Tuesday, May 26, 2015

သမ္မတ ခွင့်ပြုချက်မလိုဘဲ ပြည်နယ်နှင့် တိုင်း ဝန်ကြီးချုပ် ခန့်အပ်နိုင်ရေး အင်န်ဘီအက်ဖ် တောင်းဆို

ရန်ကုန် (မဇ္ဈိမ)။ ။ ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ ဝန်ကြီးချုပ် ခန့်အပ်နိုင်မှုကို နိုင်ငံတော် သမ္မတ ခွင့်ပြုချက် မလိုဘဲ သက်ဆိုင်ရာ လွှတ်တော်ကသာ ရွေးချယ်တင်မြောက်နိုင်ရန် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ (၂၆၁) ကို ပြင်ဆင်ပေးရန် ညီနောင် တိုင်းရင်းသား ပါတီများ ဖက်ဒရေးရှင်း (NBF) ၏ ၂၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေးမှ သဘောထားကြေညာချက် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ပုဒ်မကို ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကာလမတိုင်မီ ပြင်ဆင်ပေးရန် အလေးအနက် တိုက်တွန်းသည် ဟုလည်း ထုတ်ပြန်ကြေညာချက်တွင် ထည့်သွင်းတောင်းဆိုထားသည်။

NBF အဖွဲ့ဝင် ဖက်ဒရယ် ပြည်ထောင်စုပါတီ ဒု-ဥက္ကဋ္ဌ (၂) ဖြစ်သူ ဦးစောသန်းမြင့်က “ကျွန်တော်တို့က ၀န်ကြီးချုပ်ရာထူးကို သမ္မတ ရွေးချယ်ထားတဲ့သူကို လွှတ်တော်က အတည်ပြုပေးတာကို လက်မခံပါဘူး။ သက်ဆိုင်ရာ လွှတ်တော်ကသာ ၀န်ကြီးချုပ်ကို ရွေးချယ်ပေးနိုင်ဖို့ တောင်းဆိုတာပါ” ဟု ပြောသည်။

သက်ဆိုင်ရာ လွှတ်တော်က ဝန်ကြီးချုပ်များကို ရွေးချယ်ခြင်းဖြင့် တိုင်းနှင့် ပြည်နယ် အကျိုးအတွက် လုပ်ဆောင်မည့် ပြည်နယ်နှင့် တိုင်းဝန်ကြီးချုပ်များ ထွက်ပေါ်လာနိုင်သည်ဟုလည်း ၎င်းက ဆိုသည်။

ယင်းအတွက်ကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ ပုဒ်မ ၂၆၁ အနက် ပုဒ်မခွဲ (ခ)ကို ပြင်ဆင်ပေးစေ လိုခြင်း ဖြစ်သည်ဟုလည်း ဦးစောသန်းမြင့်က ဆိုသည်။

၂၀၀၈ အခြေခံဥပဒေပါ ပုဒ်မ ၂၆၁(ခ) တွင် နိုင်ငံတော် သမ္မတ၌ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရန် (၁) သက်ဆိုင်ရာ တိုင်းဒေသကြီး၊ သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များထဲက သက်မှတ်ထားသည့် အရည်အချင်းများနှင့် ပြည့်စုံသော သင့်လျော်သည့် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးအား ရွေးချယ်ရမည်၊ (၂) ရွေးချယ်ထားသည့် လွှတ်တော်ကိုယ်စားလှယ်၏ အမည်စာရင်းကို သက်ဆိုင်ရာတိုင်းဒေသကြီး၊ သို့မဟုတ် ပြည်နယ်လွှတ်တော်သို့ ပေးပို့လျက် သဘောတူညီချက်ရယူရမည်ဟု ဖော်ပြထားသည်။

NBF ၏ ထုတ်ပြန်ကြေညာချက်တွင် တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးဆိုင်ရာ သဘောတူညီချက် စာချုပ် အမြန်လက်မှတ်ရေးထိုးနိုင်ရန်၊ နိုင်ငံရေးဆွေးနွေးမှု မူဘောင် အမြန်ဆုံးရေးဆွဲရန်နှင့် ရွေးကောက်ပွဲ မတိုင်ခင် နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးပွဲကျင်းပရန် သက်ဆိုင်ရာအဖွဲ့အစည်းများကို တိုက်တွန်းထားသည့်အပြင် NBF အဖွဲ့ဝင်ပါတီများက ရွေးကောက်ပွဲတွင် မြို့နယ်ပေါင်း ၁၆၀ နှင့် တိုင်းရင်းသားရေးရာ ၀န်ကြီးနေရာ အားလုံးတွင် ၀င်ရောက်ယှဉ်ပြိုင် ရွေးချယ်ခံမည်ဟု ဖော်ပြထားသည်။

ယင်းအပြင် ရွေးကောက်ပွဲကို ပြည်ထောင်စုအစိုးရနှင့် ရွေးကောက်ပွဲ ကော်မရှင်တို့၏ ကတိအတိုင်း သက်မှတ်ကာလအတွင်း တရားမျှတ၍ ပွင့်လင်းမြင်သာစွာ ကျင်းပပေးရန်လည်း ကြေညာချက်တွင် ပါဝင်သည်။


Credit - Mizzima News

No comments:

Post a Comment