နေပြည်တော် (မဇ္ဈိမ)။ ။ ကက်ဘိနက်အဖွဲ့၏ သဘောတူညီမှုလည်း မရ၊ လန ၃၉ လည်း မကျသေးဘဲ တောင်သူတို့လက်မှ မြေကိုသိမ်းယူကာ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ခြင်းသည် မြေသိမ်း ဥပဒေနှင့် မညီညွတ်ကြောင်း၊ ထိုသို့ ပြုလုပ်နေသဖြင့် မြေယာပြသနာများ
ပေါ်ပေါက်နေကြောင်း၊ အဆိုပါ လုပ်ရပ်များကို အရေးယူ ဖြေရှင်းပေးရန်
လယ်မြေနှင့် အခြားမြေများ သိမ်းဆည်းခံရခြင်းကြောင့် ပြည်သူတို့ 
ဆုံးရှုံးနစ်နာမှု မရှိစေရန် စုံစမ်းရေး ကော်မရှင် ဥက္ကဋ္ဌ ဦးတင်ထွတ်က ယမန်နေ့
ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် လွှတ်တော်နာယကမှ တစ်ဆင့် အစိုးရအဖွဲ့ကို
ပြောသည်။

“သိမ်းတဲ့ တချို့ မြေတွေဟာ အများပြည်သူအကျိုးလား၊ ပုဂ္ဂိုလ် တစ်ဦး တစ်ယောက်ရဲ့ အကျိုးလား၊ ကုမ္ပဏီ တစ်ခုရဲ့က အကျိုးလား၊ အဖွဲ့အစည်း တစ်ခုရဲ့အကျိုးလားဆိုတာ အများကြီး ပေါ်ပေါက်နေပြီ။ မြေသိမ်းရာမှာ ဥပဒေနဲ့အညီ မသိမ်းတဲ့အတွက်
ပြဿနာတွေ တော်တော်များများ တက်နေပါတယ်။ လန ၃၉ မကျသေးဘဲ တောင်သူတွေပိုင်တဲ့ မြေတွေကို ဆက်ပြီးသိမ်းနေတာ၊
စီမံကိန်းတွေ လုပ်နေတာဟာ ဥပဒေနဲ့ မညီပါဘူး။ ဒါတွေကို အရေးယူသင့်တာ ယူပေးပါ၊ ဖြေရှင်းသင့်တာ ဖြေရှင်းပေးပါလို့
တင်ပြလိုပါတယ်” ဟု ဇလွန်မြို့နယ် အမတ်လည်းဖြစ်သည့် ဦးတင်ထွတ်က ပြောသည်။
လယ်ယာမြေ အမှုကိစ္စများအပေါ် အစိုးရအဖွဲ့က မည်သို့ ဆောင်ရွက်ထားသည်ကို လွှတ်တော်သို့  လာရောက်ရှင်းပြသည့်အခါ တစ်တိုင်းပြည်လုံးအတိုင်းအတာနှင့် ခြုံငုံရှင်းပြခြင်း မဟုတ်ဘဲ တိုင်းနှင့် ပြည်နယ်အလိုက် မြို့နယ်အလိုက် ကိစ္စရပ်အလိုက် စာရင်းပြုစုပြီး ရှင်းပြပေးစေလိုကြောင်းလည်း ၎င်းက အစိုးရအဖွဲ့ကို တိုက်တွန်းခဲ့သည်။
“ဒါဆိုရင် လွှတ်တော် ကိုယ်စားလှယ်များကလည်း မိမိနယ်မြေအလိုက် ဘယ်နေရာမှာတော့ဖြင့် မြေကို ဘယ်လို ပြန်ရတယ်၊ ဘယ်ဥစ္စာက
လျော်ကြေး နစ်နာကြေး ပေးတယ်ဆိုတာ ရှင်းရှင်းလင်းလင်း သိရမှာ ဖြစ်ပါတယ်။ နောက်ပြီး ပြည်ထောင်စုအဆင့်တွေက လွှတ်တော်ကို လာရှင်းတဲ့အခါ အကြောင်းပြချက် တော်တော်များများနဲ့ မြေကို မစွန့်လွှတ်လိုတဲ့ ဟာမျိုးတွေ တော်တော်များများ တွေ့ပါတယ်။ ဒါတွေဟာ မကောင်းတဲ့ အနေအထားတစ်မျိုး ဖြစ်ပါတယ်” ဟုလည်း လယ်ယာမြေကော်မရှင် ဥက္ကဋ္ဌက ထောက်ပြခဲ့သည်။
ထို့အပြင် ၎င်းက “ပြည်ထောင်စုအဆင့် တာဝန်ရှိတဲ့ ပုဂ္ဂိုလ်များကို ပြောချင်တာက သမ္မတကြီးရဲ့  ညွှန်ကြားချက်၊ လွှတ်တော် ဥက္ကဋ္ဌကြီးရဲ့ လမ်းညွှန်ချက်နဲ့ ကျွန်တော်တို့ လွှတ်တော် ကိုယ်စားလှယ်များ ဘက်က မြို့နယ်အလိုက် သိမ်းဆည်းခံရမှုတွေနဲ့ ပတ်သက်လို့ အသင့်ရှိပါတယ်။ သမ္မတကြီးရဲ့ ညွှန်ကြားချက်နဲ့အညီ ပူးပေါင်းဆောင်ရွက်ပေးဖို့ တင်ပြချင်ပါတယ်” ဟုလည်း ပြောသေးသည်။
၂၀၁၄ ဖေဖော်ဝါရီ ၂၈ ရက်၌ သမ္မတရုံးမှ လွှတ်တော်နာယကထံ စာပေးပို့ခဲ့သည်ကို ၎င်းက ရည်ညွှန်း ပြောဆိုခြင်းဖြစ်သည်။ အဆိုပါစာတွင် လယ်ယာမြေအမှုများ စိစစ်ရာ၌ အုပ်ချုပ်ရေးအဖွဲ့သည် သက်ဆိုင်ရာ ဒေသခံ လွှတ်တော်ကိုယ်စားလှယ်များနှင့် ပူးပေါင်းဆောင်ရွက် ပေးပါဟု ပါဝင်ပြီး ထိုစာအရ လွှတ်တော် နာယက သူရ ဦးရွှေမန်းကလည်း သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များအား မိမိတို့ နယ်မြေအလိုက် မြို့ နယ်အလိုက် မြေယာမှုများ ဖြေရှင်းရာတွင် အစိုးရအဖွဲ့ နှင့် ပါဝင်ပူးပေါင်းဆောင်ရွက်ကြရန် ညွှန်ကြားထားပြီး ဖြစ်သည်။
Credit - Mizzima News
No comments:
Post a Comment