Sunday, May 24, 2015

နာဂသူပုန်များ အားလျော့သွားပြီဟု အိန္ဒိယစစ်တပ်ပြော

မြန်မာနိုင်ငံအတွင်း အခြေစိုက်လှုပ်ရှားနေသော နာဂခွဲထွက်ရေးသူပုန်များ၏ နောက်ထပ်တိုက်ခိုက်မှုမှန်သမျှကို နည်းလမ်းအသစ်များဖြင့် ထိရောက်စွာ ကိုင်တွယ်သွားမည်ဟု အိန္ဒိယထိပ်တန်း တပ်မှူးတစ်ဦးက ပြောကြားခဲ့သည်။

မြန်မာ နာဂသူပုန်ခေါင်းဆောင် အက်စ်အက်စ်ခက်ပ်လန် ဦးဆောင်သော အဖွဲ့သည် ယခုအခါ လူထုထောက်ခံမှု မရတော့သဖြင့် လှုပ်ရှားမှုများ နည်းသွားပြီး လုပ်ဆောင်နိုင်စွမ်း ကျဆင်းနေပြီဟု နာဂလန်းပြည်နယ်နှင့် အရှေ့မြောက် ပြည်နယ်များတွင် သောင်းကျန်းသူ နှိမ်နင်းရေး စစ်ဆင်မှုများတွင် တာဝန်ယူရပြီး အိန္ဒိယစစ်တပ်၏ ကိုဟီးမားအခြေစိုက် တပ်မကြီးသုံးခုကို ကွပ်ကွဲရသော ဒုတိယဗိုလ်ချုပ်ကြီး ဘီပင်ရာဝတ်က ပြောသည်။

"နာဂလန်းပြည်နယ်မှာ ပြည်သူတွေဟာ ငြိမ်းချမ်းရေးအရသာနဲ့ အသားကျနေတာ ၁၇ နှစ်လောက်ရှိပါပြီ။ သူပုန် အကြမ်းဖက်မှုတွေ ပေါ်လာမှာ မကြိုက်တော့ပါဘူး။ နောက်တစ်ကြိမ် စစ်ဆင်ရေးတွေထပ်လုပ်ရရင် သူတို့ရဲ့ပုံမှန်ဘ၀တွေ ကို ထိခိုက်မှာဖြစ်လို့ပါ။ ဒါ့ကြောင့် ခက်ပ်လန်ဟာ အထီးကျန်နေပါပြီ။" ဟု ဒုတိယဗိုလ်ချုပ်ကြီး ရာဝတ်က ပြောသည်။

ခက်ပ်လန်သည် စစ်ကိုင်းတိုင်းဒေသကြီးရှိ ၎င်း၏ အခြေစိုက်ဧရိယာထဲတွင် အာသံ၊ ဘိုဒိုနှင့် မဏိပူရ သူပုန်အဖွဲ့များကို ခိုလှုံခွင့်ပေးထားသည်ဟု ဒုတိယဗိုလ်ချုပ်ကြီးက ပြောသည်။

အခြားနာဂသူပုန်အဖွဲ့များနှင့် နိုင်ငံရေးအုပ်စုများမှာ ယခုအခါ ငြိမ်းချမ်းရေးနှင့် အသားကျနေပြီဖြစ်သဖြင့် နောက်ထပ်အကြမ်းဖက်မှုများ ပြုလုပ်ရန် ဆန္ဒမရှိတော့ဘဲ ခက်ပ်လန်၏ တိုက်ခိုက်ရေး သမားများကိုလည်း နာဂလန်ပြည်နယ်၏ အပြင်ဘက်၌သာ လှုပ်ရှားစေလိုသည့် ဆန္ဒရှိနေကြကြောင်းဆိုသည်။

အိန္ဒိယထောက်လှမ်းရေးက နာဂလွတ်လပ်ရေးကို တောင်းဆိုမှုအား လက်လျှော့လိုက်ပြီဖြစ်သည့် အခြားနာဂသူပုန် အဖွဲ့များကို အသုံးပြုပြီး ၎င်း၏တပ်ဖွဲ့ဝင်များကို ပိတ်ဆို့နေသည်ဟု ခက်ပ်လန်က အစောပိုင်း၌ ပြောကြားခဲ့သည်။

နာဂလန်းပြည်နယ်နှင့် အရှေ့မြောက်ဒေသများတွင် လွန်ခဲ့သည့် အပစ်အခတ်ရပ်စဲရေးကာလ ၁၇ နှစ်အတွင်း ပြည်သူများနှင့် ရင်းနှီးကျွမ်းဝင်မှုကို တည်ဆောက်နိုင်ခဲ့သည်ဟု ဒုတိယဗိုလ်ချုပ်ကြီး ရာဝတ်က ဆိုသည်။

ထို့အပြင် မကြာသေးခင်က ခက်ပ်လန်၏ တိုက်ခိုက်ရေးသမားများက အိန္ဒိယတပ်ဖွဲ့ဝင် ရှစ်ဦးကို သတ်ဖြတ်ခဲ့သည်။ အိန္ဒိယတပ်ဖွဲ့ဝင်များက ပြန်လှန်တိုက်ခိုက်ခဲ့ခြင်းမပြုခဲ့ပဲ ထိန်းသိမ်းနိုင်ခဲ့သဖြင့် ဒေသခံများက ခက်ပ်လန်အား အပစ်ရပ်စဲရေးကို ချိုးဖောက်သူဟု ရှုမြင်ပြီး အိန္ဒိယတပ်ဖွဲ့နှင့် ပူးပေါင်းမှုများရှိ လာသည်ဟုလည်း ရာဝတ်ကပြောသည်။


Credit - Mizzima News

No comments:

Post a Comment