Written by မောင်မှန်
ကိုရီးယား ချေးငွေ ဒေါ်လာ ၁၃၇ သန်းနဲ့ ရန်ကုန်မြို့တော်နဲ့ ဒလမြို့အကြား မြန်မာ- ကိုရီးယား ချစ်ကြည်ရေး တံတားဆောက်ဖို့
ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်လွင်က ပြည်ထောင်စုလွှတ်တော်မှာ တင်ပြလာပါတယ်။
ရန်ကုန်နဲ့ဒလ တံတားထိုးမယ်ဆိုတဲ့ သတင်းဟာ ဒီမတိုင်ခင် ကတည်းက ခဏခဏ ထွက်လေ့ရှိပါတယ်။ ဒီလိုထွက်လေတိုင်း ဒလမြေဈေးဟာ ခုန်ခုန်တက်ပါတယ်၊ နည်းနည်း ကြာသွားလို့ ဘာမှ မဖြစ်ရင် ပြန်အေးသွားပြန်ပါတယ်။ တံတားစီမံကိန်းဟေ့ဆိုရင် ခုန်တက်ပြီး စီမံကိန်း ပျက်ပြီဆိုရင် ပြန်ခုန်ဆင်းပါတယ်။ အခု ခုန်တက်ရမယ့် အလှည့်ပါ။
တလောက ရန်ကုန်မြို့သစ် စီမံကိန်းဆိုပြီး ခွင်အကြီးကြီးတစ်ခုပေါ်ပါတယ်။ နောက်ဝိုင်းဝန်း ဝေဖန်တိုက်ခိုက်လိုက်ကြလို့ ပျက်ပါတယ်။ မြို့သစ်စီမံကိန်း ဧရိယာထဲက မြေဈေးတွေဟာ ဒလမြေဈေးတွေ အတိုင်း ခုန်တက်၊ ခုန်ဆင်းတွေ ဖြစ်ပါတယ်။ မောင်မှန်တို့ စစ်အစိုးရကာလတွေတုန်းကလည်း ဒီလိုပါပဲ။ ဘယ်နေရာမှာဖြင့် ရန်ကုန်ဘူတာကြီး အသစ်ဆောက်ဖို့ စီမံကိန်း၊ ဘယ်နေရာမှာဖြင့် ဘာဈေးသစ်ကြီး စီမံကိန်းစသဖြင့် အသံထွက်လာရင် အဲဒီနေရာဝန်းကျင်က မြေဈေးဟာ ခုန်တက်တော့တာပါ။ ဝယ်လိုအားကလည်း ချက်ချင်း မြင့်တက်လာတော့တာကိုး၊ နောက်ပြီးတော့လည်း ပြီးသွားပြန်တာပဲ။
စစ်အစိုးရခေတ်ကတော့ လွှတ်တော်တွေ ဘာတွေမရှိလေတော့ ဒီလိုစီမံကိန်းသတင်းတွေဟာ အထက်ပိုင်းကနေ အောက်ခြေကို ဆင်းလာတတ်ပြီး ကောလဟလ အသွင်ဖြစ်ပါတယ်။ ဒီဘက်ပိုင်းမှာကျ လွှတ်တော်ရှိလာတဲ့အတွက် လွှတ်တော်တင်တဲ့အခါ ပြည်သူတွေသိရပါတယ်။ ဒါပေမဲ့ လွှတ်တော်မတင်ခင် ကတည်းကကိုပဲ လှုပ်လှုပ် လှုပ်လှုပ်ဖြစ်တာများပါတယ်။ ဟုတ်ပါပြီ၊ မောင်မှန်ပြောလိုရင်းက ဒီလိုတွေ ဖြစ်လေတိုင်း ဘယ်သူတွေ အကျိုးအမြတ်ရှိသွားသလဲဆိုတဲ့ ကိစ္စပါ။ ဆန်းစစ်ကြည့်ရအောင်ပါ ခင်ဗျာ။
