![]() |
မြန်မာ့နောက်ဆုံးလူဦးရေစာရင်း ထုတ်ပြန်သည့် အခမ်းအနားကို မေ ၂၉ရက်က နေပြည်တော်တွင် ပြုလုပ်စဉ်။ (ဓာတ်ပုံ-စိုးသန်းလင်း) |
ရန်ကုန် (မဇ္ဈိမ) ။ ။ လူမျိုးဦးရေနှင့် ဘာသာကိုးကွယ်မှု ဦးရေစာရင်းကို ၂၀၁၆ ခုနှစ် နှစ်ဆန်းပိုင်းမှာသာ ထုတ်ပြန်ကြေညာမည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက မေလ ၂၉ ရက်က နေပြည်တော်တွင်ပြုလုပ်သည့် ၂၀၁၄ခုနှစ် မြန်မာနိုင်ငံလူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအကြောင်း ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
ဦးခင်ရီက “သန်းခေါင်စာရင်းမှာ ပါဝင်သင့်တဲ့လူမျိုးနဲ့ကိုးကွယ်တဲ့ဘာသာ ဦးရေစာရင်းကို ကောက်ယူနေဆဲဖြစ်လို့ ၂၀၁၆ ခုနှစ် နှစ်ဆန်းပိုင်းမှာ ထုတ်ပြန်ပေးသွားမှာပါ” ဟု ပြောသည်။
ဂဏန်းသင်္ကေတတင်ရန် လိုအပ်သော အချက်အလက်များကို ညှိနှိုင်းဆွေးနွေးရန် လိုအပ်သေးသဖြင့် ၂၀၁၆ ခုနှစ် နှစ်ဆန်းပိုင်းကျမှ ထုတ်ပြန်ခြင်းဖြစ်သည် ဟု ၎င်းက ပြောသည်။
မေ ၂၉ရက်တွင် ထုတ်ပြန်သည့် နောက်ဆုံးလူဦးရေစာရင်းသည် ရှေ့ပြေးထုတ်ပြန်ထားသည့် စာရင်းထက် လူဦးရေး ၇ သောင်းကွာဟနေပြီး ၅၁ ဒဿမ ၄၈သန်း ရှိသည်။ ၂၀၁၄ခုနှစ် သြဂုတ်လ ၃၁ရက်ထုတ်ပြန်သည့် စာရင်းတွင် မြန်မာနိုင်ငံ၏ လူဦးရေသည် ၅၁ ဒဿမ ၄၂ သန်းဖြစ်သည်။
ကောက်ယူထားသည့် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံ၏ စုစုပေါင်းလူဦးရေသည် ၅၁ သန်းကျော်( ၅၁,၄၈၆,၂၅၃) ရှိပြီး ယင်းကိန်းဂဏန်းတွင် ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်ရှိ စာရင်းမကောက်ယူနိုင်သည့် ဒေသအချို့၏ ခန့်မှန်းလူဦးရေ တစ်သန်းကျော်( ၁,၂၀၆, ၃၅၃) ပါဝင်သည်။
သန်းခေါင်းစာရင်းအရ အမျိုးသားဦးရေမှာ ၂၄ သန်းကျော် (၂၄,၈၂၄,၅၈၆) ဦးရှိပြီး အမျိုးသမီး ဦးရေမှာ ၂၆ သန်းကျော် ( ၂၆, ၆၆၁,၆၆၇) ဖြစ်သည်။
လူဦးရေအများဆုံးဒေသမှာ ရန်ကုန်တိုင်းဒေသကြီးဖြစ်ပြီး မြန်မာနိုင်ငံလူဦးရေ၏ ၁၄ ရာခိုင်နှုန်း နေထိုင်နေကြသည်။ ဒုတိယ လူဦးရေအများဆုံး တိုင်းဒေသကြီးမှာ ဧရာဝတီတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးဖြစ်ပြီး မြန်မာနိုင်ငံလူဦးရေ၏ ၁၂ ရာခိုင်နှုန်း နေထိုင်သည်။
ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့သည် လူဦးရေအကျဲပါးဆုံး ဖြစ်သည်။ သန်းခေါင်စာရင်အရ မြန်မာနိုင်ငံ၏ လူဦးရေးသိပ်သည်းဆမှာ တစ်စတုရန်း ကီလိုမီတာတွင် ၇၆ ဦးနေထိုင်သည်။
ကောက်ယူထားသော သန်းခေါင်စာရင်း၏ ကိန်းကဏာန်းများအရ မြန်မာနိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းမှာ ကျေးလက်ဒေသတွင် နေထိုင်ပြီး ကျန် ၃၀ ရာခိုင်နှုန်းမှာ မြို့ပြတွင်နေထိုင်ကြသည်။
ယင်းအပြင် မြန်မာနိုင်ငံ လူဦးရေတွင် အလုပ်လုပ်နိုင်သော လူဦးရေ၏ ၄ရာခိုင်နှုန်းသည် အလုပ်လက်မဲ့ဖြစ်နေသည်ဟုလည်း ဦးခင်ရီကပြောသည်။
ပြည်လုံးကျွတ်လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို ၂၀၁၄ခုနှစ် ဧပြီလတွင် ကောက်ယူခဲ့ပြီး နှစ်ပေါင်း ၃၀ကျော်အတွင်း ပထမဆုံးအကြိမ် ပြန်လည်ကောက်ခံခြင်းလည်း ဖြစ်သည်။ မြန်မာနိုင်ငံတွင် နောက်ဆုံးကောက်ယူခဲ့သည့် သန်းခေါင်စာရင်းမှာ ၁၉၈၃ခုနှစ် သန်းခေါင်စာရင်းဖြစ်သည်။
Credit - Mizzima News
No comments:
Post a Comment