ်ထွက်စေချင်တယ်၊ အခုလွှတ်တော်မှာ ဥပဒေပြုတာတွေက အားနည်းချက် အားသာချက်တွေတော့ ရှိကောင်းရှိမယ်၊ ဒါဟာလည်း ပထမအကြိမ် သက်တမ်းကြောင့်လို့ ထင်ပါတယ်၊ ပြီးတော့ လုပ်ဆောင်ချက်အချို့မှာ အားနည်းချက်တွေ ရှိသေးတယ်။ ဥပမာ ပြောရရင် မြေယာကိစ္စတွေမှာ အစိုးရရဲ့ လုပ်ကိုင်ဆောင်ရွက်တာတွေက ကြန့်ကြာတယ်၊ ကျန်တဲ့သက်တမ်းမှာ ပြီးပြတ်ပါ့မလားလည်း စိုးရိမ်မိတယ်၊ ဒုတိကအကြိမ် လွှတ်တော်သက်တမ်းမှာ ပထမအကြိမ်လွှတ်တော် သက်တမ်းရဲ့ အကြွင်းအကျန်တွေကို ကောင်းစွာရှင်းလင်းပြီး ပြည်သူ့အတွက် အမှန်တကယ် အကျိုးရှိစေသော စီမံကိန်းတွေ၊ လုပ်ဆောင်ချက်တွေကို ချမှတ်သွားဖို့ စွမ်းဆောင်နိုင်မယ့် ကိုယ်စားလှယ်တွေ အများစု ပါလာဖို့ မျှော်လင့်မိတယ်။

Credit - Mizzima News

No comments:

Post a Comment