စစ်အစိုးရလက်ထက်မှာ စီမံကိန်းတစ်ရပ် အကောင်အထည်ဖော်မယ်ဆိုရင်၊ စီမံကိန်းအတွက် စတင် စဉ်းစားတယ်ဆိုရင် ပထမဆုံး စသိတာ စစ်အစိုးရအဖွဲ့ဝင်တွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေပါ။ ဒီတော့ စီမံကိန်း ဝန်းကျင်တဝိုက်မှာ မြေကွက်တွေကို ဈေးပေါပေါနဲ့ စတင်ဝယ်ယူသိမ်းပိုက်လိုက်တာလည်း သူတို့ပါပဲ။ ဒီမှာတင် ကျန်သူတွေက ဓာတ်ပေါက်လာပြီး အလုအယက်လိုက်ဝယ်၊ ဒီမှာတင် မြေဈေးက တက်ပါရော၊ စီမံကိန်း အကောင်အထည် ဖော်ဖြစ်ရင်လည်း မြေကွက်က ရွှေထွက်ပြီပေါ့။
စီမံကိန်း ပျက်တော့မယ် ဆိုရင်လည်း အာဏာပိုင် အသိုင်းအဝိုင်းကပဲ စသိတာလေ၊ အဲဒီအရေးစသိတာနဲ့ ကိုယ့်လက်က မြေကွက်တက်ဈေးနဲ့ ပြန်ရောင်းလိုက်ရုံပဲ။ မသိတဲ့ သူတွေက ဝယ်မှာပဲ။ ဘယ်လိုမှကို ရှုံးစရာမရှိဘူး၊ အမြတ်ချည်းပဲ၊ နည်းနည်းမြတ်တာနဲ့ များများမြတ်တာပဲကွာမယ်။
ဒီဘက်ခေတ်ကျ မြေကွက်ဇယားတွေဟာ ခရိုနီတွေ၊ နိုင်ငံခြားသားတွေပါ ပတ်သက်လာတဲ့အတွက် ပိုရှုပ်ထွေးလာတယ်။ အလျော်အစား ကြီးလာတယ်။ မကြာသေးခင်က ရန်ကုန်မြို့သစ် စီမံကိန်းဆိုရင် ဘယ်သူတွေ အထုပ်ပိုက်သွားသလဲ ဆိုတော့ မောင်မှန်သိသလောက် အရင်လူတွေ အရင်နည်းနဲ့ ပိုက်သွားတာပါပဲ။ အခုလည်း လာပြန်ပြီး ဒလတံတား ဖြစ်မလား၊ ပျက်မလား အပြတ်မပြောနိုင်သေးဘူး။ ဖြစ်ပျက်တရားကတော့ ရှေ့မှာလည်း သုံးလေးခါဖြစ်ခဲ့ပြီးပြီ၊ ဖြစ်ဖြစ်ပျက်ပျက် သူတို့ အကွက်ဆိုက်တာချည်းပါ ခင်ဗျာ၊ မောင်မှန်တို့ အောက်ခြေလူထုကတော့ ခံပြီးရင်းခံ၊ သူတို့ကလည်း နှံပြီးရင်းနှံပါပဲ။
မြေကိစ္စပြီးတော့ ယာကိစ္စ ဆက်ကြရအောင်ပါ။ လယ်ယာမြေ အခြေခံတဲ့ နိုင်ငံတစ်နိုင်ငံမှာ လယ်သိမ်း၊ ယာသိမ်း ကိစ္စတွေ ခုထိ အတောမသတ်နိုင်သေးတာ၊ ပြန်လည်စွန့်လွှတ်တယ်ဆိုတဲ့ လယ်ယာ အတော်များများလည်း မူလပိုင်ရှင်တွေ လက်ထဲပြန်မရောက်နိုင်သေးတာ အတော်ဆန်းပါတယ်။ ဒီမိုကရေစီ အရပ်သားအစိုးရ အုပ်ချုပ်နေတာလို့ အာဏာပိုင်များက ပြောပြောနေလို့ပါ။ ဒီမိုကရေစီ အစိုးရဆိုရင် လယ်ယာမြေ ပြဿနာဟာ ထိုက်သင့်သလောက်တော့ ပြေလည်မှုရရမှာပေါ့ဗျာ။ ဟုတ်ဖူးလား။
