နေပြည်တော်၊ မေ ၂၅ ။ ။ ၂၀၁၅ မတ်လ ၁၂ ရက်၌ နေပြည်တော်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ ခွဲရုံးက ပထမဆုံး ထုတ်ပြန်ခဲ့သော အခြေခံမဲဆန္ဒရှင် စာရင်း တွင် နေပြည်တော်ကောင်စီနယ်မြေရှိ မြို့နယ်အချို့မှ ထပ်မံပေးပို့ လာသည့် ၁၂၀၀ ဦးခန့် ထပ်တိုးကာ ၆၁၄,၈၂၆ ဦးဟု အတည်ပြုပြီး နေပြည်တော်မြို့နယ် ရှစ်မြို့ နယ်တွင် မေ ၂၅ရက်က ထုတ်ပြန်လိုက်သည်။
နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်မှ ၆၈၆ ဦး၊ ဇမ္ဗူသီရိမြို့နယ်မှ ၁၁၉ ဦး၊ လယ်ဝေးမြို့နယ်မှ ၄၂၄ဦးတို့ ထပ်မံထည့်သွင်းပြီးနောက် မေလ ၁၅ ရက်တွင် အတည်ပြုခဲ့ခြင်း ဖြစ်သည်။ ယင်းအတည်ပြုချက်ကို နေပြည်တော် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ ခွဲက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ထံ ပေးပို့ ခဲ့ပြီးနောက် မေ ၂၅ရက် နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေရှိ မြို့နယ်များ၌ အများပြည်သူ သိရှိနိုင်ရန် စတင်ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
ထုတ်ပြန်သည့် စာရင်းများတွင် ဥတ္တရခရိုင်၌ တပ်ကုန်းမြို့နယ်တွင် ၁၅၀,၁၇၅ ဦး၊ ဇေယျာသီရိမြို့နယ်တွင် ၄၉,၈၁၀ ဦး၊ ပုဗ္ဗသီရိမြို့နယ်တွင် ၄၈,၀၂၄ ဦး နှင့် ဥတ္တရသီရိမြို့နယ်တွင် ၃၇,၂၈၈ ဦး စုစုပေါင်း ၂၈၅,၂၉၇ ဦးရှိပြီး ဒက္ခိဏခရိုင်၌ ပျဉ်းမနားမြို့နယ်တွင် ၁၁၁,၀၁၇ ဦး၊ လယ်ဝေးမြို့နယ်တွင် ၁၈၅,၅၈၇ ဦး၊ ဇမ္ဗူသီရိ မြို့နယ်တွင် ၁၆,၄၇၅ ဦး၊ ဒက္ခိဏသီရိမြို့နယ်တွင် ၁၆,၄၅၀ဦး စုစုပေါင်း ၃၂၉,၅၂၉ တို့ရှိကြရာ နေပြည်တော်ကောင်စီနယ်မြေ တစ်ခုလုံးတွင် အခြေခံ မဲဆန္ဒရှင် ဦးရေမှာ ၆၁၄,၈၂၆ ဦး ရှိကြောင်း ဖော်ပြထားသည်။
အဆိုပါ အခြေခံမဲဆန္ဒရှင်စာရင်းသည် အိမ်ထောင်စုဇယားဟု ခေါ်သည့် ပုံစံ ၆၆ (၆)ကို အခြေခံ ပြုစု ထုတ်ပြန်ထားခြင်းဖြစ်ပြီး နေပြည်တော်တွင် ဧည့်စာရင်းဖြင့် လာရောက်နေထိုင် အလုပ်လုပ်နေသူများ မပါဝင်သေးကြောင်း သိရသည်။
နေပြည်တော်ရှိ ဆောက်လုပ်ရေးကုမ္ပဏီအချို့တွင် ရပ်ဝေးမှလာရောက်ပြီး ဧည့်စာရင်းဖြင့် နေထိုင် အလုပ်လုပ်သည့် ဦးရေမှာ ရာပေါင်းများစွာ ရှိခဲ့ရာ ပြီးခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲ၌ ထိုသူတို့အား မက်လုံးအချို့ပေးကာ လုပ်ငန်းရှင်က ဦးစီးလျက် အဓမ္မမဲပေးစေခြင်းများ ရှိခဲ့သဖြင့် လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် အလားတူကိစ္စမျိုး သတိထားသင့်သည်ဟု ဒေသခံတို့ က ပြောကြသည်။
Credit - Mizzima News
No comments:
Post a Comment