နပြည်တော် (မဇ္ဈိမ)။ ။ အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရာတွင် နိုင်ငံ့ဝန်ထမ်းများသည် ပွင့်လင်းမြင်သာမှု မရှိ၊ တာဝန်ယူမှု တာဝန်ခံမှု မရှိဘဲ ဖြစ်နေပြီး တရားဥပဒေ စိုးမိုးမှုမှာလည်း အားနည်းချက်တစ်ရပ် ဖြစ်နေသည်ဟု သမ္မတရုံးဝန်ကြီး ဦးလှထွန်းက မေ ၂၃ ရက်တွင် ပြောဆိုလိုက်သည်။
“ စီမံကိန်းများနဲ့ လုပ်ငန်းအစီအစဉ်တွေ အကောင်အထည်ဖော်ရာမှာ ထိရောက်မှု အားနည်းခြင်းနှင့် နိုင်ငံဝန်ထမ်းများရဲ့ စွမ်းဆောင်ရည် ပြည့်ဝမှုမရှိခြင်း၊ ပွင့်လင်းမြင်သာမှုနဲ့ တရားဥပဒေစိုးမိုးမှု အားနည်းခြင်း၊ တာဝန်ယူမှု တာဝန်ခံမှု အားနည်းခြင်း၊ ပြည်သူလူထု အပါအ၀င် သက်ဆိုင်သူအားလုံး ပူးပေါင်းဆောင်ရွက်မှု အားနည်းခြင်း၊ ဖွံ့ဖြိုးမှုအတွက် တပြေးညီ မျှတမှုရှိရန်
လိုအပ်ခြင်း၊ ဘဏ္ဍာရေးဆိုင်ရာ ဗဟိုဦးစီးစနစ် လျှော့ချရန် လိုအပ်ခြင်းနှင့် ဘဏ္ဍာရေးစီမံခန့်ခွဲမှု အားနည်းခြင်းများကို တွေ့ရပါတယ်” ဟု ဦးလှထွန်းက ပြောသည်။
နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ မြန်မာကွန်ဗင်းရှင်း ဗဟိုဌာနတွင် ပြုလုပ်သည့် အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲမှု မူဘောင် ရေးဆွဲရေးဆိုင်ရာ အကြံပြု အလုပ်ရုံဆွေးနွေးပွဲ မိန့်ခွန်းပြောကြားရာတွင် ပြောကြားလိုက်ခြင်း ဖြစ်သည်။
အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရာတွင် ဘဏ္ဍာရေးစီမံခန့်ခွဲမှု၊ ဘတ်ဂျက်အသုံးစရိတ်နှင့် အခွန်ဆိုင်ရာ စီမံခန့်ခွဲမှုများပါ လုပ်ဆောင်လျက်ရှိသည်ဟု ဆိုသည်။ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများ ၏ အုပ်ချုပ်မှု စီမံခန့်ခွဲမှု အားကောင်းစေရေးအတွက် ပြည်ထောင်စုအစိုးရက သက်ဆိုင်ရာ ဒေသန္တရများကို လုပ်ပိုင်ခွင့်ခွဲဝေမှု၊ တာဝန်ခံမှု၊ တာဝန်ယူမှုများကို လွှဲပြောင်းပေးအပ်ခြင်း နည်းလမ်းများ ကျင့်သုံးလျက် ရှိသည်ဟုလည်း ပြောသည်။
“အခုလို ဆောင်ရွက်ရာမှာ သက်ဆိုင်ရာနယ်မြေဒေသရဲ့ နောက်ခံအခြေအနေ၊ ယဉ်ကျေးမှု သမိုင်းကြောင်း၊ လူဦးရေ၊ သယံဇာတနဲ့ စီးပွားရေး အခြေအနေအပေါ် မူတည်ပြီး အနည်းငယ် ကွဲပြားခြားနားနေမှုကြောင့် စိန်ခေါ်မှုများကို တွေ့ကြုံရပါတယ်" ဟု ၎င်းက ပြောသည်။
အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲမှု ကနဦး ဆောင်ရွက်မှုများအဖြစ် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၊ ပြည်ထောင်စု ဝန်ကြီးဌာနများမှာလည်း အသီးသီးဆောင်ရွက်ရာတွင် မဟာဗျူဟာ မှတ်တမ်းတစ်ခုတည်းတွင် ဖော်ပြနိုင်ရန် အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲရေး မူဘောင်တစ်ရပ် ရေးဆွဲရန် လိုအပ်လျက်ရှိသည်ဟု ဆိုသည်။
“မူဘောင် (Framework) တစ်ခု ရှိမှသာ ဘယ်လုပ်ငန်းများကို ဦးစားပေး လုပ်ဆောင်သင့်တယ်၊ ဘယ်လောက် အောင်မြင်တယ်၊ ဘယ်ကဏ္ဍတွေမှာ ဘာတွေလိုနေသေးလဲ စတာတွေကို ရှင်းရှင်းလင်းလင်း ပိုမိုသိရှိနိုင်ပြီး ကြီးကြပ်ကွပ်ကဲနိုင်မှာ ဖြစ်ပါတယ်” ဟု ပြည်ထောင်စု ဝန်ကြီး ဦးလှထွန်းက ပြောသည်။
အုပ်ချုပ်ရေးပြုပြင်ပြောင်းလဲမှု မှုဘောင်ရေးဆွဲရေးဆိုင်ရာ အကြံပြု အလုပ်ရုံဆွေးနွေးပွဲမှာ တိုင်းပြည်၏ အနာဂတ်အတွက် ရေရှည်ခိုင်မာသည့် အခြေခံကောင်းတစ်ရပ်ကို ဖော်ထုတ်ချမှတ်နိုင်ရန် ရည်မှန်းဆောင်ရွက်ခြင်းဖြစ်သည်ဟု ဆိုသည်။ အဆိုပါဆွေးနွေးပွဲကို မေ ၂၃ ရက်နှင့် မေ ၂၄ ရက်များတွင် သက်ဆိုင်ရာ အဖွဲ့အစည်းများ၊ ပညာရှင်များ၊ နိုင်ငံတကာပညာရှင်များဖြင့် ဆွေးနွေးဆောင်ရွက်သွားမည် ဖြစ်သည်။
Credit - Mizzima News
No comments:
Post a Comment