ခုတော့ တခြားသူတွေကို မဆိုထားနဲ့ အာဏာရ ပြည်ခိုင်ဖြိုး ဒီမိုကရေစီအစိုးရရဲ့ ပါတီဝင်တွေရဲ့ လယ်ယာပြဿနာတောင် ပြေလည်မှု မရဘူး၊ ပဲခူးတိုင်း အနောက်ပိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ္တလင်းမြို့နယ်အတွင်းမှာရှိတဲ့ ပြည်ခိုင်ဖြိုးပါတီဝင် လယ်သမား ၃၀ ဦး ပါတီက နှုတ်ထွက်ပြီး ၉၀ ဦးလောက်က စိစစ်ဆဲ ပါတီဝင်လျှောက်လွှာများကို ပြန်လည်တောင်းယူခဲ့တယ်လို့ သိရပါတယ်။ ပါတီက ထွက်ကြတဲ့ ကိစ္စနဲ့ ပတ်သက်လို့ အောင်ချမ်းသာကျေးရွာမှ ဦးအေးသန်း ပြောတာက “အဓိက ထွက်ရတဲ့ အကြောင်းကတော့ ကိုယ့်ပါတီဝင်တွေရဲ့ ကောင်းကျိုးကို လုပ်ဆောင်မပေးဘူး။ မဝင်ခင်က သိမ်းဆည်းခံ လယ်ယာမြေတွေ ပြန်လည်ရရှိရေးအတွက် ဘယ်နေရာမှာပဲ ဖြစ်ဖြစ် အကူအညီပေးမယ်။ လုပ်ပေးမယ်ဆိုပြီး တကယ်တမ်းမှာ လုပ်ပေးတာမရှိဘူး။ သူတို့ ပါတီဝင်အရေအတွက်တိုးဖို့ကိုပဲ ကြည့်နေတယ်။ အဲဒါကြောင့် ပါတီဝင်လုပ်မနေတော့ဘဲ ဒီနေ့ထွက်ဖို့ လာရောက်ရတာဖြစ်တယ်” လို့ ပြောပါတယ်။ ပြည်ခိုင်ဖြိုးပါတီ အောက်ခြေမှာတောင် အဆင်မပြေပါဘူး။ လယ်သိမ်းခံ လယ်သမားတွေဟာ ဟိုလူ့ အဖေခေါ်ရနိုးနိုး၊ ဒီလူ့ အဘခေါ်ရနိုးနိုး ဘဝမျိုး ရောက်နေကြရရှာပါပြီ။
တစ်ခါ လယ်သိမ်းခံရတာကို လျော်ကြေးပေးပြီး သိမ်းတာလို့ သိမ်းတဲ့တပ်က ပြောလို့မို့ လယ်သိမ်းခံ လယ်သမားတွေက သတင်းစာရှင်းလင်းပွဲလုပ်ဖို့ မြို့နယ်အုပ်ချုပ်ရေးမှူးကို တင်တယ်။ အုပ်ချုပ်ရေးမှူးက ခွင့်မပြုဘူး။ ဥပဒေဘောင်လို့ ပြောပြောနေတဲ့အထဲက လုပ်ဖို့ ကြိုးစားတာပဲ။ ဒါကို ခွင့်မပြုဘူး။ ဘယ်လိုလုပ်ရမလဲ။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့မှာ ဖြစ်တာပါ။ ခမရ (၄၄၂) က တပ်ပိုင်မြေအဖြစ် သတ်မှတ်ထားတဲ့ (သိမ်းထားတဲ့) လယ်မြေတွေပေါ်မှာ ထွန်ယက်စိုက်ပျိုးရင် ဥပဒေအရ အရေးယူမယ်လို့ မူလပိုင်ရှင် တောင်သူတွေကို သတိပေးလာလို့ တောင်သူတွေဘက်က တုံ့ပြန်ရတာပါ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး လယ်သိမ်းခံ တောင်သူ ခွန်လွင်ဌေးက “ ခွင့်ပြုချက်ရဖို့ သွားပြောတော့ အုပ်ချုပ်ရေးမှူးက ခွင့်မပြုနိုင်ဘူး ပြောတယ်။ သတင်းစာရှင်းလင်းပွဲ လုပ်တာက ခန်းမထဲမှာ အေးအေးဆေးဆေး လုပ်မှာလေ။ တပ်ရင်းမှူးအမိန့်နဲ့ တောင်ယာမလုပ်ဖို့ စာထုတ်လာတော့ တပ်ကိုပါ ဖိတ်ထားတယ်။ ဒီတောင်ယာ မြေတွေကို တပ်ကလျော်ကြေးတွေ ပေးခဲ့တယ်လို့ ပြောခဲ့တာကို တောင်သူတွေ တစ်ဦးမှ မရကြောင်း တပ်ကိုပါ ရှင်းပြချင်လို့ ဖိတ်တာပါ။ ဒီမိုကရေစီခေတ်လို့လည်း ဆိုသေးတယ်၊ ခန်းမထဲ သတင်းစာရှင်းလင်းပွဲတောင် မလုပ်ရဘူးဆိုတော့ အတုအယောင်မှန်း သိသာပါတယ်။ ဒီတောင်ယာတွေက ငါတို့ မြေစစ်စစ်တွေပါ၊ ငါတို့ ဘယ်သူ့မြေမှ မလုဘူး” လို့ပြောပါတယ်။
လျော်ကြေးပေးခဲ့တယ်လို့ ပြောခဲ့တဲ့ တပ်ကို လျော်ကြေးမရကြောင်း ပြောဖို့ ရှင်းလင်းပွဲလုပ်တဲ့ သဘောပဲ၊ အမှန်တရားကို တည့်တည့် ရင်မဆိုင်နိုင်ကြဘူးထင်တယ်။ သတင်းစာရှင်းလင်းပွဲလေးတောင် လုပ်ခွင့်မပေးနိုင်ကြဘူး။ ဒီမိုကရေစီခေတ်ဆိုတာ ဒါပါပဲ ခင်ဗျာ။ ဥပဒေဘောင်၊ ဥပဒေဘောင်နဲ့ တဘောင်တည်း ဘောင်ပြီး ဘောင်ဘောင်ဖောက်နေတဲ့ မောင်မှန်တို့ အမေလည်း အကြံလေး ဘာလေး ပေးပါဦး။ လယ်လည်းအသိမ်းခံရ၊ ဒီဘဝတွေအတွက် ဘယ်ဘောင်ကနေ ဘယ်လို ဘောင်ဘောင်ဖောက်ရမှာလဲဆိုတာ နည်းပေးလမ်းပြပါဦး အမေ ခင်ဗျာ။ ဒီတောင်ယာတွေဟာ ငါတို့ မြေစစ်စစ်တွေပါ။ ငါတို့ ဘယ်သူမြေမှာ မလုဘူးတဲ့၊ တောင်သူတွေရဲ့စကား အမေနားမှာ ခါးနေမလားတော့ မသိဘူး။
ကမ်းကုန်လမ်းဆုံး ရောက်နေတဲ့ တောင်သူလယ်သမားဦးကြီးများရဲ့ နောက်ဆုံး ရွေးချယ်စရာကတော့ ကိုယ့်ကိုယ်ကိုယ် မီးရှို့ဆန္ဒပြတာပါပဲ။ ဗမာပြည်မှာ ဈေးဦးပေါက်သွားပါပြီ။ တုန်လှုပ်ချောက်ချားစရာကြီးပါ။ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ကွန်လုံကျေးရွာအုပ်စု၊ ရေပူကျေးရွာက ဦးမြင့်အောင်ဟာ မေ ၂၁ ရက်မှာ မီးရှို့ဆန္ဒပြခဲ့ပြီး မေ ၂၂ ရက်မှာ ကွယ်လွန်သွားခဲ့ပါပြီ။ ရပခ တပ်မှ သိမ်းထားတဲ့ မြေတွေ ပြန်ပေးပါဆိုတဲ့ စာတစ်စောင် ကိုလည်း နောက်ဆုံး ရေးသားသွားခဲ့ပါသတဲ့။ ဒီမိုကရေစီ ခေတ်ကြီးမှာ၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလကြီးမှာ တကယ်ဖြစ်ခဲ့ပါပြီ၊ ထူးဆန်းတာက ချောက်ချားဖွယ် ဒီဖြစ်ရပ်ကြီးအပြီးမှာ လစ်ဘရယ်ဒီမိုကရေစီ အင်အားစုတွေရဲ့ အသံဟာ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်မလာတာပါပဲ။ နိုင်ငံတကာကလည်း မသိသလိုပါပဲ။ လယ်သမားတွေရဲ့ဘဝ တွင်းဆုံးကျနေပလားတော့ မသိပါဘူး ခင်ဗျာ။
Credit - Mizzima News
No comments:
Post a Comment